၂၀၂၅ ၊ ဩဂုတ် ၁၆
၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ 'ဝေါဟာရနှင့် ဓမ္မအမြင်' စာအုပ်ရဲ့ မူရင်းပါဠိအမည်မှာ 'လေခရာသိကထာ' ဖြစ်ပါတယ်။ 'လေခရာသိ'ဟူသည် စာပေမှတ်စုဟူ၍ ဆိုထားသည့်အတိုင်း မှတ်စရာအဖုံဖုံ အမျိုးစုံ ပါဝင်နေပေလိမ့်မည်။ အရူးလွယ်အိတ် ပမာတည်း။ ဤစာပေမှတ်စုကို သင်လေ့လာခြင်းဖြင့် သင့်ဉာဏ်အတွင်း အလင်းများကျရောက်လာလျှင် ဤစာစဉ်သည် သင့်အတွက်ဖြည့်ကွက်တစ်ခုဟူ၍ သဘောပေါက်ထားပါလေ။ သို့တစေလည်း ဤစာစဉ်သည် သင့်အား ပေါရာဏ၊ ဝေါဟာရ စကား သင်ကြားပေးနေသည်ကား မဟုတ်ချေ}လို့ ဆရာတော်ကြီးက အမှာစကားဆို ထားပါတယ်။
နေ့စဉ်သုံးစကားလုံး ဝေါဟာရတွေထဲမှာ စိမ့်ဝင်နေတဲ့ တရားသဘောကို ထုတ်ဖော်ပြောကြားထားရာ 'စကားနောက်ကတရား မကြားသူရှိ၊ ကြားသူရှိ'လို့ ဆရာတော်ကြီးက ညွှန်းဆိုထားပါတယ်။ 'စကားတစ်လုံး တရားတစ်ပုဒ်'၊ 'စကားတစ်ခွန်း တရားအညွှန်း'လို့လည်း ဖော်ပြထားပါတယ်။ ဖွင့်ဆိုပုံ ထူးခြားတဲ့ စကားလုံးများထဲက 'ထိမိ'ဆိုတဲ့ ဝေါဟာရကို ဦးစွာတင်ပြလိုပါတယ်။
'သူ့အညှာထိ သူ့အရှိ မိနေတော့သည်သာ၊ ငါ့အညှာထိ င့ါအရှိ မိနေတော့သည်သာ။
အားပြည့်အင်ပြည့်အထိ တစ်ဖက်၏ အရှိသို့ ဖိမိစီးမိပြီး ဖြစ်သွားခြင်းကြောင့် လူသားတိုင်း၏ အညှာသည် နှလုံးသားမှာသာ တည်၏။ ပြင်ပခြေလက် ကိုယ်အင်္ဂါ အဆက်ဆက်တို့ကား နှလုံးသား၏ အစေအပါးမျှသာ။ ထိုနှလုံးသာ ခိုင်မာတောင့်တင်းရန်လို၏။ ယင်းအတွက် အချို့ကား သုတများဖြင့် ခိုင်မာတောင့်တင်းစေ၏။ အချို့ကား ကိုယ်တွေ့များဖြင့် ခိုင်မာတောင့်တင်းစေ၏။ သုတ၊ ကိုယ်တွေ့ ထိုနှစ်ခုလုံးပင် တစ်ဖက်၏ စိတ်နှင့် သန္တာန်တွင်း ချဉ်းနင်းဝင်ရောက်နိုင်စွမ်း မရှိကြလေရကား အဆိုးမြင်ရာ၌ ခိုင်မာတောင့်တင်းလာသလောက် အကောင်းထင်ရာ၌ကား ပျော့ညံ့ ငြိမ်သက်ကြရသည်သာ။'
'သင်သည် သင့်အညှာ သင်သိ၍ သင့်အရှိ အမြဲ မေးကြည့်နေစမ်းပါ။ ငါသည်လည်း ငါ့အညှာ ငါ ဖိလျက်က င့ါအရှိ အမြဲတွက်ဆနေသည်သာ။ ဤသို့သာ ကိုယ့်အရှိ ကိုယ်ကိုယ်တိုင်သိရန်အတွင်းရှိ အတွင်းသိဖြင့် လိုက်လံဖြည့်ဆည်း ကိုယ့်ကိုယ်ကိုယ်စနည်းနာပြီး သွားတော့လျှင်ကား ကိုယ့်အညှာ ကိုယ့်အရှိ မကြည့်ချင်လုံးလုံး မသိချင်အဆုံးတည်း။ သူ့အညှာ သူ့အရှိမကြည့် ချင်လုံးလုံး မသိချင် အဆုံးတည်း။ နာရီပြင်ဆရာသည် ကိုယ့်နာရီပျက် ပြင်ကြည့်ရာမှ ဆရာဖြစ်သွားသည် မဟုတ်လော။
'ထိုသို့ နှလုံးသားရေးရာ အညှာနှင့်အထာကို သိပိုင်ထားပြီးသူသည် ဘယ်သောအခါမှ သူ့အညှာ ထိ၍ သူ့အမိ ဖမ်းရန် မလုံးပန်းတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူ့အမိ ဖမ်းရင်းက ကိုယ့်အမိဖမ်းခြင်း ခံနေရသည်ကို တွေ့နေရသောကြောင့် ...။ ကြက်ကို အမိဖမ်း လျက်က ချက်စားသောသူအား ထိုကြက်၏ ဆွဲအားက ကြက်စွဲအဖြစ် ဖမ်းစားသည်ကို မုချခံရပေတော့မည်။ ယနေ့ သူ့မိ၍ ကိုယ့်ထိနေသော ဇာတ်လမ်းကား နေရာတကာ ပြသလျက်သာ။ ကာမဘုံဖွား လောကီသား အပေါင်းတို့ သင်တို့သည် ကာမအရာ၌ သူ့အညှာထိ သူ့အမိဖမ်းနေကြပါသလော။ ဓနအရာ၌ သူ့အညှာထိ သူ့အမိ ဖမ်းနေကြပါသလော။ ဝါဒရေးရာများ၌ သူ့အညှာထိ သူ့အမိဖမ်းနေကြပါသလော၊ မည်သည့်အညှာထိစေ၊ ထိသမျှ သူ့အညှာ၊ ကိုယ့်အညှာ အညှာနှစ်ဖက်သွားဖြင့် တအားညှစ်ဆွဲ ဆွဲရသည်ချည်းဖြစ်ရာ တော်ကြာ သူ့အညှာမထိ၊ ကိုယ့်အညှာထိ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မိ နုံးချည့်ချည့်ဖြင့် လုံးသမျှပန်း၊ ပန်းသမျှလုံး နှုတ်ခမ်းမလုံး နိုင်ကြဘဲ ဖြစ်ကြရမည်ဟရို့။' (စာ-၃၉)
နောက်ထပ် ရွေးချယ်ထားတဲ့ စကားလုံးကတော့ 'ဆူပူ' ဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ပတ်ဝန်း ကျင်ကို မြင်အောင်ပြပြီးမှ ဝေါဟာရရဲ့ ဓမ္မသဘောကို ဒက်ခနဲ ပြောလေ့ရှိပါတယ်။
'ဆူနေခြင်းသည် ထက်အောက်ဝန်းကျင်၏ ဒဏ်အပူလောင် ခံနေရခြင်းကြောင့်၊ ဖိုခွင်ပေါ်ရှိ ရေဖြည့်ထားသောအိုး ပွက်ပွက်ဆူနေခြင်းကို ကြည့်လျှင် သူ့အောက်ဝန်းကျင်ရှိ ထင်းမီးတို့၏ တို့မီးရှို့မီးအမြိုက်ဒဏ် အပူလောင်ခံနေရသည်ကို တွေ့နိုင်၏။
လူ့လောကရှိ သွေးအားပြည့် အရွယ်ရောက် လူသား၏ ပွက်ပွက်ဆူနေခြင်းကိုကြည့်လျှင်လည်း သူ့ပတ်ဝန်းကျင်ရှိ ဝတ္ထုအာရုံ ကာမဂုဏ်တို့ လောင်မြိုက် ခြင်းဒဏ် အပူလောင် ခံနေရခြင်းကြောင့်ဆိုသည်ကို သူ မပြောဘဲ အကဲကြည့် အတတ်သိနိုင်၏။ ရေနွေးဆူပွက် အပူတက်က နှုတ်သီးမငြိမ် ဖုံးမငြိမ် အရှိန်ပြင်းလျက် တကွက်ကွက်၊ လူသွေးဆူပွက် အပူတက်က နှုတ်လည်းကလက် စိတ်ကလက် ခြေလက်အစုံ သရမ်းလျက်။
လူတို့ သန္တာန်တွင် ကိုယ်ပူနှင့်စိတ်ပူဟူ၍ နှစ်မျိုးရှိချေရာ ကိုယ်၌ကိုယ်ကောင်ကြီး မပုပ်မသိုး နောက်မဆုတ်ရန်ထားသော အပူခိုးသတ္တိ၊ ကိုယ်ကောင်ကြီး ဖျားစေနာစေသည်။ အထိချေဖျက်တတ်သော အားလွန် အပူခိုးသတ္တိ၊ ကိုယ်ကောင်ကြီး ကျောက်၊ ဝက်သက် ထွက်စေသည်အထိ ဖျက်အား သန်လာသော အားလွန် အခိုးသတ္တိ၊ ကိုယ်ကောင်ကြီးသို့ သွင်းသမျှ အစာကြေ ညက်ရန်ချက် အားလုံး အပူခိုးသတ္တိ၊ ဤသို့လေးမျိုး ရှိချေရာ ဖျားစေနာစေ၊ ကျောက်ဝက်သက်ထွက်စေ အပူမျိုးကား အပူနောက် အဆူဖောက်လာခြင်းပင်။ ပူရုံမျှဆိုတော်၊ ဆူထလာလျှင် မသာပေါ်တော့သည်။ စိတ်၌ကား ကိလေသာ တစ်ဆယ့်တစ်မီး တညီးညီးဟည်း ထနေချေရာ သွေးပူရုံမျှဆိုသော် တော်သေး၊ သွေးဆူလာ ချေသော် ဘေးလူ မသက်သာဖို့ ကိန်းသေသည်။' (စာ-၄၉)
ကိုယ်ပူနှင့် စိတ်ပူတို့ဟာ အချင်းချင်း ဆက်သွယ်နေတယ်။ ကိုယ်ပူလျှင် စိတ်ဆူပွက်သကဲ့သို့ စိတ်ပူလာရင်လည်း သွေးဆူလာတတ်တယ်။ ကိုယ်ပူလွန်း စိတ်မွှန်၊ စိတ်ပူလွန် သွေးသွန်မည် ကိုယ်နှင့် စိတ်ချိတ်မိသွားရင် အပူနှင့်အဆူ အတူပေါင်းမိသွားရင် ဆူပူသောင်းကျန်းမှုကြီး ဖြစ်ပေါ်လာတော့ တယ်လို့ ဆိုပါတယ်။ ဖိုသောင်းကျန်းရင် မကဖမ်းမယ်၊ မသောင်းကျန်းရင် ဖိုကဖမ်းမယ်။ (သူပုန် သောင်းကျန်း တပ်ကဖမ်း၊ သူခိုးသောင်းကျန်း ရဲက ဖမ်းဖြင့် အဖမ်းမှန်သမျှ သောင်းကျန်း ဒဏ်နှိမ်နင်း ရန်ချည်းသာ) လို့ ဖော်ပြထားပါတယ်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ကျစ်လျစ်ထိမိတဲ့ စကားလုံးများနဲ့ အဆုံးသတ်ထားပါ တယ်။ 'ကာမဘုံဖွား လောကသားတို့ သင်တို့သည် ဉာဉ်ထန်မာန်ကြီး ကာမမီးခိုးအူနေလျှင် ပူရုံလေး ပူပါလေ။ အပူနောက် အဆူ မရောက်ကြပါစေနှင့်။ ကိုယ်ပူလိုက ပူပါလေ၊ စိတ်မဆူပါစေနှင့်၊ တစ်ဖန် စိတ်ပူလိုက ပူပါ စေ၊ သွေးဆူမလာပါစေနှင့်၊ အကယ်တိတိ ဉာဉ်ပူမထား စိတ်ထားမပြင် သွေးသွားကိုလည်း လမ်းထွင်ပေးနေခဲ့လျှင် သွေးဆူသူလည်းပျက် ဘေးလူလည်း မသက်သာ၊ ကြာသော် အသက်ပါ ပါကြရတော့မည်ဟရို့။' (စာ-၅၀)
'ကျေအေး'ဆိုတဲ့ စကားနောက်က တရား အထောက်အထားများမှာလည်း မှတ်လောက်သား လောက်အောင် ကလောင်စွမ်း ပြထားတယ်လို့ ဆိုနိုင်ပါ တယ်။
'အခဲမကျေ ရန်မအေး၊ တကွေ့ကွေ့ အပြေ ပေးရမည်။ အစွဲမကျေ ကံမအေး တရွေ့ရွေ့ပင် အနေပေးရသည်။ တစ်ဦးနှင့်တစ်ဦး သည်းမခံနိုင်ရာသို့ ကူးလူး၍ လွန်ကျူးမိချေသော် မကျေချမ်းနိုင်စရာသော အအေးအခဲများ ရိုးတွင်းခြင်ဆီပြည့် အကျိတ်စွဲနေချေတော့ရာ အချို့ ဝန်ချတောင်းပန်ရုံမျှဖြင့် ကျေအေးသွားသည်။ အချို့ ငွေဒဏ်ဆောင်မှ သောင်သာသည်။ အချို့အချို့ကား ကြိမ်ဒဏ်မှသည် ထောင်ဒဏ်၊ သေဒဏ်အထိ ကျခံပေးပြီးမှ ကျေအေးပြီး ပြေသွားတော့သည်။ သည့်ပမာလျှင် လူဖြစ်စေ၊ နတ်ဖြစ်စေ၊ သတ္တဝါ အစားစားဖြစ်စေ၊ တစ်ဦးထီးတည်း၌ပင် အာရုံကို ကိုင်စွဲလွန်ကျူးပွဲ များမှရခဲ့သော အတေးအစွဲများ၊ အချို့လက်မလွှတ်ချင် လောက်အောင် ကြိုက်လွန်လွန်း၍ အခဲတည်၊ အချို့ မကြည့်ချင်တော့ လောက်အောင် မုန်းလွန်လွန်း၍ အခဲတည်၊ အချို့ မသိကျိုးကျွန်ဖြစ်အောင် မိုက်မဲလွန်းလှ၍ အခဲတည် ...။
ထိုသို့ အခဲသုံးခဲတို့နှင့်အတူ မာနခဲ၊ ဒိဋ္ဌိခဲ၊ တဏှာခဲ စသည်စသည့် ကိလေသာ သံယောဇဉ်တရား ကိုယ်အကျိတ်အခဲများ တစ်ဘဝမျှမက၊ ဘဝကလည်း အဆက်ဆက် တစ်ကြိမ်မက အကြိမ်ပေါင်းကလည်း ထောင်းလမောင်းထ၊ စိတ်ဝယ် တည်ရှိနေချေတော့ရာ အေးသည် ဘယ်မရှိ အပူမိလျက်နေရပြီ။ ဟိုအစွဲအခဲမကျေ၊ သည်အစွဲ အခဲမကျေ၊ လျှောက်ထေ၊ မှောက်ထေ ထေပေးနေသော်မှလည်း မကျေ သေးချေပြီ။ ထမင်းပူယူစား၊ ခဏနှင့်ပင် ကျေသွားပါ၏။ လူချင်းပူ ယူစား တစ်ဘဝနှင့်လည်း မကျေ၊ နှစ်ဘဝ၊ သုံးဘဝတို့ဖြင့်လည်း မကျေ၊ စေတနာ၏ မာန် ခက်ထန်လွန်းသောကြောင့်တည်း။ အာရုံဆွဲရာ တွဲပွဲပါ များလွန်းသောကြောင့်တည်း။ ဝေဒနာ၊ သညာ၊ ဝိဉာဉ်တို့၏ အမှားသုံးဆင့် နင့်နေအောင် ခံထားရ သောကြောင့်တည်း။
သို့ကြောင့်လျှင် တဏှာပူဆာ ကာမအရာဖြစ်သော ဖောက်ပြားမှုများ တစ်ကြိမ်သွားလာခွင့်ရလည်း အခဲမကျေ၊ တစ်ဘဝလုံးလုံး လိုသလိုသုံးရော့ဆို ပိုဆိုး၊ ရာဂပွဲ အခဲကျေလျက်က အသေဘက် ကူးသွားကြသော မသာဟူ၍ တစ်လောင်းမျှမတွေ့မိ၊ သည့်အတူသောက စွဲ၊ ပရိဒေဝစွဲ၊ ဒုက္ခစွဲ၊ ဒေါမနစွဲ၊ ဥပါယာသစွဲများနှင့်တကွ ဘဝစွဲ ခန္ဓာစွဲအထိ အစွဲနာရာမှဖြစ်သော အခဲများကလည်း ဖိုခွင်တင်အိုးများ၏ အိုးဖင်ပမာ အမည်းထပ်ထပ် အကပ်ထူထူဖြင့် ခဲနေချေတော့ရာ ထိုအခဲများ ကျေပျောက်မှ အသေဘဝ ရောက်ရသူဟူ၍လည်း တလေတစ်ယောက်မျှ မကြားမိ။' (စာ-၇၈)
အခဲမကျေသမျှ အေးဆေးကြရပြီဟူ၍ မဆိုသာ၊ သို့စဉ်လျက် လူသားတိုင်းရှိရင်းစွဲ အခဲမချေကြ သည့်အပြင် နောက်ထပ်နောက်ထပ် အခဲများကိုချည်း ထပ်လှိမ့် ထပ်လှိမ့်၍ချည်း အတင်ခံနေကြပါကုန်၏။ လေးမှန်းပင် မသိလေရော့သလားမသိ၊ ပူမှန်းလည်းမသိလေ ရော့သလားမသိ။ တစ်ဖက်ကသနား၍ ကြိုက်ခဲလေးများ ဆွဲတင်ပေးလျှင် မကျေနပ်ချင်ကြပြီ။ တစ်ဖက်ကအားနာ၍ အာရုံခဲလေးများ ဆွဲမပေး လျှင် မကျေနပ်ချင်ကြပြီး။ သို့နှင့်ပင် ငါခဲကြီး မကျေကြသေးသဖြင့် ငါစွဲဘေးကြီးမှလည်း မအေးကြရပြီ။ သို့နှင့်ပင် ချစ်ခဲ၊ မုန်းခဲကြီး မကျေသေးကြသဖြင့် ချစ်ဘေးမုန်းဘေး ကြီးများမှလည်း မအေးကြရပြီ။ သို့နှင့်ပင် ဘဝခဲကြီး မကျေကြသေးသဖြင့် ဘဝစွဲဘေးကြီးမှလည်း မအေးကြရပြီ။ ငရုတ်သီးထိုး ပိုးမျိုး ဖြစ်နေကြသဖြင့် ငရုတ်ပူမကြောက်ခြင်းသာ။ အပူကို အပူမှန်းသိလျှင်ကား ခေါင်းပင်ပြုဝံ့ကြမည် မဟုတ်ကြ။
ကာမဘုံဖွား အိုလောကသားများတို့ သင်တို့လက်ထဲရှိ အခဲများ ထုခွဲချေဖျက် ကျေရာသို့ ပက်ခဲ့ကြပါကုန်။ အကယ်တိတိ အခဲအခု လက်ထဲစု၍ ကိုင်ဆုပ်ကာ အပိုင်လုပ်ထားမိပါချေသော် အပါယ်လားတော့ သူ့ကြောင့်ပူ အေးအေးလူလူ မနေရ၊ အတွယ်လာတော့ ကိုယ့်ကြောင့်ပူ အေးအေးလူလူ မနေရ။ အရွယ်လာတော့ ခန္ဓာကြောင့်ပူ အေးအေးလူလူ မနေရ၊ ဒိဋ္ဌိ၊ တဏှာ၊ ဘဝရာဂ အပူထသဖြင့် ဖင်တကြွကြွ ဖြစ်နေကြမည်ဟရို့ ...'(စာ-၈၀)
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီးက နေ့စဉ်သုံး ဝေါဟာရများကို အကြောင်းပြု ၍ ဓမ္မသဘောကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်ကြီး ရွေးချယ်သုံးနှုန်းတဲ့ စကားလုံးလေးတွေက ကျစ်လျစ်ပြီး လှပနေတယ်။ စကားလုံးချင်း ဝါကျချင်းကို အသံကာရန်နဲ့ ချိတ် ဆက်ရေးသားသွားတာလည်း ထူးခြားတဲ့ ရေးဟန်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ]မှန်ကန်} ဆိုတဲ့ စကားလုံး နောက်က ဓမ္မကထာကို ဒီလို ဖော်ထုတ်ထားပါ တယ်။
'သင့်ဘက်ကသာ မှန်ပါစေ၊ သူ့ဘက်က တုံ့ပြန်ချက်ကား မှန်အကြည်ခံပေါ် အရောင်ထိုး အရိပ်ခိုးများက ကန်ထွက်လာပါမည်။ တုံ့ပြန်ခြင်း၏ အရာမှန်သမျှ အမှန်၏ ကန်အားကြောင့်ချည်းသာ။ မှန်သည် နောက်ခံအကြည် ဓာတ်အားကိုလည်း ရယူ၏။ အသွင် တူ မူကွဲအားဖြင့်လည်း တစ်ဖက်သို့ တုံ့ပြန်ချက်ပေးသေး၏။ ထောင်ထားသော မှန်တစ်ချပ်၏ ရှေ့သို့ သင်သွားရောက် ရပ်ကြည့်နေသော် သင့်မျက်နှာနှင့်ကား အသွင်တူ၏။
သို့သော် ...မျက်နှာမူရာအရပ်ကား အရှေ့ နှင့်အနောက် သို့မဟုတ် တောင်နှင့်မြောက်၊ သို့မဟုတ် အထက်နှင့် အောက်ကွဲပြားနေမည်သာ။ ထိုကွဲပြားနေ ခြင်းသည်ကား သင့်အတိုက်အား တန်ပြန်လွှင့် ထုတ်လိုက်သော နောက်ခံအကြည်ဓာတ်၏ စွမ်းအားတည်း။ လူတို့ တွင်လည်း အတွင်းနှလုံးအကြည်ပြင် ဓာတ်ခွက်ပေါ်ဝယ် မနောဓာတ်ဟူသော အာရုံကိုလည်း ဖမ်း၊ သဘောနှင့် သဘာဝများကိုလည်း ခြားနား သွားစေရန် ခွဲခြမ်းပေးနေသည့် မှန်ကိုယ်စီ ရှိကြရာ သင့်အမူအရာ စိတ်တွင်းပါ သဘာဝအလိုက် သူ့အားသွားတိုက်နေမိတော့၏။ သူ့အမူအရာ စိတ်တွင်းပါ ဆိုလိုချက်အလိုက် သင့်အား လာတိုက်မိနေတော့၏။ ထိုသို့တိုက်ရာ၌ သင်၏အမူအရာကား မျက်နှာသည် သင်က သူ့ဘက်လှည့်တိုက် သော်လည်း သင်မြင်ရသော မှန်ထက် မြင်ကွင်းကား သူ့ ဘက်လှည့်မဟုတ်၊ ကိုယ့်ဘက်လှည့်သာ၊ ဘာကြောင့်နည်း။
အကြည်ဓာတ်၏ ရောင်ပြန် အမှန်အတိုင်း ကန်ထုတ် ပို့လိုက်သောကြောင့်တည်း။ သည့်ပမာလျှင် လူတို့၏ ဆက်ဆံခြင်းများ၌လည်း အသွားတစ်မိုင်၊ အပြန်လည်း တစ်မိုင်နှုန်းပမာပင်။ မိမိက အိုးမည်းသုတ် မျက်နှာမကောင်းသော အမူအရာမျိုး ဖြစ်ခဲ့လျှင်လည်း တစ်ဖက်ကလည်း ထိုနည်းလည်းကောင်းသာ။ မိမိက နံ့သာရည်လူး မျက်နှာကောင်းသော အမူအရာမျိုး ဖြစ်ခဲ့လျှင်လည်း တစ်ဖက်ကလည်း ထိုနည်းလည်းကောင်းသာ'(စာ-၁၀၇)
ဒါပေမဲ့ မကောင်းကို အကောင်းထင်ပြီး မကောင်း အကောင်းဖြင့် တုံ့ပြန်ရာ၊ အကောင်းကို မထောင်းထင်မိလို့ အကောင်း မကောင်းဖြင့် တုံ့လွှတ်ရာ တွင်လည်း ရှိနေတတ်ပါတယ်။ မကောင်းသော မစင်ကို ခွေးက အကောင်းထင်နေတတ်တယ် မဟုတ်ပါလား။ ဒီလိုဘာ့ကြောင့် ဖြစ်ရသလဲ။ (မိမိမှန် တစ်ဖက်သို့ လှည့်မခံ၊ မိမိဘက် မိမိလှည့်လျက်က ခံထားခြင်းကြောင့် ဇောပျံ(ပြန်) ဟပ်ခြင်းသာ။ တစ်ဖက်၏ တကယ့် မူအမှန် မိမိသို့ ရိုက်ခတ်သံပေါ်လာခြင်းကား မဟုတ်ပြီ'လို့ ဆိုပါတယ်။
'လောကဝယ် မှန်လျက် မကန်သော အရာတို့သည် များစွာရှိကုန်၏။ မမှန်ဘဲလျက် ကန်သောအရာတို့ သည်လည်း များစွာ ရှိကုန်သေး၏။ ထိုအရာ အားလုံး သူကျလိုရာ ကျလေ့ရှိသော စိတ်မမှန်ခြင်း၏ လက္ခာဏာ များပေတည်း။ ပေါ့သွပ်သွပ် နိုင်လှသော စိတ်ကမြင်း၏ သရုပ်သကန်များပေတည်း။ အသိရခက်လှသော စိတ် လျှို့ဝှက်ချက်၏ ခြေရာများပေတည်း။'
'သင်သည် အာရုံတို့အတိုက် တစ်ဖက်သို့ အလိုက်ပေးရာတိုင်း၌ မှန်ရာမှ ကန်သော ရောင်ပြန်များမှ ဟုတ်ပါလေစ။ မနောဓာတ်သက်၏ မှတ်ချက်များမှဟုတ် ပါလေစ၊ ထိုပုစ္ဆာနှစ်ခုကို အိပ်ရာဝင်တိုင်း သင့်ကိုယ်သင် တစ်နေ့တာ တုံ့ပြန်ချက် စာရင်းစစ်ချက်ရေး၍ မေးကြည့် နေပါလေ'လို့ တိုက်တွန်းထားပါတယ်။
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက စကားတစ်ခွန်းကို တရားအညွှန်းနဲ့ ဖော်ထုတ်ဖွင့်ဆိုခဲ့ရာ နှစ်သက်ရင် အတည်ပြု၊ အဓိပ္ပာယ်မကိုက် မနှစ်ခြိုက်ဘူး ဆိုရင်တော့ တစ်လုံးမှား တစ်လုံးထုတ်၊ တစ်ပုဒ်မှားရင် တစ်ပုဒ်လုံး ပယ်ထုတ်လိုက်ပါလို့ သူတော်ကောင်းတို့ရဲ့ နှလုံးသားဖြင့် စကားနိဂုံး အဆုံး သတ်ထားတာ တွေ့ရပါကြောင်း။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )