မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဓမ္မနီတိများကို ထွန်းညှိပူဇော်ခြင်း

၂၀၂၅ ၊ ဇူလိုင် ၁၃
    လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံး၊ တစ်လောကလုံးက အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်ဖူးမြော်ကြ၊ ပူဇော်လှူဒါန်းကြ၊ ရဟန်းရှင်လူတို့ရဲ့ ကြည်ညိုခြင်းခံရတဲ့ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးဟာ မိမိကိုယ်တိုင် သက်တော် (၈၀)ကျော်နေပြီ ဖြစ်ပေမယ့် မိမိအောက် ငယ်သော သံဃာတော်များမှသည် ကိုရင်လေးများအဆုံး တပြုံးပြုံးဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ ဂါရဝ ပြုတော်မူလေ့ ရှိပါတယ်။ ဝိပဿနာ-ကျင့်စဉ်ဆိုင်ရာ ကျမ်းကြီးကျမ်းခိုင်များကို ရေးသားပြုစုခဲ့ပြီး ဖြစ်သော်လည်း နီတိကထာ စာတိုပေစကလေးများကို ရေးရာမှာတော့ နှစ်သက်လျှင် လက်ဆင့်ကမ်း၊ အမှားတွေ့လျှင်တော့ တစ်လုံးတစ်ပါဒတစ်ဝါကျမကျန် ဖြုတ်ထုတ်သတ် လုပ်ပစ်ပါလို့ ၂၀၀၂ ဧပြီလထုတ် 'ဓမ္မနီတိကထာ'မှာ နှိမ့်ချစကား ဆိုထားပါတယ်။ ဂါရဝေါစ နိဝါတောစ ရိုသေနှိမ့်ချခြင်း မင်္ဂလာဟူသည် သူတော်ကောင်းဂုဏ်ရည် တစ်ရပ်ပါပဲလားလို့ နှလုံးသွင်းရင်း ဆရာတော်ကြီးကို ကြည်ညိုမဆုံး ဖြစ်ခဲ့ ရပါတယ်။
    ဓမ္မနီတိကထာရဲ့ နိဂုံးပိုင်းမှာ 'နှစ်သက်သော် ထောက်ခံ၊ မနှစ်သက်သော ဖျောက်ဖျက်ရန် ကြံပါလော့'လို့ ဆိုထားပါတယ်။ (ယေ-ဝန်းကျင်လာသွား၊ အကြင်လူသား အားလုံးတို့သည်၊ ဝစနံ-စကားတစ်ခွန်း သူ့အညွှန်းကို၊ ဣတောစိတော-ထိုထိုဤဤ၊ ကာလံဒေသံ-ခေတ်နှင့်ဒေသဆိုနေကျအလိုက်၊ ဝဒန္တိ-နားထောင်သူရှိ လက်ခံရှိက ပြောမိမည်ကား ဧကန်၊ တေသံ-ထိုဤစကားတွေ့ တတ်ကြား တတ်ရာများတို့၏ အဓိပ္ပာယတ္ထံ ဆန္နံ-ဖုံးကွယ်နေသော သူ့ဆိုလိုက်ချက် အဓိပ္ပာယ်ဝှက်များကို၊ မယံ- အရူးလွယ်အိတ် ပခုံးချိတ်၍ အရိပ်ဖျားစွာ ခိုလှုံလေ့ရှိပါသော ငါတို့သည်၊ အနုရူပံ-သင့်လျော်သလို၊ ကရောန္တိ- ပြုစုပျိုးထောင် စာတစ်စောင်အဖြစ် ထွန်းသစ်ခဲ့ပါကုန်၏။)တဲ့။ စာရှည်မှာစိုးလို့ ပါဠိစာသား များကို ချန်လှပ်ပြီး မြန်မာလိုရေးထားတာကို ဆက်လက်ဖော်ပြအပ်ပါတယ်။
    'ငါတို့ဆိုစကား၊ ထိုထိုအရာများကို၊ သင်စာရှုသမားသည်၊ နှစ်သက်သည်ပဲဆိုပါတော့၊ ထိုသင်သည်၊ နောက်နှောင်းသူတို့ အဖိုးလည်းထား၊ အကျိုးလည်းများ ရစ်စေခြင်းငှာ၊ မှီရာတစ်ခု အတည်ပြုထားခဲ့ပါလေ။ မနှစ်ခြိုက်ဘူးဘဲဆိုပါတော့၊ နောက်နှောင်းမသွယ် မမြင်ကွယ်ရာအဖြစ်ဖြင့်(ဝါ) နောက်နှောင်း မရောက်မီ ဤမမြင်ကွယ်ရာမှ တစ်လုံးမှားလျှင် တစ်လုံးဖြုတ်၊ တစ်ပုဒ်မှားတစ်ပုဒ်ထုတ် မြှုပ်သတ်ပစ် ခဲ့ပါလေတော့။' (စာ-၃၂၆)
    ဆရာတော်ကြီးရဲ့ သဘောထားကို ပညာရှင်များ၊ စာရေးဆရာများ အတုယူသင့်တယ်လို့ ထင်ပါတယ်။ အဟောင်းနှင့် အသစ်တို့ရဲ့ အားပြိုင်မှု၊ လူကြီးလူငယ် ဝိရောဓိစသည်တို့ကို ဓမ္မနီတိဖြင့် အဖြေပေးထားပါတယ်။

အဟောင်းချ အသစ်တင် ရန်ဖြစ်ဖို့သာ ပြင်ပေရော့
    လောကတွင်းရှိ အိမ်ထောင်ရေး၊ နိုင်ငံရေး၊ ဘာသာစာပေ၊ အနုပညာစသည့် ဘက်စုံတို့ဝယ် ရှေးသုံးလက်ထက်ပွားများနှင့် ခေတ်ပေါ်လက်ထက်ပွားများ ဝါဒရေးရာအားဖြင့် နေရာယူ အလုအယက်ဖြစ် ပေါ်လာက အငြင်းပွားရမှုလည်း မဆုံးစေနိုင်။ အမြင်ဝိရောဓိ- ရှေးအတွေးအခေါ်နှင့် ခေတ်ပေါ်အယူအဆ ဆန့်ကျင်နေခြင်း၊ အဆင်ဝိရောဓိ-အိမ်ဖွဲ့မှုပုံစံများ ဆန့်ကျင်နေခြင်း၊ ဉာဉ်ဝိရောဓိ-အမူအကျင့် လှုပ်ရှားပုံ ဆန့်ကျင်နေ ခြင်းများကြောင့် ထိုအတိုက်အခံအားဖြင့် အငြင်းပွားမှုများသည် ရှေးထိန်းရှေးယိမ်းတို့ အတိမ်းပါး မြန်ဆန်လျှင် တိုက်ပွဲပြီး မြန်မည်။ မြန်သည်ဖြစ်စေ၊ နှေးသည်ဖြစ်စေ တက်သွေးလှော် ခေတ်ပေါ်တို့ကသာ နောက်ဆုံးအောင် ပွဲခံသွားစမြဲတည်း။
    အားပေးသူ အရေအတွက် တက်သွေးဘက်က တိုးသထက် တိုးလာနေသောကြောင့်၊ အားနွဲ့သူ အစွမ်းအစ တက်သွေးဘက်က စန်းထနေခြင်းများကြောင့်။ (စာ-၁၄၀)

သမ္ဘာဟုန်မြည်ဟည်း ကမ္ဘာဘုံစည်တီးသည်ထက် အသံကျယ်သည်
    မိုးထစ်ချုန်းသံသည် သုံးယူဇနာအထိ မြည်ဟည်း၏။ ဘုရားရှင်၏ သမ္ဘာဟုန်သည်ကား ၃၁ ဘုံမြေ တုန်သည်အထိ မြည်ဟည်း၏။ သည့်အတူပင်လျှင် သူတော်ကောင်း သူမြတ်လောင်း အလောင်းတော်တို့၏ သမ္ဘာဂုဏ်သိန် အဟုန်အရှိန်များသည်လည်း ပါရမီအင် အားအလိုက် ထိုက်သင့်သလို မြည်ဟည်း နေတတ်ချေရာ သင်ကား သံပုံးတီးသံ၊ မိုးချုန်းသံ၊ မိုးကြိုးပစ်သံ ထိုသုံးမျိုးတွင် မည်သည့်အသံတွင်း စာရင်းဝင်သနည်း။ (စာ- ၁၆၂)

သတင်းကြောင့် ဂုဏ်တက် သတင်းကြောင့်ပင် ဂုဏ်ပျက်မည်
    လောကဓံတရားရှစ်ပါးတို့တွင် လူရှုပ်၊ လာဘ်ပေါ၊ ကျော်ဇော၊ ခြွေရံတည်းဟူသော ကောင်းလောကဓံ လေးမျိုးတို့၏ အထိုးအဆိတ်တို့ကို ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်သခင်ကြီးများလောက်သာ ခံနိုင်စွမ်းရှိကြသည်။ သာမန်ပုထုဇဉ်လူသားတို့၏ အနုပညာရှုခင်းဖြင့် ဂုဏ်သတင်း ပျံ့သင်းခြင်း၊ စီးပွားရေးအခင်းအကျင်းဖြင့် ဂုဏ်သတင်း ပျံ့သင်းခြင်း၊ နိုင်ငံရေး အရှုပ်အရှင်းဖြင့် ဂုဏ်သတင်း ပျံ့သင်းခြင်း၊ အခြားအခြားသော နှုတ်မှုပညာ၊ လက်မှုပညာများဖြင့် ဂုဏ်သတင်း ပျံ့သင်းခြင်းတို့ကား တာရိုးရေ တိုးသလောက်မျှ ကြံ့ကြံ့မခိုင်နိုင်တတ်။ (စာ-၁၆၃)
    (လောကသဘာဝကို ဓမ္မအမြင်ဖြင့် ဆက်စပ်ပေးထားတဲ့ နီတိများပဲ ဖြစ်ပါတယ်။ ဆရာတော်ဘု ရားကြီးရဲ့ခေတ်ကို မြင်တတ်ပုံ၊ ရှုမြင်သုံးသပ်ပုံများဟာ မှတ်သားဖွယ် ကောင်းလှပါတယ်။)

စောင်းခတ်သံအဖွဲ့ နေရာတကာ နယ်မချဲ့နှင့်
    ဤလူ့ရွာ၏ လူမှုအဆောက်အအုံကြီးကို ယဉ်ကျေးမှု၊ အနုပညာတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားချေရာ ဘာသာဝါဒ ကိုးကွယ်ဝတ်ပြုခြင်းကို ယဉ်ကျေးမှုက တာဝန်ယူ၏။ စာပေဂီတစသည့် သုတ၊ ရသအခင်းကို အနုပညာက တာဝန်ယူ၏။ ယဉ်ကျေးသိမ်မွေ့သော ဘာသာရေးသမားအများက လေးစား ဂုဏ်ယူသည်။ နူးညံ့ပျော့ပျောင်းသော အနုပညာရှင် မြင်သူတိုင်းက ခင်လိုမင်လိုသည်။ သို့စဉ်လျက် ... ဘာသာရေးသမားအမည်ခံကာ စောင်းချိတ်ပုတ်ခတ်သံ ဆူညံနေခြင်း၊ တစ်ဖက်၏ ဘာသာနှင့်လူမျိုး မှိုချိုးမျှစ်ချိုး ချိုးလိုခြင်းများ မတရားအား ကြီးနေသော် ယဉ်ကျေးမှုအမည်ကျော် မတော်မလျော် ဇာတ်ခင်းနေပြီ။
    တစ်ဖန် အနုပညာရှင်အထင်ခံပြီးကာမှစောင်း ချိတ်ပုတ်ခတ် (တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့) လုပ်ဇာတ်များခင်းနေ ကျင်းနေကြပြန်လျှင်လည်း အနုပညာရှင်ဗျူပ္ပတ် ကိုယ့်ဘာသာ ကိုယ်ပြန်သတ်နေချေပြီ။ ခေတ်ကြီးဟောင်း၍ မာနနှင့် ရာဂတို့ ခေါင်းထနေချိန် သူ့မလေးစား၊ သူ့ကိစ္စ အရေးမထားတော့သည့်အပြင် ကိုယ့်အတတ် ကိုယ်အကောင်းထင်၊ ကိုယ်ကြိုက်မှသာ အကောင်းမြင်ရတော့ကား ရိုင်းကျေးစုနှင့် အနုပညာသည်ကသာ ဦးရေ တိုးပွားလာတော့မည်။ ထိုအသင်း၊ သင့်စာရင်း သွင်းမထားမိစေနှင့် အငိုလွယ်သလောက် အရှိုက်ခတ်တတ်လွန်းလှ၏။ (စာ-၁၇၂)
    (အရှေ့တိုင်းနဲ့ အနောက်တိုင်းဆိုပြီး ပထဝီဝင်အရ ပိုင်းခြားထားသလို မျိုးရိုးစရိုက်လိုက်ပြီး ကွဲပြားနေတတ်ပုံကိုလည်း ဆရာတော်ကြီးက အောက်ပါနီတိဖြင့် သိသာစေခဲ့ပါတယ်။)

မာန်ပြချင် နဂိုရေ မာန်ကျလိုလျှင် ဖြိုနေနေ
    ကမ္ဘာ့လူသိုက်တိုက်ကြီးများဖွဲ့၍ မျိုးရိုးစရိုက် အစဉ်လိုက် နေကြလေရာ ဖြူ၊ ညို၊ ဝါ အရောင်အဆင်း သွေးကြားသွင်းထားသော မျိုးရိုးလိုက်လူသားများသည် သဒ္ဓါနှင့်ပညာ အစဉ်အလာထား၍ ကျက်စားကြသည်။ 'ဖြူ၊ နီ၊ ကြောင်စပ်ဟူသော ဖြူလွန်းသော အရောင်အဆင်း နီရဲသော အရောင်အဆင်း၊ ကြောင်လွန်းသော အရောင်အဆင်း၊ အရောင်စပ်ထားရာမှ ထွက်လာသော အရောင်အဆင်း ပိုင်ဆိုင်လေသူ မျိုးရိုးလိုက်လူသားများကား တဏှာ၊ မာန ပပဉ္စတို့ အစွမ်းပြကာ 'ဇ'ပြလွန်းရကား ထကြွလွန်းသော လူသားများ ဖြစ်လာကြချေသည်။ ထိုသို့ ကမ္ဘာရိုး အမျိုးကွဲနေ ကြလေရာ ရာဂ၊ မာန၊ ဒိဋ္ဌိ ဗီဇပါ ဖြူ နီကြောင်စပ်တို့ကား သံသရာနယ်ချဲ့ ဘုန်းတော်ဘွဲ့ဖြင့် အောင်ပွဲခံလိုကြသဖြင့် မွေးလာသော သားသမီး ရာဂ၊ မာန၊ ပွားစည်းနည်းသင် ပေးမည်။ ယင်းကား နဂိုရေ စရိုက်အလိုက်သင့် မွေးပေးထားခြင်း အားပေးခြင်းတည်း။
    သဒ္ဓါပညာ ဗီဇပါ ဝါ၊ ညို၊ ဖြူ အာရှတိုက် (အရိယတိုက်)သားများမှာမူကား သံသရာလျှောက် ရင်းက သံသရာပေါက် ဖောက်ထွက်ရန် ကျွတ်လွတ်ရန် ဟန်ပြင်ထားကြရာ သူ့ရိုသေခြင်း ဂါရဝ၊ ကိုယ့်နှိမ့်ချခြင်း နိဝါတနှစ်မျိုးဖြင့် မာနဆိုးဖျက်ချိုး ချိုး၍ နေထိုင်ကြလေ့ရှိသည်။ ကမ္ဘာ့စနစ် အတ္တနှင့် အနတ္တ သဘောထား ကွဲရာ၏ ဖြစ်စဉ်တည်း။ (စာ-၁၈၃)
    (ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ စိတ်ရဲ့သဘာဝကို ဓမ္မဖြင့် သရုပ် ခွဲပြထားပုံမှာလည်း မှတ်သားဖွယ် ကောင်းလှပါတယ်။)

အလိုလိုက် အကြိုက်မနေသာ
    လောဘ၏ အားပြည့်လာသော် တဏှာ၊ တဏှာ၏ အလိုအားပြည့်လာသော် ရာဂ။
    ထိုသို့ တစ်စ တစ်စ ချဲ့ကားခြင်းကို ပြုတတ်သော အလိုအာသာသည် သတ္တဝါတို့၏ နှလုံးသွေးကို မှီခိုလျက်က ဉဉ်စရိုက်ဝါသနာတို့၏ သဘောကျတောင်းဆို သုံးနှုန်းပေးရသည် ဖြစ်ရကား မီးလင်းဖိုကြီးထဲ ရွက်ခြောက်များ ပစ်ထည့်ပေးနေရသည့်ပမာ မည်သည့်ကာလမျှ ပြည့်သည်ဝပြီ မရှိတတ်။ အကယ်၍သာ သူ့အလို အဆီးအတားမရှိ၊ အလိုက်ပေးနေမိပါသော်ကား သည်ဘဝဆုံး နောက်ဘဝသို့ စုရုံး ခေါ် ဆောင်ကာ တောင်းနေပေဦးမည်။ (စာ-၁၉၀)


အရှက်ကြီးတော့ မြုံ အကြောက်ကြီးတော့ ထုံ
    လူ့အဆင့်မီ ကျင့်ဝတ်များကို လုံခြုံစေရာ၌ အရှက်နှင့်အကြောက်ခေါ် ဟီရိသြတပ္ပတရား နှစ်ပါးသည် သော့ချက်ဖြစ်ခြင်းကြောင့် ၎င်းတရားနှစ်ပါးကို (လောက ပါလတရား) လောကစောင့်နတ်အရာထား နှစ်ပါးဟူ၍ ဆိုရချေသည်။ သို့တစေလည်း ...ရှက်သင့်သည်ထက် ပိုလွန်သွားခဲ့သော် နှုတ်ပြောမထွက် ကိုယ်မသွက်၊ အမြုံခြေလက်ဖြစ်တတ်သည်။ ကြောက်သင့်သည်ထက် ပိုကြောက်နေလျှင်လည်း နှုတ်ဝယ်ဆွံ့ဆွံ့ ကိုယ့်ရွံ့ ရွံ့ မဝံ့မစား ဖြစ်တတ်သည်။ (စာ-၁၉၅)

စည်းကျိုးလို့ ခွေးတိုးရာ ခွေးအဆိုး မဆိုပါနှင့်
    လူ့သိက္ခာများကို အရှက်အကြောက် နှစ်ပါးက ထောက်ခံထား၏။ လူ့ဂုဏ်ပုဒ်ကိုကား ကိုယ်ချင်းစာထား မေတ္တာတရားက ထောက်ခံထား၏။ ထိုအားလုံးတို့ကိုကား သီလတစ်မျိုးတည်းကပင် တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်ထားချေရာ အာရုံလာတံခါး အပ္ပမာဒသတိဖြင့် စည်းထားဖြင့် စောင့်စည်းပိတ်ဆို့ ပေးလေ့ရှိသော သီလခေါ် စောင့်စည်းခြင်း ကျင့်ဝတ်သည် လူတို့အတွက် အသက်ကဲ့သို့ အရေးကြီးပြီး တစ်ခုတည်းသော အားအကိုးရဆုံး၊ စိတ်အချရဆုံး တံခါးမှူးကြီးတည်း။
    ထိုသီလစည်းရိုး ယနေ့လျှင်ကျိုးက ယနေ့ပင် အာရုံစဉ်နှင့် ယှဉ်လုဝင်လာသော ခွေးဆိုး တိုးဝင်သာမည်။ စည်းကျိုး၍ ခွေးတိုး၊ ထိုခွေးဘက်က အဆိုးမဟုတ်ချေ။ (စာ-၂၁၈)
    (ဆရာတော်ဘုရားကြီးဟာ သမိုင်းရာဇဝင်မှာ ထင်ရှားတဲ့ ဖြစ်ရပ်နဲ့ ဇာတ်ဆောင်များကို ဓမ္မရဲ့ နိမိတ်ပုံအဖြစ် ဖန်တီးရေးသားထားတာလည်း တွေ့ခဲ့ရပါတယ်။

ရန်နှင့်မိတ် မကွဲသော စောလူး ရန်ဘက်နှင့်ပင် ပလူးမည်
    သတိသည် လူသိ သိရန် အသိ၏ မိတ်မျိုးဆွေ စစ်တည်း။ ထိုသတိကပင် အာရုံနှင့် တေ့မိလေတိုင်း ငါ၊ သူကောင်းဆိုး ကိလေသာ အမျိုးမျိုးကိုလည်း ချိုးပေးခဲ့သည်။ အေးမှု၊ နွေးမှု၊ မြင်သိမှုမှအစ သိသင့် သည်များကို ခွဲခြားသိစေသည်။ ကိုယ့်စိတ်ကိုယ်ပိုင် သူတစ်ပါးအကိုင် ခံဘဝမှလည်း လွတ်မြောက်စေခဲ့သည်။ ထိုမျှ အသိ၏အပေါ် ဖော်ရွေလှပါသော်လည်း အသိကား ပုဂံရာဇဝင်တွင် စောလူးမင်းသည် ငရမန်ကန်းနှင့် ကျန်စစ်သား မည်သူသည် ရန်၊ မည်သူကား မိတ် မခွဲခြားတတ်သဖြင့် ရန်သူကို မိတ်ထား၊ ကယ်တင်ရှင် မိတ်ဖျက်ကိုကား ထောင်ထားခြားနားလိုက်သည့်ပမာ ...။
    အစွဲသိ၏ သူခိုးသေဖော်ညှိရာသို့သာ လိုက်စား၊ အမှတ်သိ(သတိ)ကိုကား အနားသို့ပင် အကပ်မခံချေ။ ထိုသို့ ဖြစ်ရခြင်းများသည်လည်း စိတ်သည်လာသမျှအာရုံကို မိမိတံခါးဝမှာပင် လက်ခံပျော်ပါးလိုခြင်း အစား အာရုံတို့နောက်လိုက်၍ ပျော်ပါးခြင်းကို အလေ့ကျနေပြီ ဖြစ်သည်ကတစ်ကြောင်း၊ သတိဖြင့်ပင် ဤအတွင်းထိ ဆင်းမကြည့်လိုသည်ကတစ်ကြောင်း၊ လတ်တလော ကောင်းကိုသာလက်ခံ၍ အရှည်ကောင်းကိုလည်း တော်လှန်၊ နောင်ခံရမည်ကိုလည်း မဝေဖန်လိုသည်က တစ်ကြောင်းများကြောင့်ပင်။
    ထိုကိစ္စ မည်သူမျှ တီဘီ၊ ကင်ဆာ၊ အေအိုင် ဒီအက်စ်ရောဂါ မဖြစ်ပါလို့။ သို့တစေလည်း အပျက်ကြားမှ အကောင်းသွေးက တောင်းနေချေရာ မိမိစိတ် ရှေ့နောက်မမြင်၊ ဖြစ်မည်ဧကန် မထင်လေသောအခါ လတ်တလော ကောင်းသွေး တောင်းသလောက် ရှာဖွေပေးနေခြင်းက သက်သေခံနေချေပြီ။ (စာ-၂၈၈)
    'ငါသည် နေရာဌာနတိုင်းက အချင်းအရာများ စွာကို သဘာဝကပြသော အတိုင်းလျှင် အချိန်နေရာ လုံ့လသို့လိုက်ကာ ဝန်ချီဝန်ရုန်းလျက်ရှိသော လောက လူသားများ၏ ဖြစ်စဉ်ဖြင့် ကပ်၍ တပ်အပ်ထင်ထင် မြင်လည်းမြင်ခဲ့၊ ကြားလည်း ကြားခဲ့ရပါကုန်ပြီ။ ထိုမြင်ခဲ့၊ ကြားခဲ့ရသော ပစ္စက္ခတင် မျက်မြင်များကို စာရှုသူ သူတစ်ပါးတို့ သုတမယဉာဏ် အမြင်သန်စေရန် အလို့ငှာ လည်းကောင်း၊ ဖတ်မိသမျှသော စာအတွေ့၌ သာယာပျော်မွေ့ စိတ်ချမ်းမြေ့စေရန် အလို့ငှာလည်းကောင်း၊ ထိုအားလုံးကို တစ်စုတည်းတစ်ဝေးတည်း ပေါင်းရုံးကာ တရားသဘော သဘာ၀ အရောအနှောတို့ဖြင့် ငါတို့ရေး ပေးခဲ့ပြီးပြီ။ သင်တို့ဘက် ကသာ ယောနိသော မနသိကာရ အစွန်းအငြိကင်း၊ ပင်ကို နှလုံးသွင်းဖြင့် ရှုကြည့်အားရ လိုရာရာ အရယူကြဖို့သာ'လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက 'ဓမ္မနီတိကထာ' စာအုပ်နိဂုံးမှာ မိန့်မှာရေးသားခဲ့တာကိုလည်း မမေ့မလျော့ ဖော်ပြလိုက်ရပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46796

© 2022 - 2025 News. All Rights Reserved.