မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဘူရိဒတ္ထ သို့မဟုတ် စံပြဥပုသ်သည်

၂၀၂၅ ၊ ဇူလိုင် ၆

    ယခင်နှစ် ဝါတွင်းက (၂၀၂၄ ဇူလိုင် ၁၁ - ဇူလိုင် ၁၇ ထုတ် TREND ဂျာနယ်၊ အတွဲ-၃ အမှတ်-၂၅) မှာ 'ဥပုသ်တော်သီလ အလင်းပြစကား' ဆောင်းပါးကို ရေးခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၀၁ အောက်တိုဘာထုတ် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ရတနာစစ်တမ်း ကျမ်းစာအုပ်ထဲက ဥပုသ်အကြောင်း သိကောင်းစရာများကို ထုတ်နုတ်တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ် ဝါတွင်းကာလ ဥပုသ်စောင့်လိုတဲ့ ဓမ္မမိတ်ဆွေများအတွက် အလောင်းတော်ဘူရိဒတ် နဂါးမင်းကြီးရဲ့ ဥပုသ်စောင့်နည်းကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်တွေထဲက ကောက်နုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။
    တကယ်တော့ ဥပုသ်စောင့်တယ်ဆိုတာ ဝါတွင်းကာလရောက်မှ ပြုရတာမျိုး မဟုတ်ပါဘူး။ တစ်နှစ်တာလုံးရဲ့ ဥပုသ်နေ့များကို ပြက္ခဒိန်မှာ အသင့်ဖော်ပြထားပြီး ဖြစ်ပါတယ်။ လစဉ် လဆန်း ရှစ်ရက်၊ လပြည့်၊ လပြည့်ကျော် ရှစ်ရက်၊ လကွယ်နေ့များကို ဥပုသ်နေ့များ အဖြစ် သတ်မှတ်ထားပါတယ်။ ဥပုသ်နေ့ကို တစ်ပတ်လျှင် တစ်ကြိမ် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ရှေးက ဘိုးဘွားများကတော့ ဥပုသ်နေ့ တိုင်းဘုန်းကြီးကျောင်းသွား၊ သီလယူ၊ ဥပုသ်စောင့်ကြလေ့ ရှိပါတယ်။ တစ်ပတ်တစ်ကြိမ် ဥပုသ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တို့ရဲ့အစဉ်အလာ ဓလေ့ထုံးဟောင်း ဖြစ်ခဲ့ပါတယ်။ တစ်ပတ်လုံးလုံး ရုန်းရင်း ဆန်ခတ်ပျားပန်းခပ်အောင် လောဘ၊ ဒေါသတွေနဲ့ ပူလောင်ခဲ့သမျှ ဒီဥပုသ်နေ့မှာ ငြိမ်းအေးစေမှာပါ။ တစ်ပတ်စာ စိတ်အညစ်အကြေးတွေကို ဥပုသ်နေ့မှာ ဆေးကြောသန့်စင်ပေးတာ ဖြစ်ပါတယ်။
    အများအားဖြင့်တော့ ညစာမစားတာကို ဥပုသ်လို့ ထင်ကြပါတယ်။ ညစာမစားခြင်းဟာ ဥပုသ်ရဲ့ အစောင့်အထိန်းမျှသာ ဖြစ်ပါတယ်။ ငါးပါးသီလမှာ နံပါတ်သုံး သိက္ခာပုဒ်ဖြစ်တဲ့ 'ကာမေသုမိစ္ဆာစာရာဝေရာမဏိ' (သူ့လင်၊ သူ့မယားပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏) ဆိုတဲ့နေရာမှာ (အဗြဟ္မာ့စရိယာ ဝေရာမဏိ)လို့ ဥပုသ်တော်သီလမှာ အစားထိုး ဆောက်တည်ရပါတယ်။ အဓိပ္ပာယ်က 'မမြတ်သော မေထုန်အမှုမှာ ရှောင်ကြဉ်ပါ၏'တဲ့။ ငါးပါးသီလမှာ သူ့လင်၊ သူ့မယားကို ရှောင်ရတယ်၊ ဥပုသ်သီလ အဗြဟ္မာ့စရိယာမှာ ကိုယ့်လင်၊ ကိုယ့်မယားကိုသော်မှ မပြစ်မှားရတော့ပါ။ ဒီလို မေထုန်အမှုက ရှောင်နိုင်အောင် 'ဝိကာလဘောဇနာ' ဆိုတဲ့ နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ရတာ ဖြစ်ပါတယ်။
    နေ့လွဲညစာ မစားခြင်းဖြင့် ခန္ဓာ့မာန်၊ ကိလေသာ့မာန် မထကြွသာတော့ပါဘူး။ နောက်သိက္ခာပုဒ်တွေဖြစ်တဲ့ နစ္စ၊ ဂီတစတဲ့ သီဆိုကခုန် ပွဲလမ်းသဘင် ရှောင်တယ်ဆိုတာလည်း အာရုံကို ပယ်သတ်ပြီး မေထုန်ရှောင်ကြဉ်ရေး အထောက်အပံ့ဖြစ်အောင်လို့ပါ။ မြင့်သောနေရာ မြတ်သောနေရာ၊ မွေ့ရာ၊ ခြင်ထောင်၊ အဆောင်အယောင်တွေကို ရှောင်ကြဉ်တယ်ဆိုတာလည်း မေထုန်ရှောင်ကြဉ်ရေး အထောက်အပံ့ ဖြစ်စေဖို့ပါပဲ။ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက ဥပုသ်သည်အဖြစ် နာမည်ခံလိုသော် ...
    (က) မိမိစိတ် တစ်ဖက်အာရုံတို့နောက် သွား ရောက်၍ ခံစားခွင့် မပေးရချေ။
    (ခ) တစ်ဖက်အာရုံတို့၏ အတိုက် မိမိစိတ် နောက်သို့ လိုက်ပါခွင့် မပြုရချေ ...လို့ ညွှန်ပြခဲ့ပြီး    'ဥပုသ်စောင့်ခြင်း' ဟူသည် အာရုံလုံရန် မိမိစိတ်သို့ သတိ အစောင့်ချထားလိုက်ခြင်းသာတည်း။
    - သင့်စိတ် မျက်စိထိပ်မှ ထွက်မည်ကြံ၊ မျက်စိတံခါးပေါက် သတိအစောင့်ချပေး၊
    - ကိလေသာနှင့်အာရုံ မျက်စိတံခါးခုံတို့လာရပ်ပြီး စိတ်ကိုဆွဲမည်ကြံ ထိုမျက်စိသို့ အစောင့်ချထားပေး၊ သည်အတိုင်း နားတံခါး၊ နှာခေါင်းပေါက်တံခါး၊ ပါးစပ်ပေါက်နှင့် လျှာတံခါး၊ ကိုယ်တံခါး၊ မနောတံခါး ထိုတံခါးအားလုံးတို့ကို အစောင့်ချထားပေးခြင်းသည်ပင် ဥပုသ်စောင့်သည်ဟူ၍ ဆိုရချေသည်။ (ရတနာ စစ်တမ်း၊ စာ-၅)
    အာရုံနဲ့စိတ် မချိတ်မိစေရန် သူ့ဆိုင်ရာ တံခါးပေါက် သတိအစောင့်ချထားပေးခြင်းဟာ လိုရင်းပဲ လို့ဆို ပါတယ်။ မျက်စိတံခါးပေါက်က အဆင်းဝင်လာ၊ မြင်တာနဲ့ ပြီးပါစေ။ ဘာလဲ၊ ဘယ်သူလဲ စုံစမ်းမနေ နဲ့တော့၊ နားပွင့်နေလို့ အသံဝင်လာရင်လည်း ဘာပြောတာလဲ၊ ဘာသံလဲ စုံစမ်းမနေရ၊ 'အာရုံလုံမှ ဥပုသ်ရ' တယ်လို့ဆိုပါတယ်။ အာရုံလုံအောင် သရဏဂုံ ပွားထုံနေရမယ်လို့ ဆရာတော်ကြီးက ညွှန်ပြပါတယ်။ သားအာရုံ၊ မယား အာရုံ၊ စီးပွားအာရုံ၊ ကာမဂုဏ်တွေနဲ့ပူနေတဲ့ စိတ်ကလေး ကို ဘုရားအာရုံ၊ တရားအာရုံ၊ သံဃာ့အာရုံကြား စဉ်ဆက်မပြတ် ပို့လွှတ်ပွားများပြီး အေးစေရမှာဖြစ်ပါတယ်။
    ရတနာသုံးပါးအာရုံမှ သတိကလေးတစ်ချက် လွတ်သွားတာနဲ့ ဥပုသ်တစ်ချက် ထွက်သွားပြီလို့ ဆိုပါတယ်။ နောက်တစ်နေ့နံနက် ထမင်းစားမှ ဥပုသ်ထွက် တာမဟုတ်ဘူးလို့ မှတ်သားရပါတယ်။ ညစာမစားခြင်းဟာ အဗြဟ္မာ့စရိယာသိက္ခာပုဒ်ကို အထောက်အပံ့ပေးရုံဖြစ်ပြီး ဥပုသ်ရဲ့ အနှစ်သာရ ကတော့ အာရုံလုံအောင် သတိဖြင့် စောင့်ထိန်းခြင်းသာ ဖြစ်ပါတယ်။
    'ဒီနေ့ခေတ်လူတွေ ဥပုသ်စောင့်ရတာ ဘူရိဒတ်နဂါးမင်းကြီး လူ့ပြည်လာပြီး ဥပုသ်စောင့်ရ သလောက် မခက်ပါဘူးဗျာ။ အလောင်းတော် ဘူရိဒတ်နဂါးမင်းဘ၀တုန်းက နဂါးပြည်မှာ ဥပုသ်စောင့်ချင်ပေမယ့် နဂါးမင်း စည်းစိမ်၊ နဂါးမအာရုံတွေနဲ့ စောင့်မရတော့ လူ့ပြည်လာပြီး ဥပုသ်စောင့်တယ်ဗျာ။ အလမ္ပာယ်ပုဏ္ဏားက ဖမ်းပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက် ကခိုင်း၊ သီခိုင်းနဲ့ အလောင်းတော် နဂါးမင်းဟာ ကိုယ်သာအနာခံတယ်၊ ဥပုသ်ကို အနာမခံ၊ ပုဏ္ဏားနှိပ်စက်လို့ ဥပုသ်ကျိုးတယ်လို့ ကြားမိ သလားဗျ}
    "မကြားမိပါဘုရား"
    "ပြီးတော့ဗျာ နစ္စ၊ ဂီတဆိုတဲ့ သိက္ခာပုဒ်စောင့် ထိန်းထားရင်းက ရွာစဉ်လှည့်ပြီး ပုဏ္ဏားခိုင်းသမျှ ကပြရတာလေ၊ ကဆိုရင်က၊ နစ္စဂီတ သိက္ခာပုဒ်လည်း မညှိုးစေရ၊ ကရင်းစိတ်ပါသွားရင် ကြိုက်အာရုံ ကြိုက်စွန်းနင်း မိပြီး သိက္ခာပုဒ် ပျက်သွားနိုင်တယ်။ အလမ္ပာယ် ပုဏ္ဏားခိုင်းသမျှ မာန်တင်းငြင်းဆန်ရန် တုံ့ပြန်ရင်လည်းမကြိုက် စွန်းနင်းမိပြီးတော့ ဥပုသ်ကျိုးသွားနိုင်တယ်။ ဒီတော့ ဘူရိဒတ်နဂါးမင်းဟာ ကြိုက်အာရုံ၊ မကြိုက်အာရုံ အစွန်းနှစ်ခုကြား သတိကလေး အစောင့်ချထားပြီး သူ့စိတ်က ဥပုသ်တော် သီလကိုပဲ အာရုံပြုပြီး နေပါတယ်။ အပြင်မှာ ကနေပေမယ့် အတွင်းက သတိမြဲနေတော့ ဥပုသ် ကျိုးလား ဗျ'
    'မကျိုးပါဘုရား'
    'ပြီးတော့ ဘူရိဒတ်ဆိုတာ နဂါးမင်းဗျ၊ အလမ္ပာယ်ပုဏ္ဏား ပြာကျသွားအောင် ချေမှုန်းပစ်နိုင်ပေမယ့် ဥပုသ်ကျိုးသွားမှာစိုးလို့ ပုဏ္ဏားလုပ်ချင်ရာလုပ်၊ ဥပုသ် သီလကို ထိန်းပြသွားတာ ခန္တီပါရမီဖြည့်တာပဲ မဟုတ်လားဗျ'
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ဘူရိဒတ်ဇာတ်တော်ကို သုံးသပ်ပြသွားပုံမှာ အလွန်မှတ်သားစရာ ကောင်းလှပါတယ်။ ဘူရိဒတ်ရဲ့ အမည်ရင်းက 'ဒတ္ထ' သူ့မှာ သုဒဿန၊ သုဘောဂ၊ အရိဋ္ဌ ဆိုတဲ့ ညီနောင်တွေနဲ့ 'အဇမုခိ' ဆိုတဲ့ နှမတော်လေးတို့ ရှိတယ်။ နဂါးပြည်ကို ငါးပုံပုံပြီး သားတော်လေးပါးက တစ်ပုံစီအုပ်ချုပ်တယ်၊ ခမည်းတော် မင်းကြီးက တစ်ပုံအုပ်ချုပ်တယ်။ ညီနောင် လေးပါးမှာ ဒတ္ထက ဉာဏ်ပညာ ထူးချွန်သူဖြစ်လို့ နဂါးပြည်က ပြဿနာမှန်သမျှ ဒတ္ထကပဲ ဖြေရှင်းပေးရတယ်။ နဂါးပြည်က ပြဿနာတွေသာမက နတ်ပြည်က ပြဿနာကိုပါ သွားရောက် ဖြေရှင်းပေးခဲ့ရဖူးတယ်။
    တစ်နေ့မှာ နတ်နဂါးတို့ကို အစိုးရတဲ့ ဝိရုပက္ခ နတ်မင်းကြီးက နတ်နဂါးများ ခြံရံပြီးတော့ သိကြားမင်းထံ အခစားဝင်ပါတယ်။ အဲဒီမှာ နတ်နဂါးနှင့် သိကြားပရိသတ်ကြား ပြဿနာတစ်ရပ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာကို ဒတ္ထနဂါးမင်းက ကြားဝင်ဖြေရှင်းပေးခဲ့ရာ သိကြားမင်းကြီး နှစ်သက် အားရတော်မူလှသဖြင့် နတ်ပန်းတို့ဖြင့် အလောင်းတော်ကို ပူဇော်ပြီး 'သင်သည်မြေကြီးကဲ့သို့ ထုထည်ကြီးမားသော ပညာရှိသည် ဖြစ်၍ ယနေ့မှစ၍ ဘူရိဒတ္ထလို့ ငါခေါ်ပါ၏။ ငါ့ထံသို့ မပြတ်ခစားရန် ပန်ကြားပါ၏'လို့ ဖိတ်ခေါ်ပါတယ်။ အလောင်းတော် နဂါးမင်းက ဒတ္ထမှသည် ဘူရိဒတ္ထ(ဘူရိဒတ်)အဖြစ် ထင်ရှားလာခဲ့ပါတယ်။ သိကြားမင်းကြီးထံလည်း မပြတ်ရောက်ရှိခစားကာ သိကြားမင်းဘဝကို အားကျတောင့်တမိပါတယ်။ သိကြားမင်းဖြစ်အောင် ဘာလုပ်ရသလဲ၊ သိကြားမင်းဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ဥပုသ်စောင့်ခြင်းဆိုတာ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရတယ်။
    ဒါပေမဲ့ နဂါးပြည်မှာ ဥပုသ်စောင့်ဖို့ မဖြစ်နိုင်၊ နဂါးပြည်မှာ ပျော်ပွဲရွှင်ပွဲတွေ၊ စည်းစိမ်အာရုံခံစားမှုတွေ များလွန်းပါတယ်။ ဒါ့ကြောင့် လူ့ပြည်သွားပြီး ဥပုသ်စောင့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘူရိဒတ် နဂါးမင်းဟာ ယမုန်နာမြစ်အနီး ပညောင်ပင်ရင်းမှာ ဥပုသ်သီတင်း သီလများ ဆောက်တည်ပါတော့တယ်။ ဘူရိဒတ်ရဲ့ ဥပုသ်အဓိဋ္ဌာန်များကတော့ ...
    (၁) ငါ၏ အရေကို သုံးလိုသူရှိက ခွာသုံး၊ ငါကား ဥပုသ်အပျက်မခံပြီ။
    (၂) ငါ၏ အရိုးတို့ကို သုံးလိုသူရှိက ထွင်သုံး၊ ငါကား ဥပုသ်အညှိုးမခံပြီ။
    (၃) ငါ၏ အသားများကိုလည်း ယူလိုက ယူသုံး၊ ငါကား ဥပုသ်အဆုံးမခံပြီ။
    (၄) ငါ၏ အသွေးများကိုလည်း သုံးလိုသူရှိက ခပ်သုံး၊ ငါကား ဥပုသ်အရှုံးမခံပြီ။

    ကိုယ်နဲ့အသက် ငဲ့ကွက်ခြင်းမရှိတဲ့ အဓိဋ္ဌာန်နဲ့ ဥပုသ်စောင့်နေခဲ့တာ ဖြစ်ပါတယ်။ ဘူရိဒတ်နဂါးမင်းရဲ့ အဓိဋ္ဌာန် ဘယ်လောက် ခိုင်၊ မခိုင် စမ်းသပ်ပေးမည့်သူကတော့ အလမ္ပာယ်ပုဏ္ဏားပဲ ဖြစ်ပါတယ်။ ဒီပုဏ္ဏားက မူလကကြွေးထူ၊ အကြွေးယူပြီး စိတ်ညစ်ညစ်နဲ့ ခြေဦးတည့်ရာ လျှောက်သွားရင်း တောတွင်းတစ်နေရာကို ရောက်လာပါတယ်။ အဲဒီတောထဲမှာ ရသေ့တစ်ပါး သီတင်းသုံးနေထိုင်ပါတယ်။ ကြွေးပူ ပုဏ္ဏားဟာ ရသေ့ဆီမှာ ကပ်ရပ်နေထိုင်စားသောက်ပြီး ဝေယျာဝစ္စလုပ်ကူ ပြုစုလျက်နေပါတော့တယ်။
    ကြွေးပူပုဏ္ဏား ကူညီပြုစုတာကို ရသေ့က ကျေးဇူးတင်လွန်းလို့ 'နဂါးနိုင်မန္တန်'ကို သင်ပေးပါတယ်။ ကြွေးယူပုဏ္ဏားဟာ ဒီမန္တန်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတော့မယ်ဆိုပြီး ရသေ့ဆီက ထွက်ခွာလာခဲ့ပါ တယ်။ သွားလေရာ နဂါးနိုင်မန္တန်ကို ရွတ်လာခဲ့တယ်။ အဲဒီအချိန်မှာ ယမုန်နာမြစ်ထဲမှာ ဘူရိဒတ်နောက် လိုက်လာတဲ့ နဂါးမမိဖုရားနဲ့ အဖော်နဂါးမတို့ ရေကစားနေကြတယ်။ မန္တန်ရွတ်သံကြားလို့ အထိတ်တလန့်နဲ့ ထွက်ပြေးသွားကြရာ မြစ်ကမ်းပေါ်မှာ ပတ္တမြားကြီးကိုမေ့ကျန် နေခဲ့တယ်။ ကြွေးထူပုဏ္ဏားက ပတ္တမြားကြီးကို ကောက်ယူလိုက်တယ်။ အဲဒီအချိန် မုဆိုးသားအဖလည်း မြစ်ကမ်းနားရောက်လာရာ ပုဏ္ဏားနဲ့ ပက်ပင်းဆုံမိကြတယ်။ မုဆိုးကြီးက ပုဏ္ဏားလက်ထဲက ပတ္တမြားကို စိုက်ကြည့်နေတယ်။
    'ပတ္တမြားလိုချင်လို့လား၊ တန်ခိုးကြီးနဂါးတစ်ကောင်ကိုပြပေးရင် ဒီပတ္တမြားရမယ်'
    တောထဲမှာ သားကောင်ရှာရင်း မုဆိုးသားအဖဟာ ဘူရိဒတ်နဂါးမင်း ဥပုသ်စောင့်နေတာကို တွေ့ခဲ့ပြီးဖြစ်တယ်။ အဖေမုဆိုးက ပတ္တမြားလိုချင်လို့ ဘူရိဒတ်ရှိတဲ့နေရာကို လမ်းပြပေးတယ်။ သားမုဆိုးလေးကတော့ အဖေ့လုပ်ရပ်ကို သဘောမတူ လမ်းခွဲပြီး တောထဲဝင်ကာ ရဟန်းပြုသွားတယ်လို့ ဆိုပါတယ်။ မုဆိုးကြီးက ဘူရိဒတ်နဂါးမင်းကို လက်ညှိုးထိုးပြလိုက်တာနဲ့ 'ရော့ ပတ္တမြား၊ ရော့ နဂါး'ဆိုပြီး အပေးအယူ တည့်သွားကြတယ်။ ဒါပေမဲ့ ဘုန်းကံနည်းသူတွေရဲ့ လက်ထဲမှာ ပတ္တမြားက ကြာကြာမနေပါ။ လက်ထဲက လွတ်ကျသွားတဲ့ ပတ္တမြားဟာ နဂါးပြည် ပြန်ရောက်သွားပါတယ်။
    မန္တန်ရှင် အလမ္ပာယ်ပုဏ္ဏားဟာ ဘူရိဒတ်နဂါး မင်းရဲ့အမြီးကို ဆွဲကြည့်တယ်။ နဂါးမင်း ငြိမ်နေတယ်။ ဘူရိဒတ်နဂါးမင်းက ဘာမှ ပြန်မလုပ်မှန်းသိတာနဲ့ အမြီးက ကိုင်မြှောက်၊ ဦးခေါင်းကို ဇောက်ထိုးထားပြီး နဂါးမင်းကို အင်အားချည့်နဲ့အောင် လုပ်ပစ်တယ်။ ပြီးတော့ နဂါးမင်းရဲ့ တစ်ကိုယ်လုံးကို တံတားလိုမြေမှာခင်း၊ တက်နင်း၊ ခုန်နင်းနဲ့ နှိပ်စက်ပြန်တယ်။ ဘူရိဒတ် ရန်တုံ့မပြန်၊ သည်းခံခြင်းနဲ့သာ ဥပုသ်တော်သီလကို အာရုံပြုနေတယ်။
    'သြော် မိမိရဲ့ တစ်ကိုယ်တည်း ဥပုသ်မှ လောကဓံဥပုသ်သို့ တက်လှမ်းရတော့မှာပါလား'လို့ နှလုံး သွင်းတယ်။
    အလမ္ပာယ်ပုဏ္ဏားဟာ ဘူရိဒတ်နဂါးမင်းကို လက်နှီးစုတ်လို ပျော့ဖတ်သွားအောင် နှိပ်စက်ပေမယ့် နဂါးမင်းဟာ ဝေဒနာကိုမမှု၊ ဥပုသ်သီလကို သတိဖြင့် စောင့်ထိန်းလျက်ရှိပါတယ်။ ပုဏ္ဏားနှိပ်စက်လိုက်တာ နံရုံးတွေ အပိုင်းပိုင်း ကျိုးပြတ်လုပေါ့။ အရေခွံလည်း စုတ်ပြဲ၊ အတွင်းက အသားတွေလည်း ကြေအက်ခဲ့ပြီ။ ဒီ‌ေ၀ဒနာတွေကို ဥပေက္ခာပြု၊ ဥပုသ်မှ ဥပုသ်၊ အဓိဋ္ဌာန်မှ နောက်မဆုတ်ပြီ။ ဘယ် လောက်ပဲ နှိပ်စက်ပါစေ၊ ဒေါသမထွက်အောင် သတိနဲ့ထိန်း၊ ငါ နဂါးမင်းဆိုတဲ့ မာန်မထအောင် သတိကလေးအစောင့်ချလို့ ပုဏ္ဏားပြုသမျှ နုရရှာတယ်။ ပုဏ္ဏားဟာ ကြီးမားတဲ့ ပခြုပ်ကြီးလုပ်ပြီး နဂါးမင်းကို ပခြုပ်ထဲထည့်သွင်း၊ ကိုယ်လုံးမဆန့်တော့ ခြေနဲ့ဆောင့်ကန်သွင်း၊ ပါးစပ်တွင်းကို တံတွေးထွေး ထည့်၊ ကမ်းကုန်အောင် ယုတ်မာခဲ့လေပြီ။
    အဲဒီနောက် နီးရာရွာထဲဝင်ပြီး 'နဂါးပြပွဲ၊ နဂါး ကပွဲ'လုပ်ပါတော့တယ်။ နဂါးကတာ မမြင်ဖူးသူတွေ ဝိုင်း အုံရောက်ရှိလာ၊ အသပြာတွေ ပစ်ပေးကြနဲ့ ပုဏ္ဏားအလိုကျ နဂါးကပွဲ စည်ကားလှပါတယ်။ ဘူရိဒတ်မှာပွဲကိုလည်း ကပြ၊ နစ္စဂီတ သိက္ခာပုဒ်ကိုလည်း မညှိုးစေရ၊ မည်မျှ ခက်ခဲပါသနည်း။ အလမ္ပာယ်ရဲ့ မြွေသီချင်းအလိုက် ကြိုက်စွန်းသို့လည်း မလိုက်မိအောင် သတိဖြင့် ထိန်း၊ ပုဏ္ဏားကို မုန်းတီးခြင်းဆိုတဲ့ 'မကြိုက်စွန်း' သို့လည်း မလိုက်မိအောင် သတိဖြင့် ထိန်း၊ သတိသာလျှင် ဥပုသ်ရဲ့ အထိန်းတော်။
    အလမ္ပာယ်ပုဏ္ဏားဟာ တစ်ရွာဝင် တစ်ရွာထွက်၊ တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ 'နဂါးကပွဲကြီး' ကျင်းပကာ သူဌေးကြီး ဖြစ်လာခဲ့ပေပြီ။ ဒီလိုနဲ့ နောက်ဆုံးမှာ ဗာရာဏသီမင်းရဲ့ နန်းရင်ပြင်အထိ နဂါးကပွဲကြီးရောက် လာခဲ့ပေပြီ။
    'အရှင်မင်းကြီး၊ ဧရာမနဂါးကြီးကို ကျွန်ုပ်ရဲ့ အစွမ်းနဲ့ ဖမ်းလာခဲ့ပြီ။ အကမျိုးစုံနဲ့ ဖြေဖျော်တော့မှာမို့ အရှင်မင်းကြီး ရှုစားပါလော့'လို့ ပုဏ္ဏားက ခပ်ကြွားကြွား ပြောတယ်။ အဲဒီအချိန် နဂါးပြည်မှာတော့ လူ့ပြည်ကို ဥပုသ်စောင့်သွားတဲ့ နဂါးမင်း ပြန်မလာလို့ နဂါးအပေါင်းတို့ မျက်ရည်လည်ရွှဲ ငိုပွဲဆင်နေကြပါတယ်။ အဲဒီမှာကျန်ခဲ့တဲ့ နဂါးမင်းညီနောင်သုံးပါး သုံးနေရာခွဲပြီး လိုက်ရှာဖို့ စီစဉ်ကြပါတယ်။ သူဘောဂက ဟိမဝန္တာ၊ အရိဋ္ဌက တာဝတိံသာနတ်ပြည်၊ သုဒဿနကတော့ ရသေ့ဟန်ဆောင်ပြီး လူ့ပြည်မှာ ရှာပုံတော် ဖွင့်မယ်။ အဲဒီမှာ အဇမုခိဆိုတဲ့ နှမတော်က လူ့ပြည်ကို သူလည်း လိုက်မယ်၊ ဖားမလေး အသွင်ဖန်ဆင်းပြီး အစ်ကိုရသေ့ရဲ့ ဆံကျစ်ကြားကလိုက် ခဲ့မယ်ဆိုပါတယ်။
    ဒီလိုနဲ့ အလောင်းတော် ဥပုသ်စောင့်ရာ ပညောင်ပင်ကြီးကစပြီး ခြေရာခံလိုက်ခဲ့ကြတာ ဗာရာဏသီမင်းရဲ့ နန်းရင်ပြင်ဆီ အချိန်မီရောက်ခဲ့ကြပါတယ်။ အလမ္ပာယ်ပုဏ္ဏားဟာ ဝတ်ကောင်းစားလှတွေ ဆင်ယင်ပြီး နဂါးကပွဲ တင်ဆက်ဖို့ စီစဉ်၊ ဘူရိဒတ်ကို ပခြုပ်တွင်းက ထုတ်လိုက်ပါတော့တယ်။ ဘူရိဒတ်ဟာ ပရိသတ်ထဲမှာ ရသေ့ယောင်ဆောင်ထားတဲ့ သုဒဿနကို တွေ့လိုက်တယ်ဆိုရင်ပဲ သုဒဿနဆီ လျှောသွားကာ ခြေဖမိုးမှာ မေးတင်ပြီး မျက်ရည်သွင်သွင် စီးကျလာတယ်။ သုဒဿနလည်း ဘူရိဒတ် ရဲ့ဖြစ်အင် မမြင်ရက်တော့လို့ ငိုရှာတယ်။ ပရိသတ်ကတော့ နဂါးကြီးလွတ်လာပြီဆိုပြီး ကြောက်ကြောက် နဲ့ ထွက်ပြေးကုန်ကြတယ်။
    အလမ္ပာယ်ပုဏ္ဏားဟာ ရသေ့ငိုတာမြင်တော့ 'သင့်ကို နဂါးကိုက်သလား'လို့ မေးတယ်။ ရသေ့က 'ငါကိုယ်တိုင် မြွေဆရာဖြစ်တယ်။ င့ါကို မြွေနဂါးတို့ ရန်မပြုနိုင်၊ င့ါကို ပြိုင်နိုင်သော မြွေဆရာမရှိ'လို့ စိန်ခေါ် လိုက်တာနဲ့ အလမ္ပာယ်ပုဏ္ဏားဟာ ဒေါသထွက်ပြီး ရသေ့ကို ဘူရိဒတ်နဂါးနဲ့ တိုက်တယ်။ အဲဒီမှာ ရသေ့ရဲ့ ဆံကျစ်ကြားက ဖားမလေး ခုန်ဆင်းလာတယ်။ နဂါးနဲ့တိုက်တဲ့ အလမ္ပာယ်ပုဏ္ဏားကို ရသေ့က ဖားနဲ့ ပြန်တိုက်တယ်။ ဖားမလေးက အဆိပ်သုံးစက် အန်ချလိုက်တာနဲ့ အဆိပ်ငွေ့တွေ ပုဏ္ဏားကို ဟပ်မိသွားတယ်။ ပုဏ္ဏားဟာ ချက်ချင်းဆိုသလို နူနာစွဲခွေးဝဲစားအသွင်ပေါက်ကာ နန်းရင်ပြင်က ဒရောသောပါး ထွက်ပြေးသွားရပါတော့တယ်။
    ဘူရိဒတ်နဂါးမင်းဟာ ဥပုသ်တော်သီလရဲ့ အကျိုးဖလကို အပြည့်အ၀ခံစားရပြီးတော့ သုဒဿနဲ့ အဇမုခိဆိုတဲ့ နှမတော်လေးတို့နဲ့အတူ ပြည်တော်ပြန်လှခဲ့ပါတယ်။ ရန်သူ နှိပ်စက်ခံရချိန်မှာတောင်မှ သီလမညှိုး၊ ဥပုသ်မကျိုးခဲ့တဲ့ အလောင်းတော် ဘူရိဒတ်နဂါးမင်းကို အတုယူကာ ဥပုသ်ပြုနိုင်ကြပါစေလို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက လမ်းညွှန်မှာ ကြားခဲ့ပါတယ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46292

© 2022 - 2025 News. All Rights Reserved.