မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အမျိုးသားရေးအမြင် ကဗျာများ

၂၀၂၅ ၊ ဇူလိုင် ၂၀

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူသွားခဲ့တာ တစ်နှစ်ကျော်ကျော်ရှိလာချိန်မှာ ဆရာတော်ကြီးရဲ့ 'ကဗျာ့ဗိမာန်' စာအုပ်သစ်ကို ၂၀၂၅ ဇွန်လမှာ 'ဆုလဲ့နန္ဒာစာပေ'က ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ကျမ်းစာအုပ်များကို ရန်ကုန်၊ သာစည်၊ ပျဉ်းမနား၊ နတ်တလူ၊ မန္တလေးတို့မှာရှိတဲ့ သာသနာပြုအသင်းအဖွဲ့များက ပုံနှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပေမယ့် 'ကဗျာ့ဗိမာန်' စာအုပ်သစ်ကို ဆုလဲ့နန္ဒာစာပေ ရန်ကုန်က ပုံနှိပ်ထုတ်ေ၀ခွင့်ရတာ ထူးခြားမှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တကယ်တော့ ဆုလဲ့နန္ဒာစာပေဆိုတာ စီးပွားရေးရည်ရွယ်ချက်နဲ့ ထူထောင်ထားတဲ့ စာအုပ်တိုက် မဟုတ်ပါဘူး။ ဆုလဲ့နန္ဒာက ဘာသာ၊ သာသနာဆိုင်ရာ စာအုပ်တွေပဲ အထုတ်များခဲ့တာ တွေ့ရပါတယ်။ ပြီးတော့ ဆုလဲ့နန္ဒာ ဇနီးမောင်နှံဟာ အမျိုးသားရေးဆရာတော် ဦးဝီရသူ (မစိုးရိမ်)ရဲ့ တပည့်ဒကာများလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဒီစာအုပ်ကို ထုတ်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ၁၄-၃-၂၂ မှာ ဆရာတော် ဦးဝီရသူဟာ ဆရာတော် ဘုရားကြီးကို သီးခြားဖူးတွေ့ခွင့်၊ မေးမြန်းလျှောက်ထားခွင့်တွေရခဲ့တာ အလွန်ထူးခြားပါတယ်။ ဉေယျဓမ်တောရမှာ ဆရာတော်ဘုရားကြီး နှစ်ရှည်လများသီတင်းသုံးခဲ့တဲ့ 'သာသနာ့ဝုဒ္ဓိကျောင်းတော်'မှာ ဆရာတော်ဦးဝီရသူ နားနေကျိန်းစက်ဖို့ လိုလေသေးမရှိအောင် ပြင်ဆင်ပေးထား စေခဲ့ပါတယ်။ ခေါင်းအုံးကအစ အပျော့နှင့် အမာသူ ကြိုက်သလို အသုံးပြုပါစေလို့ မိန့်မှာထားတယ်လို့ ဆိုပါတယ်။ ဆရာတော်ဦးဝီရသူကလည်း ကိုယ်ရေးကိုယ်တာဆိုလို့ တစ်လုံးတစ်ပါဒမှ မလျှောက်ထားဘဲ တိုင်းပြည်အရေးနဲ့ ဘာသာသာသနာ အကြောင်းအရာတွေကိုသာ မေးမြန်း လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဦးဝီရသူ အမေး၊ ဆရာတော်ကြီးရဲ့ အဖြေကို အွန်လိုင်းပေါ် မှာ့သကအကဘနမှာ မကြာခဏ နာကြားနေရလေ့ ရှိပါတယ်။
    ဆရာတော်ဦးဝီရသူနဲ့ ဆရာတော်ကြီးတို့ စာကြောင်းပေကြောင်း ပြောကြစဉ် အခုထုတ်ဝေလိုက်တဲ့ 'ကဗျာ့ဗိမာန်'အကြောင်း ရောက်သွားရာ မန္တလေးမဟာ မြိုင်စာပေက တပည့်ဒကာများထံ စာမူပေးအပ်ထားကြောင်း သိခဲ့ရပါတယ်။ ခေတ်အခြေအနေအရ ပုံနှိပ်ထုတ်ဝေခြင်းမပြုဘဲ ကျမ်းအိပ်စာရင်းထဲ ထည့်သွင်းရမယ့် ကဗျာ့ဗိမာန်စာအုပ်ကြီးဟာ မူလကတည်းက အပ်နှင်းဖို့ ရည်ရွယ်ရင်းရှိခဲ့တဲ့ ဆရာတော်ဦးဝီရသူဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ဦးဝီရသူက 'အဖိုးမဖြတ်နိုင်သော အနဂ္ဃရတနာစာအုပ်ကြီး'လို့ မှတ်ချက်ပြုထားပါတယ်။
    မူရင်း 'ကဗျာ့ဗိမာန်'ထဲက လောကရေးရာ ကဗျာများကို သီးခြားခွဲထုတ်ပြီး 'ကဗျာ့ဗိမာန် (အမျိုးသားရေးအမြင်)လို့ အမည်ပေး ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။ (ဓမ္မရေးရာကဗျာများကိုတော့ 'ကဗျာ့ဗိမာန် (ဝိပဿနာအမြင်)' ဆိုတဲ့အမည်နဲ့ ဆက်လက်ထုတ်ဝေမယ်လို့ သိရပါတယ်။
    အမျိုးသားရေးအမြင် ကဗျာများကို ဆရာတော် ဦးဝီရသူရဲ့ (၅၇)နှစ်မြောက်မွေးနေ့(၂၆-၆-၂၀၂၅) အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ]အမျိုးသားရေးအမြင်စာအုပ်ကို အမျိုးသားရေး ဆရာတော်၏ မွေးနေ့အထိမ်းအမှတ် သွေးလှူပွဲလာ သွေးလှူရှင်များအား ဓမ္မဒါနအဖြစ် လှူဒါန်းမည် ဖြစ်ပါသည်'လို့ ဆရာတော်ဦးဝီရသူရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီး ခန္ဓာဝန်စွန့် ပျံလွန်တော်မူပြီးမှ ရှားရှားပါးပါး ထွက်လာတဲ့ စာအုပ်ကြီးမို့ အကြိမ်ကြိမ်အခါခါ အားပါးတရ ဖတ်ဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီး ရဲ့ 'ကဗျာ့ဂုဏ်ရည်'နဲ့ 'ဓမ္မဂုဏ်ရည်'တို့ကို အလီလီအခါခါ ဂါရဝပြု ဖတ်ရှုခဲ့ရပါတယ်။ ဒီစာအုပ်မှာပင် ကဗျာအပုဒ်ပေါင်းသုံးရာကျော် ပါဝင်နေပြီး နောက်ထွက်မယ့် ဝိပဿနာ အမြင်မှာလည်း ဓမ္မကဗျာတွေ အများကြီးဖတ်မှတ်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆရာတော်ကြီးရဲ့ ကဗျာစာအုပ်တွေ ပုံနှိပ်ထုတ်ဝေလာခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်လောက်ကတည်းက ဖြစ်ပါတယ်။
    ၁၉၉၈ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် ပုံနှိပ်ခဲ့ တဲ့ ကဝိဗန္ဓနကထာ၊ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာမှာ ကဗျာ့ ဘဏ်တိုက်၊ ၂၀၀၃ ဇွန်လမှာ ချစ်သမီးဝိသာခါသို့၊ ၂၀၀၃ ဒီဇင်ဘာမှာ ကဗျာ့နန်းတော်၊ ၂၀၂၁ ဇူလိုင်မှာ 'အဓိပတိစကား' 'ကဗျာစာအုပ်တွေချည်း ငါးအုပ်ခန့် ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ (ကျန်နေလျှင် ဖြည့်စွက်ပေးပါ) ယခု ၂၀၂၅ ဇွန်လထုတ် 'ကဗျာ့ဗိမာန်'ဟာ ဆဋ္ဌမမြောက် ကဗျာစာအုပ်လို့ ဆိုနိုင်ပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ကဗျာစာအုပ်များမှာ အထူးပေါ်လွင်နေတာကတော့ အမျိုးသားရေးနဲ့ဇာတိမာန် နိုးကြားရှင်သန်ရေးပဲ ဖြစ်ပါတယ်။ ကဗျာဘဏ်တိုက်စာအုပ်အဖုံးမှာ 'အမျိုးဘာသာနှင့် ဘာသာ၊ သနာတော်ကို ကာကွယ်စောင့်ရှောက်တတ်ဖို့'ဆိုတဲ့ ရည်ညွှန်းချက်ကို ထင်ထင်ရှားရှား ဖော်ပြထား စေခဲ့ပါတယ်။

'ကိုယ်ချင်းစာထားကြည့်'
    - သည်တိုင်းပြည် ခို၊ သည်ရေကို သောက်၊ သည်မြေအောက်က ကူထောက်စီးပွား၊ ထုတ်ယူစားပြီး ပြည်ဖွား အိမ်ရှင်၊ ရန်သူထင်၊ အသင်မှားနေပြီ။
    - အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော၊ မျိုးရိုးဘာသာ၊ သာသနာကို ခြေရာနင်းလျက်၊ အတင်းဖျက်၊ ရက်စက်လွန်းနေပြီ။
    - အိမ်ရှင်ကဖွား၊ သမီးသားကို၊ မယားအဖြစ်၊ လင်အဖြစ်ဖြင့်၊ အနှစ်ကိုနှုတ်၊ အညစ်မြှုပ်လျက်၊ မွေးထုတ်ကလေး၊ စပ်တူသွေးတွင်၊ အရေးချက်ချာ၊ အမျိုးဘာသာအား လုယူထား၊ စော်ကားလွန်းနေပြီ။
    - သင့်အိမ်ခိုလျက်၊ သင့်ကိုဖျက်၊ သင်လက်ခံ မည်လော။ သမီးပျော်ပါး၊ သားပျော်ပါး၊ စော်ကားခံ မည်လော။      (ကဗျာ့ဘဏ်တိုက်၊ စာ-၈၄)

    ဆရာတော်ဦးဝီရသူက တရားပွဲများ၊ ဟောပြောပွဲများမှာ ဒီကဗျာကို အမြဲရွတ်ဖတ်ပြလေ့ရှိတယ်။ တောထဲမှာ ဝိပဿနာတရား အားထုတ်နေတဲ့ ဆရာ တော်ကြီးကတောင် ပြောယူရတဲ့အထိ ဖြစ်လာပြီလို့ ဆိုတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အခြားသော အမျိုးသားရေးကဗျာများဟာလည်း ဆရာ တော်ဦးဝီရသူရဲ့ နှလုံးသားကတစ်ဆင့် နှုတ်ဖျားမှာ ပွင့်အန်လာစမြဲ။
    ၂၀၂၅ ဇွန်လထုတ် 'ကဗျာ့ဗိမာန်'မှာလည်း မျိုးစောင့်ကဗျာတွေ အများကြီး ဖတ်ခဲ့ရပါတယ်။ မိစ္ဆာအဖျက်သမားတို့ရဲ့ လှုပ်ရှားမှုတွေကို ထောက်ပြသလို မိမိဘက်က အားနည်းချက်များကိုလည်း ရင်ထုမနာဖွဲ့ဆိုထားတာ တွေ့ရပါတယ်။ ခေတ်နဲ့ ခေတ်လူသားတို့ရဲ့ အခြေအနေအရပ်ရပ်ကို ကဗျာအလင်္ကာဖြင့် သုံးသပ် ဖော်ကျူးထားပုံများဟာလည်း ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
    ကြေးမက်လို့ သွေးဖျက်ရောင်းတဲ့ တစ်ကိုယ် ကောင်းသမား သမီးလေးများကို အဖေကြီးက မှာတဲ့ ဟန်နဲ့ ...
    - သမီးရေ ...
      အဖေမှာခဲ့ကွဲ့နော ...
      သွေးအတက်
      ဘေးဖျက်ရာ ဇွတ်တိုးပါခဲ့လျှင်
      အမျိုးနာ ဘာသာမှောက်
      တိုင်းပြည်ပါ ပျောက်ကရော ...
(စာ-၂၉)

    - သားတို့ရေ
      အဖေမှာခဲ့မယ်ကော
      မျိုးပျက်ရာ အသာမနေလေနဲ့
      အသာနေ သေနာပြ
      ပြေ(ပြည်)ပါ ကျမကွဲ့ ....နော ...။
(စာ-၉၉)

    သားတွေကို မှာကြားရာမှာလည်း အမျိုးပျက်ရုံမက တိုင်းပြည်ပါ ကျဆုံးသွားနိုင်ကြောင်း သတိ ပေးထားပါတယ်။ 'သို့သော်လေ ဒါပေမဲ့'ဆိုတဲ့ ခေါင်းစဉ်ဆန်း ဆန်းလေးအောက်မှာ ...
    - တိုင်းပြည်နဲ့ လူမျိုး၊ အပူမထိုး ဗျာမကြွယ်ဖို့၊ ကာကွယ်မဟဲ့ ငါစဉ်းစား သို့သော်လေ ဒါပေမဲ့ ဒါတွေနဲ့ ငါအချင်းများ။
    - မြန်တိုင်းရဲ့ ကြမ္မာ၊ ခံစရာ ကံပါလေရော့သလား၊ ယနေ့ရဲ့ ငါ့အခြေ၊ ငါ့မှာလေ တာဝန်မကျေနဲ့ ရွာလွန်တွေ ရွက်တိုက်နေသော်မှ၊ ခက်လိုက်လေ ငါခွေ နွဲ့ဒါတွေနဲ့ အဖက်လိုက်ကစား။ (စာ-၆၇)
အသိအမြင် အစဉ်အလာကြီးသူတွေက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်လောက်ပဲ ကာကွယ်စောင့်ရှောက်ချင်ပေမယ့် ရွာလွန် ရွာတိုက်ချင်သူတွေ၊ အမေကျော် ထွေးတော်လွမ်းသူတွေ၊ သူခိုးဓားရိုးကမ်းသူတွေကြားမှာ ကိုယ့်ဘက်က အားနည်းလာတာကို မချိတင်ကဲ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ခံစား ကြည့်မြင်ကြည့်ပါဦး။

'တောင်ကျချောင်းရေ'
    ဇောက်ထိုးကျ တောင်ကျရေ
    မြှောင်ကနေ ငါမတား၊
    ဆင်းအား ပြင်းအားထန်သမို့
    အတင်းတားပြန် ကန်အထုတ်ခံရမယ်
    ကံအပုပ်ဆန်တို့ရဲ့ တန်ပြန်အား။  ။(စာ-၆၂)

    ဒီနေ့ခေတ် လူငယ်လေးတွေရဲ့ အခြေအနေကို 'ခေတ်ပုံပြင်' ကဗျာမှာ ထင်ဟပ် ဖွဲ့နွဲ့ထားပါတယ်။

    ခေတ်ကလေးတွေ ခေတ်ရေးပြ
    စစ်သွေး<ကနဲ့ ပမာဆင်သည်
    ရှေ့အဆောင်ယောင်မလိုက်
    ဗြောင်တိုက်ခိုက်ဖို့ စစ်ကြေညာမည်
    အဟောင်းတိုက်က ရင်ဆိုင်မည်
    ယှဉ်ပြိုင်မကွဲ့ သစ်သစ်ချင်းလဲ
    သွေးအနိုး ရှေးရိုးတော်လှန်မလို့ အပေါ်ယံခို
    တုံးဆိုတိုက် ဗြုန်းဆိုကြိုက်
    မိုက်စိတ်တွေနဲ့ လိုက်ရိတ်ကြ
    သူပုန်စစ်နွှဲ။    ။ (စာ-၆၉)

    'ခေတ်သားကောင်'၊ 'ခေတ်ကြေးမုံ'၊ 'ခေတ်အလှ'၊ 'ခေတ်အဘိဓမ္မာ'၊ 'ခေတ်ရထား' စတဲ့ ခေတ်ကဗျာများမှာလည်း ဗြောင်းဆန်နေတဲ့ တဏှာခေတ်ကို လှစ်ဟဖော်ပြထားပါတယ်။ အမျိုးသားရေးကို ငွေပေးပြီး ဖျက်ဆီးခံနေရချိန်မှာ ဇာတိမာန်နှင့် မျိုးချစ်စိတ် နှိုးဆော်သူတွေကို ဒီမိုကရေစီအစိုးရဆိုတာကြီးက အရေးယူထောင်ချခဲ့ပါတယ်။ ဆရာတော်ကြီးက 'မင်းသိပ်မိုက်' ကဗျာနဲ့ မချိတင်ကဲ ရေးဖွဲ့ထား ပါတယ်။
(စာ-၁၂၆-ရှု)

    ဇာတိမာန်ထက်စိတ်
    ပက်လက်အိပ် သိပ်ထားလိုက်ပါ
    ကိုယ်မခံချင် ကိုယ်ပင်ခံရ
    ဒဏ်ကျသမျှ စံရထောင်မှာ။
    မင်းမကြိုက်မတိုက်သာ
    တိုက်မိပါ မင်းနှင့်ထိပ်တိုက်
    မင်းက တောင်ကြည်ဖြူ
    မင်း ဘာအူတာတုန်း ...
    ကညာဖြူ လူတစ်လုံးကိုဟယ်
    ဘယ်သူယူယူ ဘယ်သူသုံးသုံး
    သုံးစမ်းကြ သူတို့စိတ်ကြိုက်
    မင်းကဖြင့် သိပ်မိုက်။        ။

    အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတာလိုပဲ၊ ဘာသာကွဲ လူမျိုးကွဲတွေနဲ့ လက်ဆက်မိရာက တိုင်းပြည်ပါ ပြိုကွဲရမည့်ကိန်း ဆိုက်လာပုံကို 'အိမ်တင်သမက် အစီးမခံချင်နှင့်' ကဗျာဖြင့် သတိပေးထား ပါတယ်။ (စာ-၂၂၇-ရှု)

    - သည်မြေသည်တို့မြေ ဘိုးဘွားများပေးခဲ့ သောအမွေ၊
    - သည်ရေသည်တို့ရေ မိဘများ အတိအကျ ထားခဲ့သော အမွေ၊
    - သည်လေသည် တို့လေ...ဆွေမျိုးများ ဖိုးပေးထားခဲ့သောအမွေ၊ 
    - မြေရေလေတို့ ပိုင်နက်တို့လက်မှာပဲရှိကြစေ၊
    - သူ့ခွက်ဖက်လက်ခံချေ နက်ဖြန်နေ ရေမြေ လေက ကပြားမွေး၊
    - သမီးလက် သမက်ဆက်ရာမှ ချက်မှာ စကြာဖြူစုသည်နှင့်
    - သူပြုရာ ကိုယ်နုရတော့မယ် ခုကတည်းက စဉ်းစားထားကြ သည်အရေး။

    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးဟာ လူသူဝေးရာ တောတောင်ထဲမှာ တစ်ပါးတည်း တရားအားထုတ်နေရင်းက ဗီဇသန္ဓေပါ ကဗျာအတွေးနဲ့ အမျိုးသားရေးကို  အလေးဂရုပြုရေးဖွဲ့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘုရား၊ တရား၊ သံဃာ ကိုးကွယ်ရာဆိုတာ အလွန် အရေးကြီး လွန်းသမို့ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက် ဆောက်တည်ရသလိုပဲ အမျိုးသားရေးဆိုတာလည်း ပြိုကွဲသွားရင် နိုင်ငံတော်ပါ ဗုန်းဗုန်းလဲကျ ဆုံးတတ်သမို့ ဆရာတော်ကြီးက အကြိမ်ကြိမ်အထပ်ထပ် သတိပေးနှိုးဆော်နေခြင်း ဖြစ်ပါတယ်။ ကဗျာအလှနဲ့ စာသçထားရာ ဇာပဝါကို လှစ်ပြလိုက်သည့်ပမာ မြင်သာ ခဲ့တဲ့ 'ကြင်နာ'ဆိုတဲ့ကဗျာ ...။

    မျိုးတူချင်း အစဉ်အလာ
    အကြင်နာဟာ မင်္ဂလာတစ်ပါး
    မျိုးကွဲရဲ့ ဝင်အပါ
    တိုးမြဲကွဲ့ အကြင်နာဟာဖြင့်
    အကြင်မှာ အနာဖြစ်
    အမြစ်မှ ခြစား။    ။ (စာ-၂၁၅)

    မျိုးကွဲရိုးကွဲတွေ ဝင်ပါလာရင် အကြင်မှာ အနာဖြစ် အမြစ်မှချစားရုံမက 'အသံတိတ်စစ်ပွဲများ' ဆင်နွှဲနေရသလို မခံသာ အခံခက် ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လိုကုစားကြမှာလဲ။

    မျိုးဖဲ့ချူ လူချင်းနှစ်
    ချစ်မြေမှာ စစ်ကြေညာခြင်းမရှိ၊
    အတွေ့ပုန်း ထေ့လုံး ဝေ့လုံးတွေနဲ့
    နေ့လုံးမွှေ ညလုံးရစ်
    စစ်ဖြစ်နေ၏။    ။ (စာ-၁၈၀)
    
    ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ အမျိုးဘာသာသာသနာအပေါ် မျှော်ခေါ်ထားရှိတဲ့ စေတနာတရားဟာ အပိုင်းအခြားမရှိ၊ အတိုင်းအဆပမာဏမရှိ၊ အလွန်ကြီးမြတ် လှပါဘိ။ ကဗျာ့ဗိမာန် ရဲ့ စာမျက်နှာ ၃၄၁ မှာ ဖော်ပြထားတဲ့ 'ရတနာလွှမ်းခြုံထားသည့် ငါတို့မြန်မာ' ကို ဆရာတော်ဘုရားကြီး သက်တော်(၇၀)ပြည့်စဉ်က မှတ်မှတ်ရရ ရေးခဲ့တာဖြစ်ပါတယ်။
    - ဘုရားအားလုံး၊ တရားလုံးနှင့် အားလုံးသံ ဃာအာနုဘာကြောင့် ငါတို့မှီရာ ပြည်မြန်မာ၊ မင်္ဂလာ တက်သစ် ဖြစ်စေသောဝ်။
    - ငါတို့နေရာ မြေမဟာ ဒေဝါဓမ္မရာဇ် ချစ်စေသောဝ်။
    - သာသနာ့စီးပွား လူ့စီးပွား၊ ကြီးပွားတိုးတက် ကြစေသောဝ်။
    - မင်းမြတ်အားလုံး၊ နတ်အားလုံး ပေါင်းရုံး စောင့်ရှောက်ကြစေသောဝ်။
    - ဒေဝါ မင်္ဂလာ သာသနာ၊ မြန်မာတစ်ဝန်း လွှမ်းစေသောဝ်။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(  ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47245

© 2022 - 2025 News. All Rights Reserved.