ရန်ကုန်တွင် လူပျောက်ဆုံးမှုများလာ၊ တက္ကစီကားသမားများထဲတွင် လူပြန်ပေးဂိုဏ်းရှိနေ

၂၀၂၅ ၊ ဇူလိုင် ၂၄

  ယခုတလော ရန်ကုန်တွင် လူပျောက်မှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေကြောင်း သိရသည်။ ပျောက်ဆုံးရာမှ ပြန်လွတ်မြောက်လာသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ အငှားကားငှားစီးရင်း လက်မောင်းကို မေ့ဆေးဟု ယူဆရသည့် ဆေးအထိုးခံရကာ သတိမေ့သွားကြောင်း သိရသည်။ အမျိုးသမီးကြီးမှာ ပြန်ပေးများတောင်းသော ကျပ်သိန်း တစ်ရာပေးရပြီး ပြန်လွတ်လာခဲ့သည်။ အမျိုးသား ဖြစ်သူမှာ အားကစားသတင်းထောက်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်းမှအပြန် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ စာရေးသူသည် မြန်မာနိုင်ငံ အားကစားမီဒီယာ အဖွဲ့ချုပ်တွင် တာဝန်ရှိသူတစ်ဦးဖြစ်သဖြင့် အားကစားဂျာနယ် အယ်ဒီတာချုပ်က သတင်းထောက် ပျောက်သွားကြောင်း၊ တပ်သားသစ်အဖြစ် စုဆောင်းရန် ခေါ် သွားသည်ထင်ကြောင်း ပြောသည်။ စာရေးသူက ပထမအဆင့်အဖြစ် ရဲစခန်းများတွင် ထိုသတင်းထောက်ကို ဖမ်းဆီးထားခြင်း ရှိ၊ မရှိ စုံစမ်းရာ မည်သည့်ရဲစခန်းတွင်မှ ရှိမနေ။ ထို့ကြောင့် ဒုတိယဆင့်အနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးများကို မေးမြန်းရာတွင်လည်း တပ်သား သစ်အဖြစ် စုဆောင်းထားခြင်း မရှိကြောင်း၊ တပ်သားသစ်အဖြစ် စုဆောင်းရန် ခေါ်ပါကလည်း ဖုန်းမသိမ်းဆည်းကြောင်း ပြောသည်။ ဤသို့ဖြင့် မည်သည့်နေရာတွင်မှ စုံစမ်းမရဘဲ တစ်ညလုံး ပျောက်နေသည်။
    နောက်နေ့မနက်တွင် ယမန်နေ့က ဖုန်းဆက် အကူအညီတောင်းသူ အားကစားဂျာနယ် အယ်ဒီတာချုပ်က သူ့အသိ သတင်းထောက် ပြန်ရောက်လာပြီဟုဆိုကာ ဖြစ်စဉ်ကို ပြောပြသည်။ ရန်ကုန်ယူနိုက်တက် ဘောလုံးကွင်းမှ လှိုင်သာယာရှိ အိမ်သို့ ပြန်ရန် အငှားကားငှားစဉ် လူတစ်ဦး အပိုပါလာသော အငှားကားက သူဆစ်သော ဈေးဖြင့် လိုက်မည်။ သို့သော် လမ်းတွင် အခြားခရီးသည်နှစ်ယောက် ပါဦးမည်ဟု ပြောသည်။ ဈေးလည်းသက်သာ အိမ်လည်းပြန်ချင်နေသော သတင်း ထောက်က အခြားခရီးသည်ပါလည်း ပြဿနာမရှိဟုဆိုကာ အဆိုပါကားကို ငှားဖြစ်သွားသည်။ လမ်းတွင်ခရီး သည်နှစ်ယောက် တက်လာပြီး သူ့ဘေးတွင် ထိုင်ရင်း သူ့လက်မောင်းအတွင်း စူးခနဲတစ်ချက် ခံစားရကာ သတိမေ့သွားသည်။ သူသတိ ပြန်ရလာသောအခါ ကားသည် ညဘက်အမြန်လမ်းပေါ်တွင် မောင်းနေသည်ကို သိလိုက်ရသည်။ သတင်းထောက်က ဆီးသွားချင်တယ်၊ မအောင့်နိုင်တော့ဘူး ပြောသဖြင့် ကားကိုလမ်းဘေးတွင် ရပ်ပေးပြီး နှစ်ယောက်ကဘေးမှ လိုက်စောင့်သည်။ သတင်းထောက်သည် ဆီးသွားရင်း ဘေးဘီကို အကဲခပ်ကာ ဆီးသွားပြီးသည်နှင့် လမ်းဘေးအမှောင်ထဲသို့ ထွက်ပြေးတော့သည်။ နောက်မှ ကားသမားနှင့် ပြန်ပေးသမားသုံးဦးက လိုက်လာသော်လည်း သေဘေးကြောင့် ဇောကပ်ပြီးပြေးသဖြင့် နောက်မှလိုက်သူများ မျက်ခြည်ပြတ် ကျန်ခဲ့သည်။ သတင်းထောက်သည် ပြေးမိပြေးရာ ပြေးရင်း ဖြူးမြို့မှကြိုဆိုပါ၏ ဟူသော မြို့အဝင်မုခ်ဦးရောက်မှ အနီးရှိ ဘုန်းကြီးကျောင်းတွင် အကူအညီတောင်းကာ အိမ်ရှိ မိန်းမကို ဖုန်းဆက်ပြီး ကားတစ်စီးဖြင့် လာခေါ် ခိုင်းရသည်။ သူဖုန်းမဆက်မီ သူ၏ ဖုန်းကို ယူထားသော ပြန်ပေးသမားများက သူ့မိန်းမထံ ဖုန်းဆက်ပြီး ခင်ပွန်းဖြစ်သူသည် ဖြူးတွင် ရောက်နေကြောင်း၊ ပြန်လွတ်ရန် ပိုက်ဆံပေးရမည်ဟု တောင်းကြောင်း သိရသည်။


    သတင်းထောက်သည် ငယ်ရွယ်သူဖြစ်ခြင်း၊ ရသည့် အခွင့်အရေးကို အသုံးချနိုင်ခြင်းကြောင့် လွတ်မြောက်ခဲ့သော်လည်း အခြားသူများမှာ သူကဲ့သို့ ကံ မကောင်းကြပါ။ အထက်တွင် ဆိုခဲ့သော အမျိုးသမီးကြီး၏ အဆိုအရ သူမသည် သိန်း ၁၀၀ ပေးသဖြင့် လွတ်မြောက်လာသော်လည်း ထိုပြန်ပေးများ ဖမ်းထားသော အခြားသူများကိုလည်း တွေ့ခဲ့ရာ ပိုက်ဆံမပေးနိုင်သူတို့၏ဘဝကို သူမတွေးရဲဟု ဆိုရှယ်မီဒီယာတွင် ရေးသား ထားသည်။
    ယခုသတင်းဆောင်းပါး ရေးနေစဉ်တွင် လှိုင်သာယာမှ လူငယ်နှစ်ဦး လမ်းထိပ်သွားရင်း ပျောက်ဆုံးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်သဖြင့် ရဲစခန်းတွင် လူပျောက် တိုင်ထားရကြောင်း သတင်းထောက်တစ်ဦးက ဖုန်းဆက် သတင်းပေးလာပြန်သည်။
    ယခု ဖြစ်စဉ်များကို လေ့လာကာ ရန်ကုန်ရှိ အငှားယာဉ်များအတွင်း လူပြန်ပေးဆွဲနေသည့် ဂိုဏ်း တစ်ဂိုဏ်း ရှိနေသည်ဟု သုံးသပ်ရရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဆိုပါ ပြန်ပေး ဂိုဏ်းကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ပြည်သူ များကိုယ်စား တင်ပြလိုက်ရပါသည်။ ယခု အန္တရာယ်အများဆုံးမှာ အငှားယာဉ် စီးသူများဖြစ်သဖြင့် ကားပေါ် မတက်မီ ကားနံပါတ်နှင့် ကားသမားကို ဓာတ်ပုံရိုက်ပြီး မိမိတို့ အသိမိတ်ဆွေများထံ ကြိုတင် ပို့ထားသင့်သည်။ထိုသို့ ဓာတ်ပုံရိုက်ရန် အခွင့်အရေး မပေးပါက ကားနံ ပါတ်ကို အသိမိတ်ဆွေတစ်ဦးထံ ပို့ထားသင့်ပါကြောင်း လုံခြုံရေးအသိဖြင့် သတိပေးအပ်ပါသည်။

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 61

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48023

© 2022 - 2025 News. All Rights Reserved.