ရာဇဝင်ထဲက ပိုးလမ်းမ

၂၀၂၅ ၊ ဇူလိုင် ၂၀
    
  ၂၀၂၅ မေလထုတ် ဆရာနိုင်ဦး မြန်မာပြန် 'တရုတ်ရာစုနှစ် နိဂုံးလား' စာအုပ်တွင် မူရင်းစာရေးသူ 'ဘာတေးလ်လစ်တနာ'က တရုတ်ခေါင်းဆောင်ကြီးများ အမွှမ်းတင်ထားတဲ့ 'ပိုးလမ်းမ'ဆိုတာ အလိမ်အညာ ဒဏ္ဍာရီမျှသာဖြစ်ကြောင်း၊ ပိုးလမ်းမဆိုတာ တကယ်မရှိခဲ့ကြောင်း စာအုပ်အချို့ကို ကိုးကားပြီး ငြင်းဆိုသွားခဲ့ပါတယ်။ တရုတ်ဆန့်ကျင်ရေးသမား ဘာတေးလစ်တနာက ပိုးလမ်းမကို ငြင်းပယ်ကန့်ကွက်တာ အဆန်းမဟုတ်ပါဘူး။ ပိုးလမ်းမဆိုတာ ၂၀၁၃ ကစပြီး တရုတ်အစိုးရက အကောင်အထည်ဖော်နေတဲ့ BRI(Belt and Road Initiative)  စီမံကိန်းကြီးရဲ့ အသက်သွေးကြော ဖြစ်နေလို့ပါပဲ။ အတိတ်မှာ ရွှေထီးဆောင်းခဲ့တဲ့ ပိုးလမ်းမအကြောင်း ထောက်ခံပြောဆိုမိရင် BRI စီမံကိန်းကြီးကို လိုလိုလားလား ကြိုဆိုအားပေးရာ ရောက်နေတဲ့အတွက် ပိုးလမ်းမ မရှိဘူးလို့ တူးတူးခါးခါး ငြင်းဆိုလိုက်ခြင်းဖြင့် BRI စီမံ ကိန်းကြီးကို ဆန့်ကျင် ကန့်ကွက်ပြီးသား ဖြစ်နေပါတော့ တယ်။
    BRI ရဲ့ ရည်ရွယ်ချက်က 'ကမ္ဘာလုံးဆိုင်ရာ စစ်ရေးနှင့် နိုင်ငံရေးအရ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်ကာ အမေရိကန်နေရာကို ရယူဖို့ ဖြစ်သည်'လို့ ဘာတေးလ်လစ်တနာက သုံးသပ်ထားပါတယ်။ ဒါကတော့ တရုတ်ရဲ့ BRI စီမံကိန်းတစ်ခုတည်းနဲ့ မသက်ဆိုင်ဘဲ အမေရိကန်ရဲ့ ပြည်တွင်းရေး၊ ကမ္ဘာ့နိုင်ငံများရဲ့ ပြောင်းလဲနေတဲ့ အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ တရုတ်ဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်ချင်ဖြစ်၊ မဖြစ်ချင်နေ၊ သမိုင်းရာဇဝင်ထဲမှာ ပိုးလမ်းမကြီး ရှိခဲ့တာကတော့ အလွန်ထင်ရှားပါတယ်။ ချမ်းသာကြွယ်ဝခြင်းတွေ၊ ဘာသာတရားနဲ့ ယဉ်ကျေးမှု အနုပညာတွေ ယူဆောင်လာတဲ့ ဟိုရှေးရှေးက ပိုးလမ်းမအကြောင်း ကို Zhang Yiping ဆိုတဲ့ စာရေးဆရာက 'Story of the Silk Road' အမည်နဲ့ ရေးသားခဲ့ပြီး ဆရာအေးမောင်ကျော်က 'ပိုးလမ်းမသမိုင်းကြောင်း' အမည်နဲ့ ဘာသာပြန်ကာ ၂၀၁၉ ဒီဇင်ဘာမှာ ဓူဝံစာပေက ပထမအကြိမ် ထုတ်ဝေခဲ့ပါတယ်။
    ဒီစာအုပ်ကို ဘာသာပြန်သူ ဆရာအေးမောင်ကျော်ဟာ ဗကပတောပြန်တစ်ဦးဖြစ်ပြီး ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇန်နဝါရီအထိ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်မှာ Visiting Scholar အဖြစ် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 'ဤစာအုပ်တွင် ရှေးဟောင်းပိုးလမ်းမ၏ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကြား စီးပွားရေးသာမက ယဉ်ကျေးမှု၊ ဘာသာရေး၊ အနုပညာအဆိုအကများ အလုံးစုံ ပေါင်းစည်းဆက်သွယ်ကူးလူး ပေးနိုင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်'လို့ အမှာစာမှာ ဖော်ပြထားပါတယ်။
    'ပိုးချည်ထည်သည် အလွန်ရှေးကျသောခေတ်ကပင် အနောက်ကမ္ဘာသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ကုန်သည်များက ပိုးလမ်းမဟု သိကြသော လမ်းတစ်လျှောက် သယ်ဆောင် ရောင်းဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုပိုးလမ်းမဆိုသည်မှာ အာရှ၊ ဥရောပနှင့် အာဖရိကတိုက်သုံးတိုက်ကို ဆက်သွယ်ရာ တရုတ်မှသည် အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ အီရန်၊ ဆီးရီးယားနှင့် တူရကီတို့ကို ဖြတ်သန်းကာ နောက်ဆုံး ရောမ(အီတလီ)အထိ ရောက်ရှိသွားရာ လမ်းမကြီး ဖြစ်ပေသည်။' (စာ-၇)
    ပိုးလမ်းမကြီး မပွင့်သေးခင်က ဂရိ၊ ရောမစတဲ့ ဥရောပမှာ သိုးမွေးထည်နဲ့ ချည်ထည်တွေပဲ ဝတ်ဆင်ခဲ့ကြတယ်။ အရောင်အသွေးစုံလင် လှပနူးညံ့တဲ့ ပိုးထည်တွေ ရောက်လာတဲ့အခါ အလွန်နှစ်သက်စွာ ဝတ်ဆင်ခဲ့ကြတယ်။ ဒါပေမဲ့ ပိုးထည်က အလွန်ဈေးကြီးတယ်။ ရွှေထက်တောင်ဈေးကြီးတယ်။ အလွန်ဝေးလံတဲ့ တရုတ် ပြည်ကြီးကနေ နယ်မြေအများအပြားကို ကျော်ဖြတ်လာခဲ့ရတယ်။ အခွန်အခကုန်ကျစရိတ်တွေ များတယ်၊ ပိုး ထည်တွေကို လက်ဝါးကြီးအုပ်ပြီး အမြတ်များများတင် ရောင်းတဲ့ ကုန်သည်တွေလည်း ရှိတယ်။ တရုတ်ပြည်မှာတော့ လွန်ခဲ့သော နှစ်ပေါင်းငါးထောင်လောက်ကတည်းက ပိုးမွေးမြူခြင်းနှင့် ပိုးထည်ရက်လုပ်ခြင်းတွေ လုပ်ကိုင်နေခဲ့ပြီလို့ ဆိုတယ်။
    'ဘီစီ ၂ ရာစုလောက်ကပင် ဥရောပနှင့်အာရှကြား ကုန်ပစ္စည်းဖလှယ်မှု၊ အတွေးအခေါ်ချင်းဆက်နွှယ်မှုတို့ စတင်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို ပိုးလမ်းမသည် ကားကုန်သည်များ ခြေသလုံးအိမ်တိုင် မွေးမြူရေးသမားများ၏ ကျယ်ပြောလှသော သဲကန္တာရများ၊ တောရိုင်းမြေ များပေါ်တွင် တစ်လှမ်းချင်း ကျော်ဖြတ်၍ ဖောက်လုပ်ခဲ့သော လမ်းဖြစ်သည်။' (စာ-၁၂)
    တရုတ်ပြည် ဟန်မင်းဆက်လက်ထက်မှာ အနောက်ဘက်ဒေသများနဲ့ တရားဝင် အဆက်အသွယ်ရှိခဲ့တယ်လို့ ဆိုတယ်။ ပါသီယ(ပါရှန်း၊ ယခု အီရန်) ဟင်ဒူ (အိန္ဒိယ)၊ ထျောက်ဇိ (Tiaoghi- ပါရှန်းပင်လယ်အော်၏ အနောက်မြောက်ဘက်ဒေသ)နှင့် အခြားနိုင်ငံများသို့ ဆက်သွယ်ရာမှာ ပိုးထည် စတာတွေဟာ တော်ဝင်လက်ဆောင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။ အနောက်သို့ ခရီးစဉ်ကို အကြိမ်ကြိမ် နှင်ခဲ့သူကတော့ 'ကျန်းချင်း' ဆိုတဲ့ စူးစမ်း ရှာဖွေသူ သံတမန်ကြီး ဖြစ်ပါတယ်။
    'ကျန်းချင်း၏ ရှီးဝူသို့ သွားသော ပထမဆုံး ခရီးစဉ်မှသည် အနောက်ပိုင်း ဟန်မင်းဆက်၏ နောက်ဆုံးနှစ်များစွာအထိ ပိုးလမ်းမသည် နှစ်ပေါင်း ၁၄၀ လောက် ဖွံ့ဖြိုး ဝေဆာခဲ့သည်။ အရှေ့နှင့်အနောက်ကြား ထိုသို့ မကြာခဏ စီးပွားရေး၊ ယဉ်ကျေးမှုများ ကူးလူးဆက်ဆံမှုကြောင့် လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေပြီး အရှေ့ အနောက် စင်္ကြံတစ်လျှောက် ယဉ်ကျေးမှုများ ပျံ့နှံ့ တည်ရှိလာစေခဲ့သည်။' (စာ-၂၀)
    ဟန်မင်းဆက်နောက်ပိုင်းကာလမှာ ဝမ်မင် ဦးဆောင်တဲ့ သူပုန်ဘေးကြီးကြောင့် ပိုးလမ်မးကြီးခြောက် ကပ်သွားတယ်။ နှစ်ပေါင်း ၆၀ လောက်တောင် ကြာသွားသတဲ့။ ဒါပေမဲ့ သူပုန်ဘေးကို နှိမ်နင်းနိုင်ခဲ့လို့ တည်ငြိမ်အေးချမ်းလာတဲ့အခါ ပိုးလမ်းမကြီး ပြန်လည်အသက် ဝင်လာခဲ့ပါတယ်။ ပိုးလမ်းမကြီးဟာ ပိုးထည်အရောင်းအဝယ်တွေနဲ့ အလျှံပယ် ကယ်ဝလာတယ်။ အဲဒီမှာ အင်အားကြီးသူတွေ လောဘဇော တက်လာပြီး ပိုးလမ်းမကို ထိန်းချုပ်ဖို့ လုပ်ဆောင်လာကြတယ်။ အဓိကအားဖြင့် ရောမ(အီတလီ)နဲ့ ပါသီယ(ပါရှန်း-အီရန်)တို့ ထိပ်တိုက် တွေ့ခဲ့ရာ ကာဟီးတိုက်ပွဲမှာ ရောမတို့ လုံး၀ရှုံးနိမ့်သွားခဲ့တယ်။ ရောမစစ်သား နှစ်သောင်း ကျဆုံးပြီး တစ် သောင်း အဖမ်းခံရတယ်။ ပိုးလမ်းမကို ထိန်းချုပ်နိုင်ဖို့ အဲဒီလောက်အထိ စစ်မက်ပြင်းထန်ခဲ့ပါတယ်။ ပိုးလမ်းမ တစ်လျှောက် အကောက်ခွန်ဌာနတွေ၊ ကုန်သွယ်ရေးစခန်းတွေနဲ့ မြို့ပြဆန်တဲ့ တိုက်တာတွေနဲ့ လှုပ်လှုပ်ခတ်ခတ် စည်စည်ကား ကား ရှိခဲ့မှာ အမှန်ပါပဲ။
    '၁၉၀၁ ခုနှစ် ဇန်နဝါရီလတွင် ရှေးဟောင်း သုတေသနနှင့် စူးစမ်းလေ့လာရေးသမား 'မာ့အော်ရယ် စတိန်း'သည် ရှေးဟောင်းပိုးလမ်းမ၏ တောင်ပိုင်းလမ်းခွဲ ဖြစ်သော ဟိုတန်နယ်မြေတစ်ဝိုက် ရှာဖွေတူးဖော်မှုများ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။ ထိုဒေသတွင် ရှေးဟောင်းမြို့ပျက်များကို တူးဖော်တွေ့ရှိခဲ့သည်။ တူးဖော်ရရှိသော ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများကို လေ့လာခြင်းအားဖြင့် ကာလရှည်ကြာစွာ ချမ်းသာကြွယ်ဝလာ ခဲ့သော နေရာဖြစ်ကြောင်း တွေ့ရသည်။'
    ၎င်းနေရာသည် ပိုးလမ်းမ၏ အရှေ့ဘက်နှင့် အနောက်ဘက် ယဉ်ကျေးမှုများ ဖလှယ်ရာနေရာဖြစ်ခဲ့ပြီး ထိုယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသော နေရာပင်ဖြစ်သည်။ ထိုနေရာတွင် အလွန်ကြီးမား၍ လက်ရာမြောက်လှသော အဆောက်အအုံများစွာ တွေ့ရသည်။ တရုတ်ဘာသာနှင့် ရေးသား ထွင်းထုထားသော ဝါးပြား များတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ငှားရမ်းခြင်း ကန်ထ ရိုက်စာချုပ်ကို တွေ့ရသည်။ ၎င်းင်းကို ကြည့်ခြင်းအားဖြင့် ထိုဒေသသည် ဟန်ယဉ်ကျေးမှုခိုင်ခိုင်မာမာ သက်ရောက် ခဲ့သော ဒေသဖြစ်ပြီး တရုတ်ဗဟိုအာဏာပိုင်များ၏ အုပ်ချုပ်မှု သက်ရောက်ခဲ့ရာ ဒေသများ ဖြစ်သည်ကို တွေ့ရ သည်။' (စာ-၃၆)
    'ဟန်အင်ပါယာနှင့် ဝူ၏ လက်ထက်တွင် ပိုးလမ်းမကို စတင်ဖွင့်လှစ်ခဲ့'လို့ ဆိုပါတယ်။ အဲဒီခေတ်က ကုန်သွယ်ရေးလမ်းကြောင်းဟာ ရေလမ်းထက် ကုန်းလမ်းခရီးကို ပိုပြီးအသုံးပြုခဲ့ပါတယ်။ ခရီးစဉ်တွေဟာ လပေါင်း များစွာ၊ တစ်ခါတစ်ရံ နှစ်ချီပြီး ကြာမြင့်တတ်ပါတယ်။
    'ပိုးလမ်းမဟူသည်မှာ ထိုသို့သော ရှည်လျားလှသည့် ခရီးလမ်းများသာ ဖြစ်သည်။ ကုန်ပစ္စည်းများသယ်ဆောင်ရန် ကုလားအုတ်များ၊ မြင်းများ၊ မြည်းများကို အသုံးပြုကြရသည်။ ဒါဇင်ပေါင်းများစွာ အကောင်ရာချီ၍ ပါဝင်သည်။ ဟန်မင်းဆက်နှင့် ထန်မင်းဆက်တို့ ခေတ်ကောင်းသော ကာလများတွင် အရှေ့နှင့် အနောက်ကြား များပြားလှစွာသော ကုန်သည်အုပ်စုများ အဆက်မပြတ် သွားလာနေခဲ့ကြသည်။ (စာ-၃၉)
    'အနောက်ဘက်ဒေသများသို့ ပို့ဆောင်သော ကုန်စည်များတွင် ပိုးထည်များ အဓိက ဖြစ်သည်။ ၎င်းပိုး ထည်များကို ဗဟိုအာရှ၊ အနောက်အာရှနှင့် ဥရောပအထိ အားလုံးက ကောင်းစွာလက်ခံရောင်းဝယ်ကြသည်။ ထိုသို့ ပိုးထည်ကုန်သွယ်မှု အားကောင်းလာသောအခါ အနောက်ဘက်ဒေသရှိ အချို့သော နိုင်ငံများတွင် ကုန်လှောင်ရုံများ ဆောက်လုပ်ပြီး ပိုးထည်ပို့ဆောင်ရေးတွင် တက်ကြွစွာ ပါဝင်လာကြသည်။ ဥပမာအားဖြင့် စူးလီ (ယခု ရှင်ကျန်းဒေသ) နေရာသည် အရေးပါသော ကုန်စည်ဖြန့်ဖြူးရာနေရာ ဖြစ်လာသည်။ အကြောင်းမှာ ၎င်းဒေသသည် ပိုးလမ်းမ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းလမ်း ဆုံနေရာဖြစ်သောကြောင့် ဖြစ်သည်။ ခန်းကျူဒေသမှ လူများဆိုလျှင် ကုလားအုတ်များစွာဖြင့် သူတို့ဒေသမှ သိုးမွေး၊ ငရုတ်သီး စသည်များ သယ်ဆောင်၍ ချင်အန်း မြို့တော်အထိ သွားကာ ပိုးထည်များနှင့် လဲလှယ်သည်။ ထို့နောက် ပိုးထည်များကို ဗဟိုအာရှနှင့် အီရန်အထိ ပို့ ဆောင်ရောင်းဝယ်ကြသည်။' (စာ-၄၀)
    ပိုးလမ်းမကြီးဟာ ကုန်ပစ္စည်းမျိုးစုံတို့ကို ပို့ဆောင်ပေးခဲ့သလို ဗုဒ္ဓဘာသာကိုလည်း ယူဆောင်လာခဲ့ပါတယ်။ 'ဗုဒ္ဓဘာသာသည် ပိုးလမ်းမမှတစ်ဆင့် ရောက်ရှိလာပြီး ဝေ့နှင့်ကျင်း မင်းဆက်များမှ စတင်ကာ အဓိက ယဉ်ကျေးမှုနှင့် အတွေးအခေါ် ဖြစ်လာခဲ့သည်။ အရှေ့ပိုင်း ဟန်မင်းဆက်ကာလတွင် နှစ်ပေါင်းများစွာ လွှမ်းမိုး လာခဲ့သော ကွန်ဖြူးရှပ်ဝါဒသည် တရားဝင်ဝါဒအဖြစ်မှ စတင်ကျဆင်းလာသည်။ ဤအခြေအနေသည် တရုတ်ပြည်ရှိ နိုင်ငံရေးအထက်လွှာများတွင် ဗုဒ္ဓဘာသာစိမ့်ဝင် ပျံ့နှံ့ရန် အခွင့်ကောင်းဖြစ်စေပြီး နောင်နှစ်ပေါင်းများစွာ ကြာသည်အထိ ဗုဒ္ဓဘာသာသည် တရုတ်ပြည်တွင်အဓိက လွှမ်းမိုးသော ဘာသာတစ်ခု ဖြစ်လာခဲ့သည်'လို့ မှတ် တမ်းတင်ထားပါတယ်။ (စာ-၄၇၊ ရှု)
    ပိုးလမ်းမအတိုင်း ဗုဒ္ဓဘာသာသာသနာပြု ဘုန်းတော်ကြီးများ တရုတ်ပြည်ကို ရောက်လာကြပါတယ်။ အန်ရှီးကောင်း၊ ဗုဒ္ဓသံဃနှင့် ကုမာရဇီ၀ ဆရာ တော်တို့ဟာ နာမည်ကြီး ဘုန်းကြီးများ ဖြစ်ကြပါတယ်။
    'အနောက်ဘက်ဒေသမှ ဘုန်းတော်ကြီးများ တရုတ်ပြည်သို့ လာရောက်ပြီး ဗုဒ္ဓကျမ်းဂန်များသင်ကြား ပို့ချကြသည်။ ၎င်းတို့၏ ဆောင်ရွက်ချက်များက တရုတ် ဘုန်းတော်ကြီးများအား အိန္ဒိယသို့ ကိုယ်တိုင်သွားရောက်ကာ ဗုဒ္ဓစာပေများ လေ့လာလိုစိတ်ကို ဖြစ်စေသည်။ ထိုအချိန်တွင် ဗုဒ္ဓဘာသာသည် တရုတ်တစ်နိုင်ငံလုံးကို ပျံ့ နှံ့လျက်ရှိနေပြီ ဖြစ်သည်။' (စာ-၅၁)
    ပိုးလမ်းမကြီးအတိုင်း အနောက်သို့ ဗုဒ္ဓစာပေ သင်ယူရေး ခရီးစဉ်မှာ ]ဖာ့ရှန်း}လည်း ပါဝင်ခဲ့သည်။ ဖာ့ရှန်းဟာ အိန္ဒိယနဲ့ သီဟိုဠ်(သီရိလင်္ကာ)တို့မှာ ဗုဒ္ဓစာပေတွေ လေ့လာသင်ယူခဲ့တာ ၁၅ နှစ်ကြာတယ်။ အေဒီ ၄၀၄ မှာ တရုတ်ပြည်ကို ပြန်ရောက်တယ်။ ဗုဒ္ဓစာပေ ကျမ်းဂန်အတွဲများစွာ သယ်ဆောင်လာခဲ့ပါတယ်။ သူ့အတွေ့အကြုံတွေကို စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ (ဗုဒ္ဓတိုင်းနိုင်ငံများသို့ ခရီးလှည့်လည်ခြင်း)အမည်ရ ၎င်းစာအုပ်သည် ပိုးလမ်းမအကြောင်း လေ့လာခြင်းနှင့် အနောက်ဘက်ဒေသများနှင့် အိန္ဒိယတို့၏ သမိုင်းကြောင်းများကို လေ့လာ ရာတွင် ယနေ့တိုင် များစွာအရေးပါသော စာအုပ်ဖြစ်သည်' (စာ-၅၃)
    အေဒီ ၃ ရာစုမှာတော့ ဥရောပ-အာရှပါ တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အနောက်ဘက် ရောမအင်ပါယာ စီးပွားရေး အကျပ်အတည်းဖြစ်နေချိန် တရုတ်ပြည်မှာ ဟန်မင်းဆက် ပြိုကွဲနေပါတယ်။ တရုတ်ပြည်မှာ နိုင်ငံငယ်လေး တွေအချင်းချင်းအပြင်းအထန် တိုက်ခိုက်နေတဲ့အတွက် အနောက်ဘက်သို့ ကုန်သွယ်ခြင်းများ ရပ်ဆိုင်း သွားပါတယ်။ ပိုးလမ်းမလည်း ရာစုတစ်စုနီးပါး ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။ အေဒီ ၄၀၈ နှင့် ၄၀၉ မှာ ဘိုင်ဇင်တိုင်းနဲ့ ပါးရှန်းတို့လည်း စစ်ပွဲများ ဆင်နွှဲနေရာ ပိုးလမ်းမကြီး တစ်လျှောက် လုံး၀ ခြောက်ကပ်သွားခဲ့ပါ တယ်။
    'အေဒီ ၆၅၀ မှာ ၇၅၅ ကာလအတွင်း ထန် မင်းဆက်ခေတ်၏ အအောင်မြင်ဆုံး နေ့ရက်များဖြစ်ပြီး တရုတ်မင်းဆက်များသမိုင်းတွင် ပွင့်လန်းဝေဆာမှု အရှိ ဆုံး၊ ချမ်းသာ<ကယ်ဝဆုံး ကာလတစ်ခု ဖြစ်ခဲ့သည်။' (စာ-၈၅)
    ပိုးလမ်းမကြီး ပြန်လည်အသက်ဝင်လာခဲ့ချိန်မှာ 'အစ္စလာမ် အယူသည်လည်း ပိုးလမ်းမ၏ အရှေ့ ဘက်နှင့် အနောက်ဘက်ခြမ်းတို့တွင် ကြီးစွာသက်ရောက် မှုရှိခဲ့သည်။ ပိုးလမ်းမတစ်လျှောက်ရှိ သဲကန္တာရအတွင်း ဒေသဗိသု ကာလက်ရာများနှင့် ပေါင်းစပ်ထားသော မွတ်ဆလင်ပုံစံ အဆောက်အအုံများစွာ တွေ့ရမည်ဖြစ် ပြီး ၎င်းတို့သည် အရေးပါသော အထိမ်းအမှတ်နေရာများ ဖြစ်လာကြသည်'လို့ ဆိုပါတယ်။ (စာ-၈၆)
    ခရစ်ယာန်အယူဝါဒလည်း အေဒီ ၃ ရာစုမှ ၄ ရာစုအတွင်း တရုတ်ပြည်ကိုရောက်ရှိခဲ့တယ်။ ပိုးလမ်း မကြီးအတိုင်း ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုးလမ်းမကြီးဟာ စီးပွားဥစ္စာ ချမ်းသာကြွယ်ဝမှုကို သာမက ယဉ်ကျေးမှုအနုပညာနှင့် ကိုးကွယ်ရာဘာသာတရား  များကိုပါ ယူဆောင်လာခဲ့တာ ခိုင်မာတဲ့ သမိုင်းရာဇဝင် မှတ်တမ်းတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပိုးလမ်းမဟာ ကမ္ဘာလောက ဖွံ့ဖြိုးစည်ပင်လှပဖို့ နှစ်ပေါင်းရာချီထမ်းရွက်  ပြီးခဲ့ပါပြီ။ သို့သော် ဘာတေးလ်လစ်တနာဆိုသူက သူ့ ရဲ့ 'တရုတ်ရာစုနှစ် နိဂုံးလား'(The end of the chinese Century?) စာအုပ်မှာ ပိုးလမ်းမဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးကြောင်း ငြင်းဆိုထားပါတယ်။
    ပိုးလမ်းမဆိုတာ အလိမ်အညာ ဒဏ္ဍာရီသက် သက်မျှသာလို့လည်း ချိုးနှိမ်တဲ့စကားနဲ့ ချေဖျက်ထားပါတယ်။ ဘာတေးလ်လစ်တနာကို ပြောချင်တာက တရုတ်ကို ဆန့်ကျင်လို့ရတယ်၊ ပိုးလမ်းမရဲ့ အရှိတရားကို ငြင်းပယ်လို့ မရဘူးဆိုတာပါပဲ။
( မြတ်ဘုန်းသစ် )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 15

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47252

© 2022 - 2025 News. All Rights Reserved.