ရွေးကောက်ပွဲနိုင်ငံရေးမှသည် ဒီမိုကရေစီလမ်းကြောင်း ဆီသို့

၂၀၂၅ ၊ ဇူလိုင် ၆

သုံးရက်ကြာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီးနောက် ယင်းအခမ်းအနားမှ နိုင်ငံရေးအသံများစွာ ထွက်ပေါ်ခဲ့ခြင်းက အားရကျေနပ်ဖွယ် ကောင်းခဲ့သည်။ ၂၀၂၁ ခုနှစ်မှ စတင်၍ ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နိုင်ငံရေးအသံများ ဆိတ်သုဉ်းခဲ့ရပြီး နောက် ပထမဆုံး နိုင်ငံရေးအသံများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့သော အခမ်းအနားတစ်ခု ဖြစ်ခဲ့သည်။ 'ငါနှင့်မတူ ငါ့ရန်သူ'ဟု သတ်မှတ်ထားကာ ဒီမိုကရေစီအမည်ခံ အကြမ်းဖက်သမားတို့ ကြောင့် နိုင်ငံရေးသမားအများစုမှာ ကာလရှည် နှုတ်ဆိတ်ခဲ့ကြသည်။
    တပ်မတော်က တိုင်းပြည်တာဝန်ကိုရယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အစိုးရတာဝန် ဆောင်ရွက်နေချိန် နိုင်ငံရေးပါတီများ၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်တားဆီးပိတ်ပင်ထားခြင်း မရှိပေ။ သို့သော် နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းလိုခြင်းမရှိဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားလိုသော နိုင်ငံရေးမိစ္ဆာတို့၏ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟူသော အကြမ်းဖက် သွေးစာမှုဖြစ်စဉ်များ ကြောင့်သာ နိုင်ငံရေးစကားသံများက ကာလအတန်ကြာ ငြိမ်သက်ခဲ့ရပြီး မြန်မာ့နိုင်ငံရေး အမှောင်ကျခဲ့သည်။
    သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန် စတင် ယူစဉ်ကတည်းက ကတိကဝတ်ပြုထားသည့်အတိုင်း တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပေးမည်ဆိုသည့်အတိုင်း နိုင်ငံရေးပါတီများကို ပါတီပြန်လည် မှတ်ပုံတင်စေပြီး နိုင်ငံရေးလျှောက်လှမ်းများကို လမ်းဖွင့်ပေး ခဲ့သည်။ 
    နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံရေးအကြောင်းပြုကာ ဖြစ်ပေါ်ခဲ့ရသော အကြမ်းဖက်မှုများနှင့် တိုင်းပြည်မတည်မငြိမ် အခြေအနေများကို အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကို အချိန်ယူဖြေရှင်းနေရခြင်းကြောင့် မျှော်မှန်းထားသည့် နိုင်ငံရေးအပြောင်းအလဲက ကြန့်ကြာခဲ့ရခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၅ အခမ်းအနားတွင် ရွေးကောက်ပွဲ မျှော်မှန်းချက်ကို ကာလအပိုင်းအခြားတစ်ခု ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် မြန်မာ့ဒီမိုကရေစီ ရောင်နီသန်းလာပြီဟု ပြောရမည်ဖြစ်သည်။ "မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသားလူမျိုး စုတွေကို ကျယ် ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် ယခုနှစ်အကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အပြင် အချိုးကျ ကိုယ်စားပြုစနစ် (PR)စနစ်ကို လည်း ပေါင်းစပ်ကျင့်သုံးသွားမယ်လို့ ကျွန်တော်ပြော ကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ပြည်သူ တွေလို လားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်။ စတင်တာဝန်ယူကတည်းက ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၅)မှာလည်း ထည့်သွင်းချမှတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရက မူလရည်မှန်းထားတဲ့အတိုင်း ရွေးကောက်ပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိုရမ်ဖွင့် ပွဲ အခမ်းအ နား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောကြားခဲ့သည့် နိုင်ငံတော် အကြီးအကဲ၏ မိန့်ခွန်းပါ နိုင်ငံရေးစကားသံများ၊ နိုင်ငံရေး မျှော်လင့်ချက်များအပေါ် နိုင်ငံရေးပါတီများကများစွာ ထောက်ခံခဲ့ပြီးနောက် ကာလရှည် ဆိတ်သုဉ်းနေသော နိုင်ငံရေးစကားသံများကို ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ နိုင်ငံတော်အတွက် ကြီးစွာသော အပြောင်းအလဲကို ဖန်တီးပေးနိုင်မည့် ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် ကြီးမားလာခဲ့သလို တစ်ဖက်တွင်လည်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်း၍ နိုင်ငံရေးစကားဝိုင်းများဆီသို့ ဖိတ်ခေါ်လိုသည့် အသံများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ ကြသည်။ နိုင်ငံတော်အကြီးအကဲကလည်း "လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် နိုင်ငံတော် မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည် သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်နိုင်ဖို့အတွက်လည်း အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းထားခဲ့ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာ ဖြစ်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားပါကြောင်း ဒီဖိုရမ်ကနေထပ်ဆင့် အသိပေးပြောကြား လိုပါတယ်"ဟု ၎င်း၏ သဘောထားကို ထပ်ဆင့် ပြောကြားခဲ့သည်။
    ထူးခြားချက်အနေဖြင့် နိုင်ငံရေးစကားသံများ ပိုမိုပွင့်လင်းလာသလို ရွေးကောက်ပွဲအသံကြားလျှင် ကြောက်ရွံ့တတ်သော နိုင်ငံရေးတစ္ဆေတို့၏ ခြိမ်းခြောက်မှုများ၊ ရွေးကောက်ပွဲ ဖျက်လိုဖျက်ဆီး ပြုလုပ်မှုများကို ပြည်သူများ မကြောက်ရွံ့ကြရန်လည်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြည်သူများကို ပေါ်ပေါ်တင်တင်  နိုင်ငံရေးအသိပညာများ ဝေငှခဲ့ခြင်းကိုလည်း ကြားသိရသည်။ "ပြည်သူတွေအနေနဲ့ နိုင်ငံရေးကို ကြောက်နေတာတို့၊ မပတ်သက်တာတို့ စတာတွေ လုပ်နေလို့မရဘူး။ နိုင်ငံရေးက ကိုယ့်ကို စီမံသွားတာမျိုး ခံရနိုင်တယ်။ နိုင်ငံရေးဆိုတာ မပတ်သက်ဘဲ နေလို့မရဘူး။ အနည်းဆုံးတော့ သိနေရမယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွ ကြွနဲ့ ဝင်ရောက်ဆောင်ရွက်ကြရမယ်။ အထူးသဖြင့် နိုင်ငံသားတွေ ဖြစ်တဲ့အတွက် အနည်းဆုံးတော့ မဲပေးပိုင်ခွင့်ကို ကျင့်သုံးဖို့ အရေးကြီးပါတယ်။ ဒီဟာတွေကို ပြည်သူတွေ သိရှိလာတာနဲ့အမျှ ပိုပြီးတော့ မျှော်လင့်ချက် အားကောင်းလာမယ်။ စိတ်ဝင်စားမှုအား ကောင်းလာမယ်"ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကို ကြီးက ပြောသည်။
    နောက်ထပ် ထူးခြားချက်အနေဖြင့် ယခုတစ် ကြိမ်ကျင်းပသည့် ငြိမ်ချမ်းရေးဖိုရမ်တွင် အကြမ်း ဖက်လမ်းစဉ်ကို လိုက်ပါဆောင်ရွက်ခြင်းမရှိဘဲ ဒီမိုကရေစီကို ယုံကြည်စွာ ကိုင်စွဲထားကြသည့် NLD ပါတီ ဝင်ဟောင်းများကို ဖိတ်ခေါ်ကာ နိုင်ငံရေး စင်မြင့်ပေါ်သို့တက်လှမ်းနိုင်ရန် လမ်းစ ဖော်ပေးခဲ့ခြင်းကလည်း ဆက်ဆံရေးကောင်းတစ်ခုကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖိတ်ခေါ်မှုကိုလည်း အသိအမှတ်ပြု ကြောင်း၊ နိုင်ငံတော် တိုးတက်ရေးအတွက် လိုအပ်သည့်နေရာတွင် ထမ်းဆောင်ရန် အသင့်ရှိနေကြောင်း တက်ရောက်လာသည့် NLD ဗဟိုကော်မတီဝင်ဟောင်း ဒေါ်စန္ဒာမင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
    "ကျွန်မတို့က လေးနှစ်လုံးလုံး ဝေဖန်မှုတွေ၊ တိုက်ခိုက်မှုတွေ ကိုယ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဝေဖန်တိုက်ခိုက်တာ အများကြီးခံစားရတယ်။ အထင်အမြင်တွေလွဲတာ ကြုံရတယ်။ ဒါပေမဲ့ ကျွန်မက အခုပြောရရင် တရားဝင်အားဖြင့် ကျွန်မတို့ ပါတီဟာ ဥပဒေကြောင်းအရ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်မက နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်။ ပါတီမရှိသော်လည်း ကျွန်မအိမ်မှာ ငုတ်တုတ်ထိုင်နေစရာ အကြောင်းမရှိဘူး။ ကျွန်မက နိုင်ငံရေးသမားဖြစ်တဲ့အတွက် ကျွန်မ နိုင်ငံအတွက်ကို ဆောင်ရွက်ပေးရမယ်။ ဒီလိုဆောင်ရွက်ပေးဖို့ အခွင့်အလမ်းအခုချိန်မှာ ရလာတာဖြစ်တယ်။ ကျွန်မကို ဒီဖိုရမ်ကို တက် ရောက်မလားလို့ ကမ်းလှမ်းတဲ့အခါမှာ ကျွန်မက တက်ရောက်ပြီး ဆွေးနွေးနိုင်ပါတယ်လို့ ကမ်းလှမ်းချက်ကို ကျွန်မလက်ခံခဲ့တာ"ဟု ဒေါ်စန္ဒာမင်းက ၎င်း၏ သဘောထားကို ပြောဆိုခဲ့သည်။
    အစိုးရက ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာကလည်း လိုလားကြောင်း ပြောဆိုမှုများ ရှိခဲ့ခြင်းကြောင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် သန္ဓေမမှန်သော နိုင်ငံရေးသမားများ မြောင်းထဲရောက်မည့်ရွေးကောက်ပွဲ ဖြစ်လာမည်။ နိုင်ငံရေးအကြောင်းပြကာ ကိုယ်ကျိုးရပိုင်ခွင့်များအရ ပြည်ပ နိုင်ငံအသီးသီး တိမ်းရှောင်၍ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အထောက်အကူ မပြုနိုင်သော လက် နက်ကိုင်လမ်းစဉ်ကို အားပေးအားမြှောက်ပြုကာ ပြည်တွင်းအကြမ်းဖက်လုပ် ဆောင်သူတို့၏အကြောင်းကို နိုင်ငံတကာက ပိုမိုသိမြင်လာခဲ့ကြသည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်လာခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရွေ့ကို ကောင်းမွန်သော ထောက်ခံမှုများ ပြောဆိုခဲ့ကြသည်။
    အခမ်းအနားသို့ တက်ရောက်လာသော နီပေါသံအမတ်ကြီး Mr.Harishchandra Ghimire က "မြန်မာ နိုင်ငံအတွက် အရေးကြီးတဲ့အချက်ကတော့ နိုင်ငံရေးပညာရှင်တွေအားလုံး၊ သက်ဆိုင်ရာကဏ္ဍအားလုံးမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်စေဖို့၊ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်လုံခြုံမှုရှိဖို့က အရေးကြီးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ရှိမြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအခြေအနေမှာ ပါဝင်နေပါတယ်။ ဒါကြောင့် နိုင်ငံကို ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ဖို့က အဓိကဖြစ်တဲ့အတွက် သဘောထားအမြင်တွေ ကွဲပြားမှု ဘယ်လိုရှိနေပါစေ၊ ဒီလိုငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ပေးကြဖို့ အရေးကြီးပါတယ်။ ပြီးတော့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့  ရွေးကောက်ပွဲလုပ်ငန်းစဉ်အားလုံး ချောမွေ့ဖို့လိုအပ်ပြီး ဒီလို ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ဆက်ပြီး ရှေ့ကို သွား နိုင်မှာ ဖြစ်ပါတယ်"ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
    နိုင်ငံတကာ၏ အမြင်များက ပြောင်းလဲလာခြင်းနှင့်အတူ မြန်မာ့နိုင်ငံရေးကို ဖျက်လိုဖျက်ဆီး အကြံအစည်ဖြင့် ဆောင်ရွက်နေသော NUG အကြမ်းဖက်များအပေါ် ထောက်ခံမှုက သိသိသာသာ ကျဆင်းသွားသည်။ထို့အပြင် ပြည်တွင်းနေ နိုင်ငံရေးသမားအများစုကလည်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြောင်းအလဲ ဖြစ်ပေါ်လာရေးကို စိတ်အားထက်သန်ခဲ့ပြီး နိုင်ငံအပေါ် မလိုတမာ စိတ်ထားရှိသူများကို မြန်မာ့နိုင်ငံရေးမှ အပြီးတိုင် ဖယ်ရှားရေး သဘောဆန္ဒများ ရှိကြောင်းကိုလည်း တွေ့မြင်ရသည်။ ထို့အပြင် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည့် နိုင်ငံရေးပါတီတို့၏ အသံများကိုလည်း တိုင်း ရင်းသားလက်နက်ကိုင်များကြား သိခွင့်ရခဲ့ကြသည်။
    "ကျွန်တော်တို့ ကချင်ပြည်နယ်အတွင်းမှာဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် တရားဥပဒေစိုးမိုးမှု မရှိတော့ ပြည်သူတွေက အဲဒီဒဏ်ကို ခါးသီးစွာ ခံစားနေကြရတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းပြီး ပြည်နယ်အတွင်းမှာရှိတဲ့ သယံဇာတတွေကို တရားမဝင် ထုတ်ယူရောင်းချပြီး လက်နက်တွေ ဝယ်ယူကြတယ်။ ဒေသခံတွေရဲ့ဘဝကတော့ အတိဒုက္ခ ရောက်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ သဘောထားကတော့ ငြိမ်းချမ်းချင်တယ်၊ တရားဥပဒေ စိုးမိုးစေချင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲ လုပ်စေချင်တယ်။ ရွေးကောက်ပွဲလုပ်မှပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေက လွှတ်တော်ကို ရောက်လာပြီး ကျွန်တော်တို့ဒေသရဲ့ အခက်အခဲတွေကို ဖြေရှင်းပေး နိုင်မယ်"ဟု ဒီမိုကရေစီပါတီသစ်(ကချင်)၏အတွင်းရေးမှူး ဦးခေါတိန့်က ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့သည်။
    လေးနှစ်တာကာလအတွင်း ရင်ဆိုင်ခဲ့ရသော နိုင်ငံရေးအရ ဖြစ်ပေါ်လာခဲ့သော အကြမ်းဖက်မှုများ၊ ကိုယ်ကျိုးစီးပွားအရ ဖြစ်ပေါ်ခဲ့သော နယ်မြေချဲ့ထွင်ရေး စစ်ပွဲများကို နိုင်ငံရေးပါတီအသိုင်းအဝိုင်း များနှင့် ပြည်သူများက ရွံမုန်းနေကြပြီ ဖြစ်သည်။ မစားရဝခမန်းလေ လုံးထွားနိုင်ငံရေးသမားတို့၏ တော်လှန်ရေးကို ပြည်သူများ ယုံကြည်မှု မရှိတော့ခြင်းကြောင့် တည်ငြိမ်အေးချမ်းရေးကို လိုလားနေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးဖိုရမ်က ထွက်ပေါ်လာခဲ့သည့် နိုင်ငံရေးသမားတို့၏ ပွင့်အန်သော စကားသံများက ပဂတိအမှန်တရားများဖြစ်သည်။
    တိုင်းပြည်တည်ငြိမ် အေးချမ်းစွာဖြင့် အပြောင်းအလဲတစ်ရပ်ကို လိုလားနေကြပြီ ဖြစ်သည်။ ထို့ကြောင့်လည်း ငြိမ်းချမ်းရေးဖိုရမ်မှတစ်ဆင့် ထွက်ပေါ်လာခဲ့သော ရွေးကောက်ပွဲ မျှော်လင့်ချက်စကားသံများက နိုင်ငံအပေါ်ထားရှိသည့် စေတနာများကို တွေ့မြင်ရသည်။ ထို့ကြောင့် ကျင်းပပေးတော့မည့် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးကို စိတ်စေတနာမှန်စွာ အပြောင်းအလဲ လိုလားကြသူများနှင့် ဒီမိုကရေစီ အသံ ကောင်းဟစ်၍ တိုင်းပြည်မငြိမ်မသက် ဖြစ်လိုသူများကို ပြည်သူများ သိသာထင်ရှား မြင်တွေ့နိုင်ရန် ခွဲခြားပြတော့မည် ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ ကံကြမ္မာ၊ နိုင်ငံ၏ အပြောင်းအလဲကို ကိုယ်တိုင်ဖန်တီးနိုင်မည့် တန်းတူအခွင့်အရေးကို လက်ဆုပ်လက်ကိုင် ရရှိတော့မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတို့၏ ရှိသင့်ရှိထိုက်သော နိုင်ငံရေးအသိများကို အသုံးချ၍ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာမည့် ရွေးကောက်ပွဲကို ထောက်ခံကြိုဆိုမှသာ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော နိုင်ငံသားများ ဖြစ်လာနိုင်မည်ဖြစ်သည်။

(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46293

© 2022 - 2025 News. All Rights Reserved.