၂၀၂၅၊ ဇူလိုင် ၆
'ဆရာ ဗန်းမော်တင်အောင်ကို မြန်မာစာပေသမိုင်းမှာ ကြယ်နီတစ်ပွင့်အဖြစ် မှတ်တမ်းတင်ထား ကြပါတယ်။ ကျွန်တော်တို့လည်း ဆရာဗန်းမော်ရဲ့စာတွေနဲ့ ကြီးပြင်းခဲ့တာပါ။ ဆရာ့ရဲ့ 'မြစ်ဧရာပေါ်ဝယ်'၊ 'မြိုင်'၊ 'ငမြတ်ထွန်း' စတဲ့ ဝတ္တုများဟာ ခုထိ တသသစွဲလမ်းနေရဆဲပါ။ ဆရာဗန်းမော်တင်အောင်ဟာ ရသစာပေ ဝတ္တုတို၊ ရှည်များကိုသာမက ထင်ရှားတဲ့ သမိုင်းကြမ်းကြီးတစ်စောင်လည်း ပြုစုခဲ့ပါသေးတယ်။ ၁၉၆၄ မှာ ပထမအကြိမ်၊ ၁၉၇၇ မှာ ဒုတိယအကြိမ်၊ ၂၀၁၁ မှာ ကံ့ကော်ဝတ်ရည်စာပေက တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တဲ့ 'ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း' စာအုပ်ကြီး ဖြစ်ပါတယ်။
တတိယအကြိမ်ထုတ် စာအုပ်မှာသမိုင်းသု တေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မြင့်ရဲ့ အမှာစာကို ဖော်ပြထားပါတယ်။ အမှာစာမှာ 'ကိုလိုနီဝါဒ ဆန့်ကျင်လျက် အမျိုးသားရေးဝါဒကို အခြေပြုထားသည်'လို့ သုံးသပ်ထားပါတယ်။ အမျိုးသားရေးကို အခြေပြုထားသည်ဆိုတာ တစ်ဝက်တစ်ပိုင်းလောက်ပဲ မှန်ပါတယ်။ ကိုလိုနီခေတ်ဦး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု အကြောင်းကို ဆရာဗန်းမော်တင် အောင်က အမျိုးသား ရေးအမြင်နဲ့ ရေးခဲ့ပါတယ်။ နောက်ပိုင်း လွတ်လပ်ရေး ရာခါနီး တိုက်ပွဲအရှိန်အဟုန် မြင့်တက်လာချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ လှုပ်ရှားမှုများကို ကွန်မြူနစ်ဝါဒအမြင် (ဝါ) လက်ဝဲဝါဒ ရှုထောင့်က သုံးသပ်ရေးသားသွားတာ တွေ့ရပါတယ်။
တိုင်းရင်းသား ဓနရှင်လူတန်းစားများ ခေါင်းဆောင်သော ဖဆပလအဖွဲ့ချုပ် (စာ-၃၃၃)
ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော တိုင်းရင်းသားဓနရှင်နှင့် ပညာတတ်လူတန်းစားများ (စာ-၃၃၅) စသည်ဖြင့် ရေးသားထားပုံဟာ အမျိုးသားရေးဝါဒထက် လူတန်းစားအမြင်နဲ့ရေးခဲ့ကြောင်း ထင်ရှားပါတယ်။ အဝတ်အထည် ယူနီဖောင်းတောင် ကောင်းကောင်းမရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဓနရှင်လူတန်းစားလို့ သုံးသပ်ရေးသားခဲ့တာလည်း အင်မတန် အံ့သြစရာကောင်း ပါတယ်။
ကိုလိုနီခေတ်မတိုင်မီ မြန်မာနိုင်ငံ ခေတ်ဦးသမိုင်းကို ရေးရာမှာတော့ ဆရာဗန်းမော်တင်အောင်ဟာ အမျိုးသားရေးဝါဒကို အခြေပြု ရေးသားခဲ့ပါတယ်။ ထင်ရှားတဲ့ သမိုင်းဆရာကြီးများဖြစ်ကြတဲ့ ဖယ်ရာ (Phayre) ၊ ကောက်စ် (Cox) ၊ ဟာဗေ (Hervey) နှင့် ဟောလ် (Hall) ၊ ခရစ်ရှန် (Christriam) တို့ဟာ မြန်မာနိုင်ငံသမိုင်း၏ ဖြစ်ပေါ်တိုးတက်မှုနှင့် အပြောင်းအလဲများကို မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ရှုထောင့်မှ အဘယ်ကဲ့သို့မှ ကြည့်နိုင်၊ မြင်နိုင်စွမ်းအားရှိသူများ မဟုတ်ကြချေ။ မြန်မာနိုင်ငံနှင့် ၎င်း၏တိုင်း ရင်းသားများကို ကျွန်ပြုရေး၊ နာလန်မထူနိုင်အောင် ဖိနှိပ်ထားရေး အစရှိသော ကိုလိုနီအုပ်ချုပ်ရေးဆိုင်ရာ အကျိုးစီးပွားနှင့် ရှုထောင့်များမှသာ ကြည့်မြင်ခြင်း ပြုခဲ့ကြသူများ ဖြစ်ကြပေသည်။ ထို့ကြောင့် ယင်းကို လိုနီသမိုင်း ဆရာကြီးများက ရှေးဟောင်း မြန်မာနိုင်ငံသမိုင်းနှင့် သက်ဆိုင်သေ အခြင်းအရာ အဖြစ်အပျက်များကို သေးငယ်သိမ်ဖျင်းအောင် ရေးသားခဲ့ကြခြင်းများသည် စင်စစ်တော့ မဆန်းလှခြေ။' (စာ-၃၁)
ရှေးဟောင်း မြန်မာနိုင်ငံသမိုင်းနှင့်ပတ်သက်ပြီး တရုတ်နန်းတွင်း မှတ်တမ်းများ၊ ထိုင်းရာဇဝင်၊ အာရပ်သင်္ဘောမှတ်တမ်းများကို ကိုးကားရေးသားနေတာတွေဟာ အမေကျော်ထွေးတော်လွမ်းပြီး အရိုးကိုအရွက်ဖုံးတာလို့ ဆရာဗန်းမော်တင်အောင်က ဝေဖန်ထားပါတယ်။ (စာ-၃၁ ရှု)
ဆရာဗန်းမော်တင်အောင်က ရှေးဦး ပျူ၊ မွန်၊ မြန်မာ၊ ရှမ်းဆိုတဲ့သမိုင်းနဲ့ ပထဝီနိုင်ငံရေးကို ဖော်ပြထားပြီး ပုဂံခေတ် အနော်ရထာ (အနုရုဒ္ဓါ)မင်းလက်ထက်မှ ကုန်းဘောင်ခေတ်၏ ဘကြီးတော်မင်း လက်ထက်အထိကို 'ပဒေသရာဇ်ခေတ်လယ် မြန်မာနိုင်ငံ'လို့ အဆိုပြုထားပါတယ်။ ပဒေသရာဇ်ခေတ် လယ် မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို စာအုပ်တစ်အုပ်လုံးမှာ တွင်တွင်ကျယ်ကျယ် မကြာခဏ ဖော်ပြရေးသားသွားပါတယ်။ အနော်ရထာ နန်းတက်ချိန် ပုဂံခေတ်ကို 'ပဒေသရာဇ် ခေတ်ဦး'လို့ ဆိုသင့်ပြီး ဘကြီးတော်ခေတ်၊ ဘုန်းဘောင်ခေတ်ကိုတော့ 'ပဒေသရာဇ်ခေတ်နှောင်း'လို့ ပြောမှ မှန်ပေလိမ့်မယ်။ အင်းဝခေတ် အနောက်ဘက်လွန်မင်းနဲ့ သာလွန်မင်းတို့ ခေတ်ကာလကိုသာ 'ပဒေသရာဇ်ခေတ်လယ်'လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။
'ဘကြီးတော်နောက်ပိုင်း ကုန်းဘောင်ခေတ် မြန်မာနိုင်ငံကိုမူကား ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း၏ ကာလအပိုင်းအခြားအတွင်း၌ ထည့်သွင်းခြင်း ပြုရလိမ့်မည်ထင်ပေသည်။ အမရပူရနှင့် ရတနာပုံတို့ကို ဗဟိုပြု၍ အထက်မြန်မာနိုင်ငံတစ်လွှားကို စိုးစံခဲ့ကြသော မင်းတုန်းမင်းနှင့် သီပေါ အစရှိသော ကုန်းဘောင်မင်းဆက် မြန်မာဘုရင်များ၏ ဘဝသည် ကုန်းခေါင်ခေါင်တွင် အဘက်ဘက်က ပိတ်ဆို့ ဝိုင်းဝန်းခြင်း ခံနေရသော ဗြိတိသျှကိုလိုနီဝါဒသမားများ၏ စစ်သုံ့ပန်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသား သမားဘဝများထက် မည်သို့များ ခြားနားခြင်း ရှိသေးသနည်း' (စာ-၆၉)
မင်းတုန်းမင်းနှင့် သီပေါမင်းတို့ရဲ့ မြန်မာနိုင်ငံကို ဆရာဗန်းမော်တင်အောင်က တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲမဖြစ်မီ ကိုလိုနီ လုပ်ပစ်လိုက်ပါရောလား။ တကယ်တော့ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ရဲ့ ရတနာပုံ (မန္တလေး)ဟာ ကိုယ်ပိုင်အချုပ်အခြာအာဏာ ပိုင်စိုးရာ လွတ်လပ်သောနိုင်ငံတော် ဖြစ်ပါတယ်။ မင်းတုန်းမင်းကြီး ရွှေတိဂုံဘုရား ထီးတော်တင်လှူ ပူဇော်ခဲ့တာ၊ မန္တလေးမှာ ပဉ္စမသင်္ဂါယနာ တင်ခဲ့တာတွေဟာ စစ်သုံ့ပန်း သို့မဟုတ် နိုင်ငံရေးအကျဉ်းသမားဘဝနဲ့ ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ လွတ်လပ် ရေး ရှင်ဘုရင်ဘဝနဲ့ လုပ်ဆောင်ခဲ့တာတွေပါ။
ဆရာဗန်းမော်တင်အောင်မှာ သမိုင်းသုံးသပ်ချက်အမှားများ ရှိရုံသာမက သမိုင်းအချက်အလက် အမှားများ ရှိနေတာလည်း တွေ့ခဲ့ရပါတယ်။
'မြန်မာနိုင်ငံသမိုင်းတစ်လျှောက်လုံးတွင် မြန်မာပဒေသရာဇ် ဘုရင်များသည် လောကုတ္တရာ အရေးအခင်းများအတွက် ၎င်းတို့၏ ရွှေနန်းတော်များအတွင်းမှာပင် ဟူးရားနှင့် ပုရောဟိတ်ပုဏ္ဏားများကို သူကောင်းပြု ခန့်အပ်ထားခဲ့သည်မှာ အထင်အရှား ဖြစ်လေသည်။ (စာ-၉၄)
တကယ်တော့ ဟူးရားနှင့် ပုရောဟိတ်ပုဏ္ဏားများဟာ နားထွင်းခြင်း၊ ရာဇဘိသိက်ခံယူခြင်းစတဲ့ လောကီမင်္ဂလာများ ဆောင်ရွက်ဖို့ ခန့်အပ်ထားတာပါ။ လောကုတ္တရာဆိုတာ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို ရည်ညွှန်းပါ တယ်။ ပုဏ္ဏားတွေက မဂ်၊ ဖိုလ်၊ နိဗ္ဗာန်လမ်းကို မညွှန်နိုင်ပါဘူး။
'အင်းဝ၌ စိုးစံခဲ့ကြတော့ ရှမ်းလူမျိုးနှင့် ရှမ်း- မြန်မာသွေးနှောနေသော အကြီးအကဲများအနက် သတိုးမင်းဖျား၊ မင်းကြီးစွာစော်ကဲ၊ မင်းခေါင်၊ သိုဟန်ဘွား (အေဒီ ၁၅၂၃-၄၄) နှင့် မင်းကြီးရန်နောင်တို့ သည် လည်းကောင်း၊ ဟံသာဝတီ၌ စိုးစံခဲ့ကြသော မွန်လူမျိုး အကြီးအကဲများအနက် ဗညားဦး (အေဒီ ၁၃၅၄-၈၅)၊ ရာဇာဓိရာဇ်၊ ရှင်စောပု (အေဒီ ၁၄၅၃-၇၂)နှင့် ဓမ္မစေတီ (အေဒီ - ၁၄၇၂-၉၂) တို့သည်လည်းကောင်း ထင်ရှား ကြီးကျယ်ခဲ့သော ခေါင်းဆောင်ကြီးများပင် ဖြစ်ကြလေသည်။' (စာ-၅၉)
ထင်ရှားကြီးကျယ်သော ခေါင်းဆောင်ကြီးများ စာရင်းတွင် 'သိုဟန်ဘွား'ကို ထည့်သွင်းထားတာ အံ့သြဖွယ်တွေ့လိုက်ရပါသည်။ သိုဟန်ဘွားဟာ အခြားသော မင်းများကဲ့သို့ တိုင်းပြုပြည်ပြု သာသနာပြုမင်း မဟုတ်ပါ။ တိုင်းဖျက်ပြည်ဖျက် သာသနာဖျက်မင်းသာ ဖြစ်ပါတယ်။ ဘုရားစေတီတွေကို ဖြိုဖျက်ပြီး (ပေါ်တူဂီသား ငဇင်ကာကဲ့သို့) ဘုရားထဲမှာ ဌာပနာထားတဲ့ ရွှေ၊ ငွေနဲ့ ရတနာပစ္စည်းတွေကို ယူပါတယ်။ သံဃာတော်များကို အစုလိုက်အပြုံလိုက် သတ်ပါတယ်။ ပိဋကတ်တော် ဗုဒ္ဓစာပေများကို မီးရှို့ဖျက်ဆီးပါတယ်။ (မှန်နန်း၊ ဒုတွဲ၊ စာ -၁၄၂ ရှု)
ငဇင်ကာကဲ့သို့ ဆိုးရွားယုတ်မာလှတဲ့ သိုဟန်ဘွားလို မင်းဆိုးမင်းညစ်ကို ]ထင်ရှားကြီးကျယ်သော ခေါင်းဆောင်ကြီး}အဖြစ် ဆရာဗန်းမော်တင်အောင်က ဂုဏ်ပြုချီးကျူး မော်ကွန်းရေးထိုးလိုက်ပုံဟာ မယုံနိုင်စရာ ကောင်းအောင် အံ့သြဖွယ်ဖြစ်ခဲ့ပါတယ်။ 'ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း}မှာ ဗြိတိသျှနယ် ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အထူးအသားပေးရေးသားမှတ်တမ်းတင်ခဲ့တဲ့အတွက်တော့ ဆရာဗန်း မော်တင်အောင်ကို ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီးမှာပင် သူ့ကျွန်မခံတော်လှန်ခဲ့ကြတဲ့ သာယာဝတီနယ်မှ ဦးခေါင်းကြီး၊ ဟင်္သာတ၊ ဓနုဖြူနယ်များမှ ဦးမြတ်ထွန်း၊ ပြည်၊ အောင်လံနယ်မှ ဦးဘိုတို့ဟာ ဗြိတိသျှစစ်တပ်မှ အရာရှိ ကြီးများကိုယ်တိုင် လေးစားခံ့ညားရတဲ့ မျိုးချစ်တော်လှန်ရေးသမားများ ဖြစ်ပါတယ်။ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်မှုကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားများကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ပုန်ကန်ခဲ့ကြပါတယ်။
ဆရာဗန်းမော်တင်အောင်ရဲ့ သမိုင်းအမြင်မှာ နိုင်ငံရေးဝါဒစွဲတွေ ပါလာတာကြောင့် လွဲမှားသွားခဲ့တာလည်း ရှိခဲ့ပါတယ်။ ဆရာစံ တောင်သူလယ်သမားအရေး တော်ပုံကြီးကို သုံးသပ်ရာမှာ ကိုလိုနီခေတ် မြန်မာနိုင်ငံ သမိုင်းကာလများအတွင်း ဗြိတိသျှတို့၏ ကျွန်ပြုရေးကို ပထမဦးဆုံးအကြိမ် အရင်းအမြစ်မှ တူးဖော်ရှင်းလင်းခြင်းပြုရန် အားထုတ်ခဲ့သော 'အမျိုးသားရေးနှင့် ဒီမိုကရေစီရေး'လှုပ်ရှားမှုကြီးပင် ဖြစ်လေသည်လို့ ဖော်ပြထားပါ တယ်။ (စာ-၃၀၇ ရှု)
တကယ်တော့ ဆရာစံ အရေးတော်ပုံကြီးဟာ အမျိုးသားရေးပါ။ ]ဒီမိုကရေစီ}ဆိုတဲ့စကားကို ဆရာစံက ယောင်လို့တောင် မပြောကြားခဲ့ပါဘူး။ နယ်ချဲ့ကုလားဖြူ အင်္ဂလိပ်တွေကို မိစ္ဆာဒိဋ္ဌိ၊ မိမိတို့ ကိုယ်တိုင်ကတော့ အမျိုးဘာသာသာသနာရဲ့ သူရဲကောင်းများအဖြစ်သာ ဆရာစံအရေးတော်ပုံကို အကဲဖြတ်ကြပါတယ်။ သမိုင်းဆိုတာ အရှိအမှန်အတိုင်း ဆုံးဖြတ်မှ ဓမ္မဓိဋ္ဌာန်ကျပါတယ်။ ဝါဒစွဲနဲ့ ချဉ်းကပ်သုံးသပ်ရင် လွဲမှားသွားနိုင်ပါတယ်။ ဆရာစံ အရေးတော်ပုံကြီးအကြောင်း ပြောပြီး နောက် 'ဒို့ဗမာအစည်းအရုံး'၊ '၃၀၀၀ ပြည့် အရေးတော်ပုံ'၊ 'ကွန်မြူနစ်ပါတီ'တို့ကနေ ဂျပန်ခေတ်ဆီ ခုန်ပျံကျော် လွှားသွားခဲ့ပါတယ်။
ဂျပန်တော်လှန်ရေးကာလမှာ ကွန်မြူနစ်ပါတီနှင့် ဖဆပလ အဖွဲ့ချုပ်တို့ဟာ အထူးထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ကြီးက လူထုထောက်ခံမှု ပိုရခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၇ ဇန်နဝါရီလမှာ အောင်ဆန်း-အက်တလီစာချုပ် ချုပ်နိုင်ခဲ့ပြီး လွတ်လပ်ရေးရဖို့ လက်တစ်ကမ်းအ လိုမှာ ကွန်မြူနစ်တွေက တစ်စခန်း ထလာပါတယ်။
'မြန်မာနိုင်ငံ အလုပ်သမားလူတန်းစားပါတီ'က မြန်မာပြည်သူတို့၏ ကိုလိုနီဆန့်ကျင်ရေး အထွေထွေတိုက်ပွဲ ကြီးမားပြင်းထန်လာခြင်းအတွက် ဗြိတိသျှကိုလို နီဝဒသမားများက ဖဆပလအဖွဲ့ချုပ်မှ တိုင်းရင်းသား ဓနရှင်လူတန်းစားများကို နိုင်ငံရေးလိုက်လျောချက်များပေးကာ ၎င်း၏ အကျိုးစီးပွားနှင့် အခြေခံစခန်းများကို ဆက်လက်ထိန်းသိမ်းခြင်းပြုသော နိုင်ငံရေးပရိယာယ် ထိုးစစ်အဖြစ်ဖြင့်သာ သဘောထားကာ ကန့်ကွက်ခြင်း ပြုခဲ့လေသည်။' (စာ-၃၃၅)
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ']မြန်မာနိုင်ငံ အလုပ်သမားလူတန်းစားပါတီ} ရယ်လို့ မရှိခဲ့ပါက 'ကွန်မြူနစ်ပါတီ'ကို ဆိုလိုလေသလားတော့ မသိပါ။ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ ဗိုလ်ချုပ် နှင့် ဖဆပလကို ဆန့်ကျင်ဘက်ကနေ အမြဲတမ်း ကပျက်ယပျက် လုပ်ခဲ့ပါတယ်။ ဆရာဗန်းမော် တင်အောင်က 'အလုပ်သမား လူတန်းစားပါတီ'လို့ ဆိုပေမယ့် အဲဒီတုန်းက စက်ရုံအလုပ်ရုံ သိပ်မရှိသေးလို့ အလုပ်သမားလူတန်းစား တစ်ရပ်အနေနဲ့ သီးသန့် မစုစည်းနိုင်ခဲ့သေးပါ ဘူး။
ဒါပေမဲ့ အလုပ်သမားလူတန်းစားအမြင်လို့ တွင်တွင်ကြီးပြောပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များကို 'တိုင်းရင်းသားဓနရှင်နှင့် ပညာတတ် လူတန်းစားများ'လို့ ဆိုင်းဘုတ်တပ် တိုက်ခိုက်ပါတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က "ကျွန်တော့်မှာ အဝတ်နှစ်ထည်၊ သုံးထည်ကလွဲပြီး အပိုမရှိပါဘူး'လို့ ၁၉၄၆ ခု အောက်တိုဘာ ၂၀ ရက်က လူထုတစ်သိန်းကျော် တက်ရောက်တဲ့ ရွှေတိဂုံအနောက်မုခ် တရားပွဲမှာ ထုတ်ဖော် ကြေညာခဲ့လေရာ 'ဓနရှင်၊ ပညာတတ်'က ဒါပဲ ရှိသလားလို့ မေးရမလို ဖြစ်ခဲ့ပါတယ်။ ဆိုလိုတာကတော့ ဗိုလ်ချုပ်နှင့် ဖဆပလ ခေါင်းဆောင်များအပေါ် အကဲဖြတ်ပုံ လွဲမှားနေတာပါပဲ။
ဗိုလ်ချုပ်နှင့် ဖဆပလအဖွဲ့ကြီးကို နယ်ချဲ့သမားနဲ့ စေ့စပ်တယ် စသည်ဖြင့် စွပ်စွဲ ဝေဖန်နေချိန်မှာပဲ ဗိုလ်ချုပ်တို့ဟာ နယ်ချဲ့သမားရဲ့ လက်ဝါးစေတို့ရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရပါတယ်။ လွတ်လပ်ရေး ရလာပြန်တော့လည်း ကိုလိုနီနှောင်ကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ အတုအယောင် လွတ်လပ်ရေးဆိုပြီးတော့ ကွန်မြူနစ်တွေက လက်နက်ကိုင် တိုက်ကြပြန်ပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း စစ်ကြီးကို ယူဆောင်လာခဲ့ကြပါတယ်။
ဆရာဗန်းမော်တင်အောင်ရဲ့ 'ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း' စာအုပ်ကြီးမှာ ၁၉၅၈ ခု ဗိုလ်ချုပ်ကြီး နေဝင်း အိမ်စောင့်အစိုးရ ပေါ်ပေါက်လာချိန်အထိ ဖော် ပြထားပါတယ်။ သမိုင်းဆိုတာ အဆုံးမရှိ။ သမိုင်းခေတ်တွေကတော့ ပြောင်းလဲနေတယ်။ အမြင်များလည်း ပြောင်းလဲနေတယ်။ သမိုင်းအမြင်ဆိုတာ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲတွေထက် အရှိအမှန်အတိုင်းသာ ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်တတ်ဖို့ လိုတယ်မဟုတ်ပါလား။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )