သန္ဓေမမှန်တဲ့ တော်လှန်ရေးနဲ့ ဖက်ဒရယ်တောင်းလို့မရပါ

၂၀၂၅ ၊ ဇူလိုင် ၁၇

    လောကသဘာဝအရ ပြောင်းလဲမှုဆိုတာ အစဉ်အမြဲ ဖြစ်လေ့ရှိတဲ့ သဘောတရားတစ်ခုပါ။ ဆင့်ကဲ ဖြစ်စဉ်ပြောင်းလဲမှုကို Evolution လို့ ဆိုကြပါတယ်။ သဘာဝတရားအရ ပြောင်းချိန်တန်လို့ ပြောင်းလဲတဲ့ သဘောပါပဲ။ လူနဲ့လူ့ဘောင်၊ လူ့အဖွဲ့အစည်းမှာလည်း ဖြစ်သင့်ဖြစ်ထိုက်လို့ အချိန်အခါ အခြေအနေနဲ့ လိုက်ပြီး ပြောင်းလဲတဲ့ အပြောင်းအလဲကို Evolution လို့ ဆိုနိုင်ပါလိမ့်မယ်။ လွန်ဆန်လို့ မရပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေ၊ ဖြစ်သင့်တဲ့ အချိန်ကာလနဲ့ ခေတ်ကိုလိုက်ပြီး ပြောင်းလဲမှုမရှိရင် လူက လိုက်ပြီး ပြောင်းလဲပေးကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲမှုမျိုးကို Revolution တော်လှန်ရေးလို့ ဆိုကြတာပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပိုကောင်းတဲ့ အခြေအနေကို လိုချင်လို့ ပြောင်းယူကြတာလည်း တော်လှန်ရေးပါပဲ။ ဒါကြောင့်လည်း တော်လှန်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကို လူနဲ့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။ လက်ရှိအမေရိကန်မှာ ထရမ့်လုပ် နေတာတွေဟာ ပိုကောင်းလာမလား ဆိုတဲ့အမြင်နဲ့ Revolution လုပ်နေတာပဲ ဖြစ်ပါတယ်။ 
    လက်နက်ကိုင်တော်လှန်ရေးတစ်ရပ် ဆင်နွှဲဖို့ဆိုတာ အတော်ခက်ခဲတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အောင်မြင်တဲ့ တော်လှန်ရေးရှိသလို မအောင်မြင်တဲ့ တော်လှန်ရေးတွေလည်း ရှိကြပါတယ်။ အောင်မြင်တဲ့ တော်လှန်ရေးတစ်ခုဖြစ်ဖို့ အခြေအနေနဲ့ အချိန်အခါ ကိုက်ညီဖို့ အရေးကြီးပါတယ်။ အဲဒီထက် ပိုအရေးကြီးတာက သန္ဓေမှန်ဖို့ပါ။ သန္ဓေမမှန်တဲ့ တော်လှန်ရေးတွေဟာ အောင်မြင်လေ့ မရှိပါဘူး။ အကြောင်းအပေါင်း တိုက်ဆိုင်လို့ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် အင်မတန်မှ ရှားပါတယ်။ သန္ဓေမှန်တဲ့ တော်လှန်ရေးတောင် အခြေအနေနဲ့ အချိန်အခါမကိုက်ညီရင် အဟောသိကံ ဖြစ်ကြရတာ ပါပဲ။ 
    မြန်မာနိုင်ငံမှာ တော်လှန်ရေးဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ ဗြိတိသျှတွေ စသိမ်းချိန်ကတည်းက တော်လှန်ခဲ့ကြတာပဲ မဟုတ်ပါလား။ အထင်ရှားဆုံး သာဓကအဖြစ် ဆရာစံ တော်လှန်ရေးကို ကြည့်ပါ။ သူ့ရဲ့သန္ဓေက လွတ်လပ်ရေးမဟုတ်ဘဲ လယ်သမားအရေး သက်သက်သာ ဖြစ်ခဲ့တဲ့အတွက် အားနည်းခဲ့ရသလို အခြေအနေ အချိန်အခါနဲ့လည်း ကိုက်ညီမှုမရှိတဲ့အတွက် တော်လှန်ရေး ကျဆုံးခဲ့ရတယ်လို့ ဆိုရမှာဖြစ်ပါမယ်။ သို့သော် တိုင်းရင်းသားပြည်သူအားလုံးကို အမျိုးသား ရေးစိတ်ဓာတ် နှိုးဆွ ပေးနိုင်ခဲ့တဲ့အတွက် အချည်းအနှီး ဖြစ်ခဲ့ရတယ်လို့တော့ မဆိုနိုင်ပါ။ ဗြိတိသျှတော်လှန်ရေးနဲ့ ဖက်ဆစ် တော်လှန်ရေးတွေကိုကြည့်ရင် သန္ဓေလည်းမှန်သလို အခြေအနေအချိန်အခါနဲ့လည်း ကိုက်ညီတဲ့ အတွက် အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ 
    တော်လှန်ရေးဆိုတာ လက်နက်ကိုင်စွဲမှတော် လှန်ရေးမဟုတ်ပါဘူး။ ဖက်ဆစ်တော်လှန်ရေးအပြီး ဗြိတိသျှတို့ နောက်တစ်ကြိမ် အုပ်ချုပ်ဖို့အတွက် စက္ကူဖြူ စီမံကိန်းနဲ့ မြန်မာပြည်ကို ပြန်ဝင်လာ ကြတယ် မဟုတ်ပါလား။ ဒီအတိုင်းရပ်နေရင် ဆက်လက်အုပ်ချုပ်သွားမှာ ပဲဖြစ်ပါတယ်။ လွတ်လပ်ရေး ဆောလျင်စွာရမှာမဟုတ်ဘဲ ကျွန်သက်ရှည်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် တော်လှန်ရေးစိတ်ဓာတ်ကလည်း ရင့်မှည့်နေပြီ။ သန္ဓေကလည်း မှန်နေတဲ့အတွက် တပ်မတော်အား၊ လူထုအားနဲ့ နိုင်ငံရေး နည်းလမ်းအရ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတောင် ဓနသဟာ ယထဲမှာ နေမလားတို့၊ တောင်တန်းဒေသက တိုင်းရင်းသားတွေရဲ့ သဘောထားရယူပါတို့နဲ့ ထစ်ခဲ့သေးတာပဲ မဟုတ်လား။ ခေတ်ကာလ အခြေအနေအချိန်အခါနဲ့ ကိုက်ညီသလို သန္ဓေမှန်ခဲ့လို့လည်း လွတ်လပ်ရေးရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကို ဗကပကတော့ သန္ဓေမမှန်ဘူးလို့ ဆိုပါသေးတယ်။ 
    ဗကပ နဲ့ KNU တို့လည်း ၁၉၄၈ ခုနှစ် လွတ် လပ်ရေးရပြီးခါစမှာပဲ လက်နက်ကိုင်လမ်းစဉ်ကို စခဲ့ကြ တာပဲဖြစ်ပါတယ်။ ဗကပရဲ့သန္ဓေက မြန်မာနိုင်ငံကို ကွန်မြူနစ်နိုင်ငံ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်။ KNU ရဲ့ သန္ဓေက သီးခြား နယ်မြေရရှိရေးနဲ့ ကိုယ်ပိုင်နယ်မြေထူထောင်ရေး(အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်း)။ ဒီသန္ဓေတွေအရ သူတို့ရဲ့တော်လှန်ရေးတွေ မအောင်မြင်ရခြင်းဘဲဖြစ်ပါတယ်။ ရွေးတဲ့အချိန်က အစိုးရနဲ့ တပ်မတော် အားနည်းချိန်မှာ လုပ်ခဲ့ကြတာ ဖြစ်တဲ့အတွက် အချိန်အခါ ကောင်းလို့ ဆိုနိုင်ပါတယ်။ သို့သော် အခြေအနေကောင်း တော့မဟုတ်ဘူး။ အဲဒီအချိန်မှာ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေက ပါလီမန်ဒီမိုကရေစီနဲ့ ပြည်ထောင်စုစနစ်ကို တန်ဖိုးထား တည်ဆောက်နေကြတဲ့အချိန် ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ 
    ကချင်ခေါင်းဆောင် ဆမားဒူဝါး ဆင်ဝါး နောင်က  KNDO တွေ တော်လှန်ရေးမစခင် ဦးနုဆီကို လာပြီး "ကရင်တွေ ပုန်ကန်တော့မယ်၊ ကချင်တွေကိုပါ ပုန်ကန်ဖို့စည်းရုံးနေပြီ"လို့ သတင်းပို့ခဲ့တာကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုထဲက ခွဲထွက်ဖို့ ကြိုးစားသူဟာ  ဘုံရန်သူ ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ သို့သော် KIA ဖြစ်စေမယ့် မျိုးစေ့အဖြစ် ကချင်သေနတ်ကိုင်တပ်ရင်းက ဗိုလ်ကြီးနော်ဆိုင်းနဲ့ ကချင်စစ် သည်တချို့ ကရင်သေနတ် ကိုင်တပ်ရင်းတွေနဲ့အတူ KNDO နဲ့ သွားရောက်ပူးပေါင်း ခဲ့ကြပါတယ်။ KNU ရဲ့ တော်လှန်ရေးသန္ဓေ မမှန်ရတဲ့ အကြောင်းရဲ့သက်သေက ကရင်အားလုံးတော်လှန်ရေး မှာမပါခဲ့သလို ပြည်ထောင်စုအတွင်းမှာ အတူနေလိုကြပြီး အစိုးရနဲ့ ပူးပေါင်းခဲ့ကြတဲ့ ကရင်ခေါင်းဆောင်တွေအများကြီး ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယခုချိန်ထိလည်း ဒီသဘော၊ ဒီအခြေအနေကိုတွေ့ရမှာ ဖြစ်ပါတယ်။ KNU ထဲမှာကိုပင် NCA လမ်းကြောင်းအတိုင်း သွားလိုတဲ့အဖွဲ့နဲ့ စစ်ဝါဒီအဖွဲ့ ကွဲနေတာပဲ မဟုတ်ပါလား။ အဲဒီအတွက်  KNU ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အောင်မြင်စရာ မရှိပါဘူး။ အလားတူ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ တွေထဲမှာ တော်လှန်ရေးသန္ဓေမှန်တဲ့အဖွဲ့ဆိုတာ ခပ်ရှားရှားပါ။ အဓိက ပြဿနာက ဖက်ဒရယ်အကြောင်းပြပြီး အာဏာတည်ဆောက်နေကြတာပဲ ဖြစ်ပါတယ်။ KIA စတင် သန္ဓေတည်ခဲ့တဲ့ အခြေအနေကို ပြန်ကြည့်ရင် တော်လှန်ရေး သန္ဓေမှန်မမှန် အသိသာကြီးပါ။ 
    ၁၉၈၈ ခုနှစ်က အရေးအခင်းကို တော်လှန်ရေးလို့သတ်မှတ်ကြရင် အခြေအနေအချိန်အခါနဲ့ သန္ဓေမှန်တယ်လို့ ဆိုနိုင်ပါတယ်။ ဗကပက စတင်ဦးဆောင်ခဲ့ တာမှန်ပေမယ့် အရေးအခင်း ကာလအ တွင်းမှာ ဦးဆောင်ခဲ့သူတွေ ချမှတ်ခဲ့တဲ့ တော်လှန်ရေးသန္ဓေက မှန်တယ်လို့ ဆိုနိုင်ပါတယ်။ ရည်မှန်း ချက်က မဆလပြုတ်ကျရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ် ရရှိရေးပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ခေတ်အခြေအနေအရ ကမ္ဘာမှာပြောင်းလဲနေတဲ့ အပြောင်းအလဲနဲ့ မဆလရဲ့ မအောင်မြင်မှုများအရ မဆလအစိုးရနဲ့ တစ်ပါတီစနစ် ချုပ်ငြိမ်းသွားရခြင်းပဲဖြစ် ပါတယ်။ အဲဒီအချိန်မှာ တပ်မတော်နဲ့ နိုင်ငံရေးသမားတွေရဲ့ ရည်မှန်းချက်က အတူတူလို့ ဆိုနိုင်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကို ရည်မှန်းထားကြပေမယ့် မပေါင်း စည်းနိုင်ခဲ့ကြပါဘူး။ 
    အရေးအခင်းကာလမှာ ပူးပေါင်းဖွဲ့စည်းခဲ့ကြတဲ့ အောင်စုတင် ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအဖွဲရဲ့ ရည်မှန်းချက်က သူတို့အာဏာရရှိရေးပါ။  အရေးအခင်းကာလက စတင်ခဲ့တဲ့ သန္ဓေပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ တော်လှန်ရေးလက်ဝါးကြီးအုပ်မှုနဲ့ သစ္စာဖောက်မှုပါ။ ပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိတဲ့ သန္ဓေအရ စနစ်အပြောင်းအလဲဖြစ်ခဲ့ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတည်ခဲ့တဲ့သန္ဓေက စစ်အစိုးရပြုတ်ကျရေးနဲ့ သူတို့အာဏာရရှိရေးပဲ ဖြစ်ပါတယ်။ သူတို့ အာဏာရရှိရေးကို ဒီမိုကရေစီလို့ သတ်မှတ်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ နဝတ ပေါ်ပေါက်လာချိန်မှာ NLD နဲ့ ကျန် နိုင်ငံရေးသမားတွေ အနေနဲ့ တော်လှန်ရေးတစ်ခု ထပ်မံဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ မဆလမဟုတ် သလို စစ်အာဏာရှင်လည်း မဟုတ်ပါဘူး။  ပါတီစုံဒီမိုကရေစနစ်ကို ပြောင်းလဲပေးမယ့် တော်လှန်ရေး အစိုးရလို့ ဆိုနိုင်ပါတယ်။ ခေတ်ပြောင်းစနစ်ပြောင်းမှာ ဦးဆောင်သူဖြစ်တဲ့အတွက် ဒီလိုပဲ သတ်မှတ်ရမှာပါ။ သူ့ရဲ့ သန္ဓေမှန်တဲ့အတွက် စနစ်တစ်ခုကို အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မ တော်အစိုးရ တက်လာတဲ့ အချိန်မှာ အတူဝိုင်းဝန်းပူးပေါင်းကြရမယ့်အစား ထပ်မံတော်လှန်ကြဖို့ မြှောက် ပေးခဲ့ကြတဲ့အတွက်  ABSDF တွေ၊ ဘာတွေ ပေါ်လာတဲ့အထိ ဖြစ်စေခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ NLD နဲ့ နိုင်ငံရေးသမား တွေရဲ့ တော်လှန်ရေးသန္ဓေမှားသွားတဲ့ အကျိုးဆက်လို့ ဆိုရမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က စတင်ခဲ့တဲ့ NUG ရဲ့ နွေဦး တော်လှန်ရေးသန္ဓေကိုကြည့်ရင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးပဲဖြစ်တယ်။ သာမန်အားဖြင့်ကြည်ရင် မှန်သလိုလိုနဲ့ အတင်းအကျပ်ပုံဖော်နေတဲ့အတွက် သန္ဓေအလွဲ ကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ နစက အစိုးရဟာ စစ်အာဏာရှင် အစိုးရမဟုတ်သလို နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စစ်အာဏာရှင် မဟုတ်ပါဘူး။ ဒါ့အပြင် လက်ရှိ နစကအစိုးရရဲ့ ဆောင်ရွက်ချက်ကို  ဘက်အမြင်နဲ့မကြည့်ဘဲ မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင် စစ်အာဏာရှင်စနစ် တည်ဆောက်နေတာ မဟုတ်ဘူးဆိုတာကို အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ 
    NLD က ခေါင်းဆောင်တချို့နဲ့ NLD လိုလားသူတွေဟာ မလိုအပ်ဘဲ ပြည်တွင်းမှာ ပြည်သူတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေကို လှုံ့ဆော်မှု ကြီးကြီးမားမားလုပ်၊ ဆူပူအုံကြွမှု ပြင်းထန်အောင် ဆောင်ရွက်ပြီးနောက်မှာတော့ ပြည်တွင်းမှာ နေလို့မရတော့တဲ့အတွက်  ပြည်ပကိုထွက်ပြေးပြီး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ တော်လှန်ရေး လုပ်ပြီဆိုရင် လုပ်ရတဲ့အကြောင်းရင်းကို ပြရတာက ဓမ္မတာပါ။ အဲဒီအတွက်လည်း အထက်မှာဆိုခဲ့တဲ့အတိုင်း ပြသခဲ့တာပဲ ဖြစ်ပါတယ်။ သွေးဆူနေချိန်မှာ မသိသာပေမယ့် သွေးအေးလာတဲ့အခါမှာ သန္ဓေအမှားကို မြင်တတ်ကြတာ သဘာဝပါ။  စစချင်းမှာ အဖွဲ့ အားလုံးလိုလို ဝိုင်းဝန်းပူးပေါင်းခဲ့ကြပေမယ့် တဖြည်းဖြည်းချင်း ဝေးကွာလာကြတာ ဒီသဘောပါ။ ဒီရက်ပိုင်းအတွင်းမှာ NUG ရဲ့အမှားတွေ ထောက်ပြပြီး ပြင်ဖို့လိုတယ် ဆိုတာတွေဟာ မအောင်မြင်တဲ့ တော်လှန်ရေးအတွက် တရားခံရှာတဲ့သဘောပဲ ဖြစ်ပါတယ်။ 
    ဒီတော်လှန်ရေးက စကတည်းက သန္ဓေမမှန်တဲ့အတွက် ဘယ်လိုပဲပြောင်းပြောင်း အောင်မြင်လာ စရာမရှိပါဘူး။ တပ်မတော်နဲ့ နစကအစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည် ထောင်စုစနစ်ကို တည်ဆောက်မယ်လို့ ကမ္ဘာသိကြေညာပြီး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ စိတ်ရှည် ရှည်နဲ့ အတိုးအလျှော့လုပ်ပြီး စောင့်ခေါ်နေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ "NCA လမ်းကြောင်း အပေါ် ပြန်တက်ကြပါ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် သွားကြပါ၊ လွှတ်တော်ကတစ်ဆင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ကြပါ၊ တပ်မတော်အနေနဲ့ ဆွေးနွေးသဘောတူထားတာတွေကို ထောက်ခံပေးပါမယ်"  စသဖြင့် တရားဝင်အသိပေး ဆောင်ရွက်နေတာတွေဟာ အလကားလျှောက်ပြောနေတာ၊ စစ်အာဏာရှင်စနစ် တည်မြဲရေးအတွက် လှည့်ဖြားနေတာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ ဒီဆောင်ရွက်ချက်တွေဟာ အမျိုးသားရေး သန္ဓေမှန်တယ်လို့ ဆိုနိုင်တယ်။ 
    အခုလည်း နစကအစိုးရက ရွေးကောက်ပွဲ ကျင်းပပြီး မဲနိုင်တဲ့သူကို အာဏာပြန်လွှဲပေးမယ်ပြော တာနိုင်ငံအတွက် ဘာတွေမှားနေလို့လဲ။ ဒီလိုမလုပ်ရင် ဘယ်လိုလုပ်ရမှာလဲ။ သူတို့ကိုအာဏာလွှဲပေးပြီး ကျွန်တော်တို့ နိုင်ငံရေးမှာ မပါတော့ပါဘူးလို့ပြောမှ အဆင်ပြေမှာလား။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စိတ်ကူး ယဉ်သက်သက်ပဲ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံဥက္ကဋ္ဌ လုပ်နေတဲ့ မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန် ကြီးက ရွေးကောက်ပွဲက အဓိကမဟုတ်ဘူး။ ညီညွတ်ရေးက အရေးကြီးတယ်လို့ ဆိုထားတာ တွေ့ရ တယ်။ အာဆီယံအစည်းအဝေး မတိုင်ခင်က ဇင်မာအောင် ပို့ထားတဲ့ စာနောက်ကို သံ ယောင်လိုက်တာလို့ ထင်တယ်။ မြန်မာနိုင်ငံအတွက် ညီညွတ်ရေး၊ ရွေးကောက်ပွဲမှာ အားလုံးပါနိုင်ရေးက အရေးကြီးတာ လက်ခံပါတယ်။ အဲဒါတွေပြီးမှ ရွေးကောက်ပွဲလုပ်ဆို၊ သေချာတယ် နောက် ၁၀ နှစ်မဖြစ်ဘူး။ နစက အစိုးရ Legitimacy ဖြစ်သွားမှာနဲ့ သူတို့ မြောင်းထဲရောက်သွားမှာ စိုးပုံရတယ်။ နစကက ရွေးကောက်ပွဲပြီးရင် မရှိတော့ဘူး။ မဲအရတက်လာတဲ့ အစိုးရဖြစ်တဲ့အတွက် NUG နဲ့ အပေါင်းပါတွေ မြောင်းထဲရောက်၊ မရောက်ကတော့ သူတို့သန္ဓေ မှန်၊ မမှန်အပေါ်မှာ မူတည်ပါလိမ့်မယ်။ မိမိတို့ရဲ့ သန္ဓေမှန်ရင်၊ စေတနာ မှန်ရင် ရွေးကောက်ပွဲရော ရွေးကောက်ပွဲက တက်လာတဲ့အစိုးရကိုရော ကြောက်စရာမလိုဘူး ထင်တယ်။ ကြောက်လို့ ဖျက်နေပြီ ဆိုကတည်းက သန္ဓေမမှန်တာ ကိုပြနေတာပဲ မဟုတ်လား။ 
    NUG ရဲ့ နွေဦးတော်လှန်ရေးသန္ဓေအမှားနဲ့ ဆောင်ရွက်ချက်အမှားတွေက အတင်းအကျပ် ပုံစံသွင်း ဝါဒဖြန့်တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ပြည်တွင်းထောက်ခံမှုနဲ့ နိုင်ငံတကာလက်ခံမှု ကျဆင်းလာ နေတာပဲ ဖြစ်ပါတယ်။ အဆိုးဆုံးက တပ်မတော်ကို စစ်အာဏာရှင်စနစ် သွတ်သွင်းနေတာ၊ ပြည်သူတွေ ကို အသားလွတ်သတ်နေတာ၊ ၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ်ကို ဖန်တီးထားတာ' ဆိုတဲ့ ဝါဒဖြန့်မှုပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စနစ်ပြောင်းကာလအတွက် အသင့်တော်ဆုံးနဲ့ ရှိခဲ့ပြီးသား အခြေခံဥပဒေသုံးခုထဲမှာ ဒီမိုကရေစီအကျဆုံးနဲ့ ပြည်ထောင်စု အခွင့်အရေး အပေးဆုံး အခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေးကို အဓိကထားတဲ့အတွက် ဖက်ဒရယ် အခွင့်အရေးမှာ အားနည်းနေတယ် လို့ဆိုနိုင်ပေမယ့် မှန်ကန်စွာ ပြောင်းလဲနိုင်ရင် ပြီးပြည့်စုံတဲ့ အခြေခံဥပဒေတစ်ခု ဖြစ်လာမှာမလွဲပါ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် မဟုတ်သလို တပ်မ တော်ကလည်း စစ်အာဏာရှင်စနစ်ကို အသက်သွင်းနေတာ မဟုတ်ပါ။ အဲဒီစွပ်စွဲချက် အမှားကပင် NUG နဲ့ နွေဦးတော်လှန်ရေးကို ကျဆုံးစေမှာဖြစ်ပါတယ်။ တိုင်းပြည်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်သူ့အကျိုးကို ကြည့်မယ်ဆိုရင် ၂၀၂၀-၂၁ မှာ အခုလို လုပ်ခဲ့စရာ မလိုပါ။ တိုင်းပြည်အကျိုး၊ ဖက်ဒရယ်အကျိုး၊ မိမိတိုင်း ရင်းသားများရဲ့ အကျိုးကို ရှေးရှုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တော်လှန်ရေးသန္ဓေမှန်ဖို့တော့ လိုပါလိမ့်မယ်။ စစ်မှန်တဲ့ ဖက်ဒရယ်အတွက် လက်နက်ကိုင်အင်အား တည်ဆောက်စရာ မလိုပါ။ 
(ဇော်နိုင်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46994

© 2022 - 2025 News. All Rights Reserved.