သိဒ္ဓိတင်နေတာလား၊ သိက္ခာချနေတာလား

၂၀၂၅၊ ဇူလိုင် ၂၄

    BBC သတင်းဌာနဟာ ဘက်လိုက်ရုံတင်မကဘဲ သွေးခွဲတဲ့နေရာမှာလည်း အင်မတန်မှ ကျွမ်းကျင်တဲ့ သတင်းဌာနတစ်ခု ဖြစ်ပါတယ်။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် အမှားကို အမှန်၊ အမှန်ကို အမှားဖြစ်အောင် ဆောင်ရွက်တတ်သလို တစ်ဖက်ကို ဖိနင်းပြီး တစ်ဖက်ကို မတန်တဆ ထောင်တက် အမြတ်ထွက်အောင်လည်း လုပ်တတ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ BBC ရဲ့ ဦးတည် ပစ်မှတ်က ၁၉၈၈ ခုနှစ် ဆိုရှယ်လစ်စနစ် ပြုတ်ကျပြီးကတည်းက တပ်မတော်ပါ။ ရန်သူသဖွယ်ကို ထိုးနှက် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်ကောင်း အမြဲတမ်းလိုလို တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေအပေါ်မှာ ထိုးနှက်လေ့ ရှိပါတယ်။ ဒါကို အမှန်အတိုင်း ရှုမြင်နိုင်မှသာ မြန်မာ့နိုင်ငံရေးကောင်းလာနိုင်မှာ ဖြစ်ပါတယ်။
    ဘာဖြစ်လို့ တပ်မတော်အပေါ်မှာ မကောင်းမြင် အပြစ်ရှာသလဲဆိုတော့ ကျောင်းတော်က ရန်စလို့ ဆိုရပါလိမ့်မယ်။ မြန်မာ့တပ်မတော်နဲ့ ဗြိတိသျှတို့ကြားမှာ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ လွတ်လပ်ရေး ပေးလိုက်ရပေမယ့် မြန်မာ့တပ်မတော်ကို လက်ျာ-ဖရီးမန်းစာချုပ်၊ နု-အက်တလီစာချုပ်တွေနဲ့ ထိန်းချုပ်ထားခဲ့တာပါ။ လွတ်လပ်ရေးရပြီးနောက် တပ်မတော်ရဲ့ လက်နက်အပါအဝင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး၊ လေ့ ကျင့်ရေးတွေကို ဗြိတိသျှတို့က ကိုင်တွယ်ထားတာပါ။ သူတို့ သဘောမတူရင် ဘာမှလုပ်လို့ မရပါဘူး။ အဲဒီလို အခြေအနေကို ဗိုလ်ချုပ်ကြီးနေဝင်းက တဖြည်းဖြည်းချင်း ပြောင်းလဲရယူခဲ့တဲ့အတွက် လွတ်လပ်တဲ့ မြန်မာ့တပ်မတော်ဖြစ်လာခဲ့တာပါ။ မြန်မာ့တပ်မတော်အနေနဲ့ အမျိုး သားရေးနဲ့ အချုပ်အခြာအာဏာကို တန်ဖိုးထား ဆောင်ရွက်ခဲ့တာတွေဟာ ဗြိတိသျှတို့အတွက် ရွှေဥကြမ်းကြား ညပ်သလို ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။ BBC ဟာ လွတ်လပ်တဲ့ အသံလွှင့်ဌာနတစ်ခု မဟုတ်ဘဲ အစိုးရရဲ့ မူဝါဒအောက်မှာ ရှိတယ်ဆိုတာ အားလုံး သိကြမှာပါ။ 
    တပ်မတော်သမိုင်းကို ပြန်ကြည့်ရင် ဖွဲ့စည်းတည်ထောင်မှု နှစ်ခု ရှိပါတယ်။ ပထမက ဂျပန်တွေဖွဲ့ စည်းပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်နဲ့ ဗမာ့လွတ်လပ်ရေးတပ် မတော်ပါ။ ဂျပန်ခေတ် ဆင့်ကဲပြောင်းလဲမှုတွေကို အကျယ်မချဲ့တော့ပါဘူး။ ဒုတိယတည်ထောင်မှုက ဗြိတိသျှတပ်မတော်လက်အောက်မှာ ဖွဲ့စည်းခဲ့ရတာပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မောင့်ဘက်တန်တို့ ဆွေးနွေးအတည် ပြုခဲ့ကြတဲ့ ဂန္ဒီစာချုပ်အရပါ။ ဒါကြောင့်လည်းလွတ်လပ်ရေးရပြီးနောက် သီးခြားလွတ်လပ်တဲ့ တပ်မတော်အဖြစ် ဖန်တီးလို့မရဘဲ ဗြိတိသျှတို့ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာ ပဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့အစ နှစ်ခုလုံးရဲ့ ခေါင်းဆောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပါ။ သီးခြားလွတ်လပ်တဲ့ မြန်မာ့တပ်မတော်အဖြစ် ဖန်တီးပေးခဲ့တာက ဗိုလ်ချုပ်ကြီး နေဝင်းပါ။ ဒါကြောင့်လည်း တပ်မတော်ရဲ့ ဖခင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ကြတာ ပါ။ 
    ပြီးခဲ့တဲ့အပတ်က ကျွန်တော် ရေးသားခဲ့တဲ့ "သန္ဓေမမှန်တဲ့ တော်လှန်ရေးနဲ့ ဖက်ဒရယ်တောင်းလို့ မရပါ" ဆောင်းပါးကို ကျွန်တော့်ရဲ့ Facebook Account  Zaw Naing  မှာပြန်တင်တဲ့အခါ အောက်မှာ Comment တစ်ခုလာရေးတာ တွေ့ရတယ်။ "သခင်စိုးကတော့ ခင်ဗျားတို့တပ်က ကဆုန်လပြည့် ဗုဒ္ဓနေ့ အရုဏ်တက်ချိန် ဇရပ်ပေါ်မှာ ဝရမ်းပြေးက ဖာသည်မကို မုဒိမ်းကျင့်ပီး မွေးလာတဲ့ ကလေးလို့ ပြောခဲ့တာပဲ။ အချိန်၊ နေရာ၊ အကြောင်းခံ၊ ဗီဇ ဘာတစ်ခုမှ မမှန်ဘူးတဲ့} အဲဒီလိုမန့် ထားတယ်။ သူဘယ်သူလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ဘာကောင်းကျိုးမှ မပေးခဲ့တဲ့၊  လွတ်လပ်ရေးမရခင်ကတည်းက လက်နက်ကိုင်လမ်းစဉ်ကို စတင်ခဲ့တဲ့ အလံနီကွန်မြူနစ်ခေါင်း ဆောင်ရဲ့ အပြောကို ယူထားတာ တွေ့ရတော့ ဒီပုဂ္ဂိုလ်အနေနဲ့ တပ်မတော်အပေါ် ဘယ်လို သဘောထားသလဲဆိုတာ ခန့်မှန်းမိပါတယ်။ တော်လှန်ရေးနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဖန်တီးမွေးမြူပေးခဲ့တဲ့ တပ်မတော်ကို ဒီလို ပြောတာတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် ဝရမ်းပြေးနဲ့ ဖာသည်မသား ဖြစ်မသွားပေဘူးလား။ ဗြိတိသျှတို့အပါအဝင် အနောက်အုပ်စုရဲ့ China Containment  Policy  အရ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေရဲ့ အကျိုးဆက်အရ ဖြစ်မယ်လို့ ထင်ပါတယ်။ 
    အခုလည်း(၇၈)နှစ်မြောက်အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်း လိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့ ရန်သူတော် နံပါတ် တစ်အဖြစ် သဘောထားခံရသူ၊ အာဇာနည်နေ့ အထူးမေးမြန်းခန်းအဖြစ် BBCက ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။ ဝေဖြိုးက ဗုဒ္ဓဘာသာဘုန်းတော်ကြီးဟောင်းဆို သူအမေရိကန်နိုင်ငံသား Alan Clements နဲ့ အင်တာဗျူး ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ Alan  Clements က အမေရိကန် ဗားဂျီးနီးယားတက္ကသိုလ်မှာ ကျောင်းတစ်နှစ်တက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်ပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံဘက်ကို ထွက်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မဟာစည်နဲ့ ပဏ္ဍိတာရာမကျောင်းတိုက် ဆရာတော်တွေဆီမှာ ဗုဒ္ဓစာပေတွေကို လေ့လာခဲ့သူပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူနဲ့စတင် ရင်းနှီးခဲ့သူက ဦးတင်ဦး (ဗိုလ်ချုပ်ကြီးဟောင်း၊ NLD နာယက)ပါ။ ဦးတင်ဦးရဲ့ မိတ်ဆက်ပေးမှုအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ခဲ့တာပဲ ဖြစ်ပါတယ်။ 
    သူ့ရဲ့အပြောတွေကို သေချာနားထောင်ကြည့် ရင်တစ်ဖက်စောင်းနင်း ပြောဆိုနေတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဦးတင်ဦးနဲ့ သူတွေ့ချိန်မှာ ဦးတင်ဦးက အုန်းကျော်မြင့် နိုင်ငံတော်ပုန်ကန်မှု ပြဿနာအရ ထောင်ကျပြီး ပြန်လွတ်လာချိန်မှာ ဖြစ်ပါတယ်။ အဲဒီကစပြီး သူ့အနေနဲ့ ဦးတင်ဦးကို အတော်လေးစားခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အဖြေက ရှင်းရှင်းလေးပါ။ ဦးတင်ဦးက သူဦးစီးချုပ် ဘဝက ပြုတ်ခဲ့ရတာ၊ အုန်းကျော်မြင့် အရေးအခင်းမှာ ထောင်ကျခဲ့ရတာတွေကို အမှန်အတိုင်း ပြောမယ်ထင်လား။ ဦးနေဝင်းကို ပုံချပြီး သူတော်ကောင်း လုပ်ခဲ့တာ သေချာတယ်။ ဘာလို့လဲဆိုတော့ Clements ရဲ့အင်တာဗျူးမှာ ပြောခဲ့တဲ့အချက်တွေက သက်သေခံနေ လို့ပဲဖြစ်တယ်။ အဲဒီအချိန် ကတည်းကစပြီး Alan  Clements ဟာ ဘက်အမြင် ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေ၊ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေ၊ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အမှန်တွေနဲ့ ယှဉ်ထိုးကြည့်ရင် Clements  ရဲ့ အပြောတွေ၊ အရေးအသားတွေဟာ  တစ်ဖက်ကို သိသိသာသာ ယိမ်းနေတဲ့အပြင် ထိုးပါချနေသလိုဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ သူလည်း ဒေါ်အောင်ဆန်းစုကြည်ကို မှီပြီး နာမည်ကြီးချင်တဲ့ ဝီလျှံယက်တောနဲ့ ထူးမခြားနားလို့ ဆိုရမှာဖြစ်ပါတယ်။ 
  BBC ကပြောသလို ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ်ပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကို လိုက်ခဲ့သလား၊ တပ်မတော်ကပဲ ရန်သူတော် နံပါတ်တစ်အဖြစ် သတ်မှတ်ထားတာလားဆိုတာ ဆန်းစစ်ဖို့တော့ လိုပါလိမ့်မယ်။ နောက်တစ်ချက် စဉ်းစားရမှာက တပ်မတော်က ရန်သူနံပါတ်တစ် အဖြစ်ထားတယ်ဆိုရင် ဘာကြောင့်ထားသလဲ ဆိုတာပါပဲ။  Alan Clem-ents  ရဲ့အပြောမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာလိုချင်လို့ ရန်သူအဖြစ် ထားသယောင်စွပ်စွဲပြော ဆိုသွားတာ တွေ့ရပါလိမ့်မယ်။ တပ်မတော်ဆိုတာ နိုင်ငံရဲ့ အားအကောင်းဆုံးInstitution ပါ။ မူဝါဒအားဖြင့် အမျိုးသားလုံခြုံရေး အန္တရာယ်ရှိသူမှန်သမျှကို ရန်သူအဖြစ် သတ်မှတ်လေ့ရှိတာသဘာဝပါ။ ဘယ်တိုင်းပြည်၊ ဘယ်တပ်မတော်မဆို ဒီအတိုင်းချည်းပါပဲ။ အနီးစပ်ဆုံး ထိုင်းတပ်မတော်ကိုကြည့်။ ဘုရင်စနစ်ကို တန်ဖိုးထားပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ပြည်သူတွေက လက်ခံထားကြသလို ဥပဒေအရလည်း တည်ရှိနေတဲ့အတွက် ဘုရင်စနစ်နဲ့ ဘုရင်ကို တိုက်ခိုက်လာသူ မှန်သမျှကို ရန်သူအဖြစ်နှိမ်နင်းတာ တွေ့ရပါလိမ့်မယ်။ မြန်မာ့တပ်မတော်မှာ ခေါင်းဆောင်တွေ ပြောင်းလဲသွားခဲ့တာ မနည်းတော့ပါဘူး။ သက်သက်မဲ့ အလကားနေရင်း ဘယ်သူ့ကိုမှ ရန်သူအဖြစ် မသတ်မှတ်သလို၊ ဘယ်သူ့ကိုမှလည်း အလကားနေရင်း ခေါင်းပေါ် တင်မထားပါဘူး။ သူ့အတွက်စံက အမျိုးသား အကျိုး စီးပွားနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ။ တပ်မတော်အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ်ထားမယ်ဆို ရင်လည်း ဒီစံအရသာ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ထားစရာကို မရှိဘူး။ သူ့အလုပ် သူလုပ်နေကြတာ အားအား လျားလျား ဘယ်သူက ရန်သူ ဘယ်သူကမိတ်ဆွေ လိုက်သတ်မှတ်မနေဘူး။  သူ့ရဲ့မူနဲ့ စံထက်ကျော်နေရင်တော့ လုပ်ရပ်အရ ဘယ်သူမဆို ရန်သူ ဖြစ်သွားနိုင်တာပါပဲ။ 
    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကို တကယ်လိုက်ခဲ့သလားဆိုတာ မဆန်းစစ်မီ အမျိုးသားစည်းလုံးမှုပြိုကွဲရေး အခြေအနေတွေကို အမှန်အတိုင်း သိဖို့ကလည်း အရေးကြီးပါတယ်။ အမျိုးသားလို့သုံးရင်  နိုင်ငံသားအားလုံးပါရှိတဲ့ သဘောပါ။ တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသားတွေလည်း ပါပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး စကားလုံးဟာ အတော်ကောင်းတဲ့ သည်းခြေကြိုက် နိုင်ငံရေးစကားလုံးပါ။ လေနဲ့ပြောတာထက် လက်တွေ့က ပိုအရေးကြီးပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ချက်အနေနဲ့ တစ်ခုလောက်ရှိရင် ပြောပြပေးပါလို့ တောင်းဆိုရင်BBC နှင့် Alan Clements ဘယ်လိုဖြေမလဲ သိချင်စမ်းပါဘိဗျာ။ လက်တွေ့အကျိုး ရှိတာလေးတစ်ခုလောက်ရှိခဲ့ရင်ကိုပဲ ဒီစာမရေးပါဘူး။ 
    အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ ခဏ ထားပါဦး။ ၁၉၈၈ ခုနှစ် မြန်မာ့နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်ချိန်ကနေ အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်ခဲ့ပါသလဲ။ အမျိုးသားရေးအမြင်နဲ့ ဘာတွေများ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသလဲ။ နိုင်ငံရေးလောကထဲ စတင် ဝင်ရောက်လာကတည်းက တပ်မတော်မုန်းတီးရေးနဲ့စခဲ့တာ မဟုတ်ဘူးလား။ ဖေဖေတည်ထောင်ပေးခဲ့တဲ့ တပ်မတော်ဆိုတာကို ပါးစပ်ဖျားကမချဘဲ ဆော်တာတော့ တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေကိုချည်းပဲဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီလိုစိတ်ထားရှိသူကို ရန်သူနံပါတ်တစ် အဖြစ်ထား ရင်တောင် တပ်မတော်ရဲ့ အပြစ်လို့ ဆိုလို့မရနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးနေဝင်းနဲ့ မဆလ အကြီးအကဲတွေကို ဘယ်တုန်းကတည်းက ရန်ငြိုးထားခဲ့သလဲတော့မသိဘူး။ သူ့ကို မြန်မာပြည် ပြန်လာနိုင်အောင် လေယာဉ်လက်မှတ်ခမရှိလို့ လေယာဉ်လက်မှတ်ကအစ စီစဉ်ပေးခဲ့တဲ့ သူတွေကို နိုင်ငံရေးလောကထဲ စဝင်ဝင်ချင်း ဆော်တော့တာပါပဲ။ အဲဒီနောက် မဆလ ပြုတ်ကျသွားချိန်မှာ တောက်လျှောက် ဆက်ဆော်လာတာကတော့ တပ်မတော်နဲ့ တပ်မတော်အစိုးရပဲ ဖြစ်ပါတယ်။  ဘယ်အချိန်အထိလည်းဆိုရင် အခုချိန်အထိလို့ပဲ ပြောရပါလိမ့်မယ်။ သူ့ကို နိုင်ငံရေးလောကထဲ စသွင်းပေးခဲ့သူ၊ အရောင်တင်ပေးခဲ့သူတွေ အားလုံးဟာ ကွန်မြူနစ်တွေနဲ့   ဦးနေဝင်းနဲ့ ပြဿနာဖြစ်ခဲ့ကြဖူးသူတွေချည်းပဲဆိုတာ တွေ့ရလိမ့်မယ်။ တပ်မတော်ကို အမျိုးသားရေး Institution  တစ်ခုအနေနဲ့မမြင်ဘဲ ပုဂ္ဂိုလ်ရေးအာဃာတအပေါ် အခြေခံပြီး ဘက်အနေနဲ့မြင်ခဲ့တာက အဆိုးဆုံးသဘော ထားပဲဖြစ်ပါတယ်။ 
    ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က စသုံးခဲ့တဲ့စကားက အမျိုးသားရင်ကြားစေ့ရေးပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးစကားကို ဘယ်အချိန်မှာ ပြောင်းသွားသလဲတော့မသိဘူး။ ၁၉၈၉ ခုနှစ်တုန်းက ဧရာဝတီတိုင်းမှာ နားလည်သဘောတူထားတဲ့အတိုင်း မလုပ်လို့  တပ်မတော်က အရာရှိတစ်ဦးနဲ့ အချေအတင်ဖြစ်တဲ့ကိစ္စ မှတ်မိကြမယ်ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သတ္တိရှိစွာ သေနတ်နဲ့ ချိန်ထားတာကို မျက်နှာ ချင်းဆိုင်ပြီး မကြောက်မရွံ့ သွားခဲ့တာဆိုပြီး ဖွခဲ့ကြတာတွေ၊ ၁၉၈၉ ခုနှစ်  အာဇာနည်နေ့ကို ဖခင်အတွက် ဆွမ်းသွတ် အမျှဝေရမယ့်အစား ဒုတိယ ၈ လေးလုံးနေ့အဖြစ် ဖန်တီးခဲ့ကြတာတွေက အမျိုးသားပြန်လည်သင့် မြတ်ရေးလား၊ NLD စတင် ထူထောင်ပြီးချိန်က တပ်မတော်အစိုးရ နဝတ လက်ထက်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်အတွက် အစပျိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ ကာလမှာ ]အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြ} ဆိုတဲ့ Slogan  ကို ဘယ်သူတွေ ချခဲ့ကြတာလဲ။ အခု BBC က ပြောတဲ့ NLD ကို နိုင်ငံရေးပါတီအဖြစ်က ဖျက်ပစ်တာဆိုတဲ့စကားအရဆိုရင် ၁၉၉၀ ပြည့်နှစ် မကျော်ခင်ကတည်းက ပျက်နေလောက်ပြီ။ ဒါမှမဟုတ် ၂၀၀၈ ခုနှစ် နိုင်ငံရေး အချိန်းအပြောင်းကာလ ၂၀၁၀ အစိုးရလက် ထက်မှာကတည်းက နိဋ္ဌိတံနေလောက်ပြီ။ အခု နစက အစိုးရလက်ထက်မှာလည်း NLD ကိုမဖျက်ဘူး။ ဥပဒေ အရ အားလုံးနဲ့တစ်ပြေးညီ ပါတီမှတ်ပုံပြန်တင်ရမှာကို မတင်တာ ဘယ်သူ့အပြစ်လဲ။ NLD ဖြစ်တာနဲ့ ဥပဒေထက် ကျော်လွန်ပေးရမယ့် သဘောလား။ ပါတီစုံဒီမိုကရေစီ ထွန်း ကားအောင်၊ အားလုံး ပါဝင်နိုင်အောင် တပ်မတော်က သီးခြား လက်တွဲခေါ်ယူခဲ့တာကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။ 
    အမျိုးသားပြန်လည်သင့်မြတ်ရေးအလေးထားတဲ့သူက ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက် နေအိမ်အကျယ်ချုပ်က လွတ်လွတ်ချင်းပြောခဲ့တဲ့ "We have to Choose  Between  Dialogue  or  Utter Devastation"  ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး ရွေးရတော့မယ်" ဆိုတဲ့စကား မှတ်မိကြပါလိမ့်မယ်။ သူ့ကိုတွေ့မလား၊ အလုံးစုံ အပျက်စီးခံမလားဆိုတာ အခုဖြစ်နေတာတွေနဲ့ တူမနေဘူးလား။ သူ့စကားနားမထောင်ရင်၊ သူ့နောက် မလိုက်ရင် ဖျက်ပစ်မယ်ဆိုတဲ့ စိတ်ရှိသူကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ရှိတဲ့သူ၊ လုပ်နေတဲ့သူလို့ ခေါ် နိုင်ပါ့မလား။ 
   BBC က စွပ်စွဲ ပြောဆိုနေတဲ့  တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄) ကိစ္စက တပ်မတော်နဲ့ ဘာဆိုင်လို့လဲ။ သူတို့မောင်နှမ အမွေခွဲတာ မတည့်လို့ ဖြစ်တဲ့ကိစ္စ။ ဘာလို့ တပ်မတော်နဲ့ နစက အစိုးရကို ထည့်ပြော ရတာလဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားနေ သူကြီးက ကိုယ့်အစ်ကို အရင်းခေါက်ခေါက်ကြီးကို ပြည်သူ့အား၊ ပါတီအား၊ နိုင်ငံရေးပေါ်ပြူလာ ဖြစ်မှုတွေကို အသုံးချပြီး မတရားလုပ်လို့  ဥပဒေအရ တရားရုံးရောက်ရတာ မဟုတ်ဘူးလား။ လောကကြီးမှာ အရင်းဆိုလို့ ဒီမောင်နှမနှစ်ယောက်တည်းပဲ ကျန်တော့တာကို သင့်မြတ်လိုစိတ်မရှိတဲ့သူကို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားနေသူလို့ ဆိုနိုင်ပါ့မလား။ ဒါနဲ့မဆိုင်ပါဘူးလို့ဆို ရင်လည်း နိုင်ငံတော်အာဏာ မရခင်တုန်းက ပြောခဲ့တဲ့ တိုင်းရင်းသားအရေးကိစ္စတွေ အာဏာရလာတော့ ဘာများ လုပ်ပေးခဲ့ပါသလဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားတွေက သူ့ကိုယုံရော ယုံကြပါ ရဲ့လား။ 
  BBCက အာဇာနည်နေ့မှာ တမင်ရွေးပြီး ထုတ်လွှင့်ခဲ့တာက အာဇာနည်နေ့နဲ့ အာဇာနည်တွေ အပေါ်မှာထားတဲ့ နစက ဥက္ကဋ္ဌရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကြားမှာ မှေးမှိန်သွားအောင် အာဇာနည်ခေါင်းဆောင်ကြီးရဲ့ သမီးကို ခုတုံးလုပ် အသုံးချတာလို့ မြင်တယ်။ ဒီ Cover Story အပြင် အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးရဲ့ဇာတိ  ဗုံးကြဲတယ်ဆိုတဲ့ သတင်းကို ဟိုက်လိုက်လုပ်ပြီး သတင်းထုတ်ခဲ့တာ၊ တိုင်းရင်းသားနဲ့ လက်နက်ကိုင်ဒေသတွေမှာ အာဇာနည်နေ့ အထိမ်းအမှတ် လုပ်ကြတယ်ဆိုပြီး သတင်းထုတ်ခဲ့တာတွေကို ကြည့်ရင် BBC ရဲ့လုပ်ရပ်က သိသာစေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လုပ်ရပ်က  တပ်မတော်ကိုနင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို သိဒ္ဓိတင်ပေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အမှန်တကယ် ဆန်းစစ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို သိဒ္ဓိတင် ပေးနေတာလား၊ သိက္ခာကျအောင် လုပ်နေတာလားဆိုတာကတော့ ဝေခွဲရ ခပ်ခက်ခက်ပါ။ သေချာတာကတော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား သပ်သျှိုတဲ့လုပ်ရပ်၊ နောက် ဆက်တွဲ အနေနဲ့ တပ်မတော်နဲ့ တပ်မတော် အကြီးအကဲကို ပြည်သူတွေ မုန်းအောင်လုပ်တဲ့ လုပ်ရပ်သာလျှင် ဖြစ်တယ်။

(ဇော်နိုင်)

Total Views ~ 91

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48023

© 2022 - 2025 News. All Rights Reserved.