၂၀၂၅ ၊ ဇူလိုင် ၁၉
'မကျေနပ်ရှာသူ ချောင်တပည့်ဘန်းတို့ရဲ့၊ ပြေရပ်မှာ တဘောင်နဲ့ လွမ်းကြပေတော့၊ (အမယ်မင်း) တောင်တမန်မြို့နေ လနှစ်ဆောင် အညှိုးတွင်မှ၊ ပြေမြန်မာ့ဘောင် မစိုးမူ၍၊ အောင်ပန်း ညှို့ခဲ့ရရှာတဲ့၊ အောင်ဆန်းတို့ရဲ့ ရွှေလရောင်အဘိုး}ဟု ဆရာကြီးသခင် ကိုယ်တော်မှိုင်းက သခင်ဋီကာစာအုပ်တွင် ဖွဲ့ဆိုထားသည်။ နတ်မောက်မြို့သူကြီး ဦးမင်းရောင်ခေါ် ရွှေလရောင်သည် သခင်အောင်ဆန်း၏ အဘိုးဖြစ်ကြောင်း၊ သီပေါ ဘုရင် အရှင်နှစ်ပါး ပါတော်မူပြီးနောက် အင်္ဂလိပ်အစိုးရထံ သစ္စာတော်မခံဘဲ ပုန်ကန်ခဲ့သောကြောင့် အင်္ဂလိပ်အစိုးရက လက်ရဖမ်းဆီးပြီး ဦးခေါင်းဖြတ်ကာ သစ်ပင်တွင် ချိတ်ဆွဲပြီး လူအများကို ပြသခြင်းခံရကြောင်း အကျယ်တဝင့် ရေးသားဖော်ပြထားပေသည်။ တစ်နည်းအားဖြင့်ဆို သော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သူ၏တပည့်ဖြစ်သူ သခင်အောင်ဆန်းအား သခင်ဋီကာ စာအုပ်တွင် ပွဲထုတ်ခဲ့သည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် အင်္ဂလိပ်တပ်များ ဆုတ်ခွာကာ ဂျပန်တပ်များ ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က သခင်အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်တို့သည် ဂျပန်ပြည်သို့ သွားရောက်ပညာ သင်ယူကာ ဂျပန်တပ်များနှင့်အတူ လိုက်ပါလာကြသည်။ ယိုးဒယားသို့ ရောက်လျှင် သွေးသောက်၍ သစ္စာဆိုကာ မျိုးချစ်လူငယ်များကို စည်းရုံးသိမ်းသွင်းခဲ့ရာ အများအပြား လိုက်ပါလာကြသည်။ မျိုးချစ်ဗမာလူငယ်များ၏ လက်သံသည် တိုက်ပွဲများတွင် ပြောင်မြောက်စွာ ထွက်ပေါ်လာခဲ့သည်။ ရဲဘော်သုံးကျိပ် ရန်ကုန်သို့ ရောက်သည့်နောက် မကြာခင်မှာပင် ဗဟန်းတွင် နေထိုင်သူ သဟာယ ဆရာတင်အား သွားရောက်ခေါ်ယူကာ 'ဗမာ့သူရဲကောင်း' သီချင်းကို ရေးခိုင်းကြသည်။
'ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်' ဟူ၍ သခင် အောင်ဆန်း၏အကြောင်းကို သဟာယဆရာတင်က ဤသီချင်းတွင် ပီပီပြင်ပြင် ဖော်ပြထားသည်။
'ရာဇဝင်အတ္ထုပ္ပတ္တိလည်း ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်၊ တိုင်းပြည်ကျိုး စွန့်ခဲ့တယ်၊ မျိုးဇာနည်နွယ်၊ လွတ်လပ်ဖို့ ဒို့များကို ကျွန်တွင်းမှကယ်၊ ဒို့ဗမာ စိုးမိုးဖို့ မျှော်ကြရှာလို့ပေါ်လာတယ်'
ဒို့ဗမာတွေကို ကယ်တင်မည့် ဗမာ့သူရဲကောင်း တစ်ယောက်အဖြစ် ပေါ်လာပါပြီဟု ဆိုထားသည်။ ဗမာပြည်သူလူထုသည် သခင်အောင်ဆန်းကို ဝမ်းပန်းတသာ အားကိုးတကြီး သြဘာပေး၍ ထောက်ခံကြ သည်။ ဗမာ့သူရဲကောင်းသီချင်းကို အသံလွှင့်သည်။ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံများတွင် တီးကြ၊ ဆိုကြသည်။ အငြိမ့်ခုံဇာတ်ခုံ ပေါ်ကလည်း ဆိုကြသည်။
၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ဂျပန်ကပေးသော လွတ်လပ်ရေးကို ရခဲ့သည်။
'လွတ်လပ်ပြီ၊ လွတ်လပ်ပြီ၊ ဒို့ပြည်လွတ်လပ်ပြီ၊ အောင်သပြေကို ဆွတ်ကာအတည်၊ ငါတို့ကိုင် ဆောင်မည်'ဆိုသော လွတ်လပ်ရေးသီချင်းကို နိုင်ငံကျော်စာဆိုတော် ဆရာရွှေတိုင်ညွန့်က ရေးသားဖွဲ့ဆိုခဲ့သည်။ အစိုးရကကျင်းပသည့် အမျိုးသားနေ့ကဲ့သို့သော အခမ်းအနားများတွင် အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်နှင့်တွဲ၍ စစ်ဝန်ကြီး သခင်အောင်ဆန်းသည် မိန့်ခွန်းပြောခဲ့သည်။ တိုတိုပြတ်ပြတ်နှင့် ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်သော သခင်အောင်ဆန်းကို လူထုက သဘောကျသည်၊ သြဘာပေးကြသည်။ တစ်နေ့တွင် စစ်ဝန်ကြီး သခင်အောင်ဆန်းသည် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အာရှလူငယ် အစည်းအရုံးသို့ ရောက်လာသည်။ ထို့နောက် သခင်အောင်ဆန်းက ပြုံးကာရယ်ကာနှင့် အာရှလူငယ်များ အား တိုင်းပြည် အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ကြဖို့၊ အသင်းအပင်းထောင်လျှင် အချင်းချင်း မသင့်မမြတ် ဖြစ်တတ်သည့် အကျင့်ဆိုးများကို ဖျောက်ကြဖို့ တစ်နာရီခန့် ဟောပြောသွားသည်။
ထို့နောက် တပ်မတော်အင်အားပြပွဲ အခမ်းအနားတစ်ရပ်ကို ကန်တော်ကြီး မြိုင်ရုံတွင် ကျင်းပရာ၌လည်း သခင်အောင်ဆန်းက ဗမာ့တပ်မ တော်ကို စတင်ထူထောင်လာခဲ့ပုံနှင့် လက်ရှိအခြေအနေများကို ရှင်းပြသည်။ တိုင်းပြည်တွင် တပ်မတော်သည် လွန်စွာအရေးကြီးကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်း ပြည်အင်အားရှိမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အားရှိအောင် ပြည်သူလူထုက ဝိုင်းဝန်းကူညီကြရန် အကြောင်းများကို ဟောပြောခဲ့သည်။ လူထုက စိန်ရွှေရတနာများကို ချွတ်၍ လှူကြသည်။ ဆရာရွှေတိုင်ညွန့်က 'တပ်မတော်အင်အား'သီချင်းကိုရေး၍ တီးဝိုင်းမှ သီဆိုတီးမှုတ်ပေး သည်။
'တပ်မတော်သာလျှင် နိုင်ငံအမြတ်ကို ပေးအပ်နိုင်လိမ့်မည်။ တပ်မတော်သာလျှင် နိုင်ငံ့အကျိုးကို တိုးတက်စေနိုင်မည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်။ တပ်မတော်အင်အားရှိအောင် စွမ်း ဆောင်ကာကြံစည်။ လူအားနဲ့ ငွေအားနဲ့၊ ငွေအားနဲ့ လူအားနဲ့ အရာရာကူညီ၊ အင်အားသစ် ထပ်လောင်းဖို့၊ ခွန်အားသစ် ဖြည့်တင်းဖို့ နှိုးဆော်ပါသည်။ အကျိုးမျှော်ကာရည်၊ တပ်မတော်သည် တိုင်းပြည် လက်နက် အကြီးဆုံး ဖြစ်တော့သည်'
တပ်မတော်သားများကို မြို့ထဲသို့ လှည့်၍ပြရာ ပြည်သူလူထု အပေါင်းတို့က သပြေပန်းများနှင့် ဆီးကြိုဂုဏ်ပြုကြသည်။ ထိုနောက် များမကြာမီ ရွှေတိဂုံစေတီတော်၏ အနောက်ဘက်ကွင်းပြင်တွင် စစ်ရေးပြအခမ်းအနားကို ကျင်းပရာ စစ်ဝန်ကြီးသခင်အောင်ဆန်းသည် ရောက်ရှိလာကာ မြင်းပေါ်သို့တက်ပြီး မြင်းပေါ်မှနေ၍ မိန့်ခွန်းပြောသည်။ စစ်မြေပြင်ကို ယခုထွက်ရမည့်အကြောင်း၊ အနီးကပ်ဆုံး ရန်သူကိုရှာ၍ တိုက်ကြဖို့အကြောင်း တိုတိုပင်ပြောသည်။
ထို့နောက် ဖဆပလ အဖွဲ့ကြီးကိုဖွဲ့သည်။ နေသူရိန်ရုံးတွင် အစည်းအဝေးကြီး ကျင်းပသည်။ ရွှေတိဂုံဘုရား အလယ်ပစ္စယံတွင် ဖဆပလ ညီလာခံကြီးကို ကျင်းပသည်။ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်း ပြောသည်။ လူထုက တစ်ခဲနက် ထောက်ခံသည်။
ထိုစဉ် လူထုကြီး၏ အနေအထား ဖော်ပြသော သီချင်းတစ်ပုဒ်မှာ-
'တော်လှန်ရေးသို့ သွေးညီကာ၊ ဒို့တိုင်းရင်း သားများတို့ပါ၊ ဗိုလ်ချုပ်ကြီးရဲ့ နောက်တော်မှာ၊ တစ်မျိုးသားလုံး စည်းရုံးကာ၊ ဗမာပြည်ပေါ်မှာ ကုတ်သွေးစုပ်တဲ့ အယုတ်တမာကောင်တွေသာ၊ ညီညီညာညာ အင်အားပေါင်းလို့ မောင်းနှင်ပစ်ဖို့ရာ၊ တော်လှန်တာ သွေးစည်းကာ၊ လူထုတိုက်ပွဲနွှဲဆင်တာ၊ တစ်ပြည်လုံး အညီဆုံး တစ်ပြည်လုံး အုန်းကျွက်ကျွက်ပါ။
ဗမာပြည်မှာ နှစ်ပေါင်းတစ်ရာ၊ သူ့ကျွန်တွင်းကို ရောက်လာ၊ တော်လှန်ကာ ခါများစွာ၊ ခုလောက် ဖြင့် မညီညာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းကဖြင့် မှန်းလို့ ရည်ကာ၊ လွတ်လပ်ရန် ဧကန်ပဲ၊ မလွဲတာတကယ် လိုက်နာပါ။'ဆိုသည့် ဆရာရန်နိုင်စိန်၏ သီချင်းအတိုင်းပင်လျှင် တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသည်။ ဤ မျှသာမက-
'တနေ့ကျတော့ ရလိမ့်မယ်၊ လိုချင်တာတွေရယ်၊ ကြိုးစားလို့ လုပ်ကြမကွယ်။ ခေါင်းဆောင်ဗိုလ် ရွေးချယ်၊ သြော်...ဖဆပလ အဖွဲ့ကြီးဟာလေ ခိုင်မာစွာ ကြိုးစားနေတယ်၊ မွန်-မြန်မာ အမျိုးသားတွေရယ် နိုးကြားစေဖွယ်၊ အပြောသမားများ မဟုတ်လို့ရယ်၊ ဒို့များခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာကွယ်' ဆိုသော အလိုက်ဟောင်းကို စာသား သွင်းထားသည့် သီချင်းကိုလည်း မီးရထား၊ မီးသင်္ဘောပေါ်ကမှအစ နေရာတကာတွင် ကြားခဲ့ကြရသည်။ လူတန်းစားအားလုံးက ဗိုလ်ချုပ်ကို ထောက်ခံနေကြသည်။ ဗိုလ်ချုပ်အစိုးရအဖြစ် တက်လာသောအခါ ဗိုလ်ချုပ်က စစ်ဘေးစစ်ဒဏ်နှစ်ခါထိ၍ ပြာအတိဖြစ်ခဲ့သော ဗမာပြည်ကို ပြန်လည်ထူထောင်ရန် အရေးကြီးကြောင်း မိန့်ခွန်းပြောခဲ့သည်။
'လူထုအားကို အများကြီးလိုသည်။ ဗိုလ်ချုပ် အစိုးရ အချိုးကျကူညီ၊ တိုင်းရင်းသားများသည်၊ ဝိုင်း ဝန်းကြရမည်၊ ငွေဝင်ကောင်းအောင် အကြောင်းရင်းရှာရမည်၊ ငွေထွက်နည်းဖို့ အမြဲပဲ ကြံစည် (နည်းပေးလမ်းပြမည်)၂ နည်းနည်းတော့ အပျော်အပါး လျှော့စေချင်သည်။ ဗမာပြည်ထောင်စုကို ပြန် လည်ထူထောင်မှုနဲ့ ပြုပြင်မည်။'
ထို့နောက် ဗိုလ်ချုပ်သည် တိုင်းရင်းသားစည်း လုံးညီညွတ်မှုကိစ္စကို အလေးအနက်ထား၍ ဆောင်ရွက်သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရသမျှ လွတ်လပ်ရေးရရန် မလွယ်ကူဟု ယူဆသည်။ ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံမြို့၌ တိုင်းရင်းသား ကိုယ် စားလှယ်ပေါင်းစုံတို့ တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြသည်။ များမကြာမီပင် ဗိုလ်ချုပ်သည် လွတ်လပ်ရေးအတွက် ဗြိတိသျှနန်းရင်းဝန်ကြီး မစ္စတာအက်တလီနှင့် ဆွေးနွေးရန် အင်္ဂလန်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ သွားခါနီးတွင် ဗိုလ်ချုပ်က အသံလွှင့် မိန့်ခွန်းစကား ပြောကြားခဲ့သည်။ 'လွတ်လပ်ရေးကို သာသာကြည်ကြည်နှင့် အေးအေးချမ်းချမ်းရရှိအောင် သွားရောက်ဆွေးနွေးမည်။ သာသာကြည်ကြည်နှင့် ရလျှင်ရ၊ မရလျှင် ချမည်။ ပြည်သူလူထုက ခါးတောင်းကျိုက် မဖြုတ်ကြနှင့်ဦး' ဟူ၍ ဖြစ်သည်။ ထိုစဉ်က ဗမာ့တပ်မတော်တွင် တွင်ကျယ်စွာ အော်ဟစ်သီဆိုခဲ့ကြသော စစ်ချီသီချင်းမှာ 'အောင်ဆန်းနော်' သီချင်း ဖြစ်သည်။
'ချီတက်ကြစို့ ဒို့ဗမာတပ်မတော်၊ စစ်ဆိုရန် ရဲစိတ်တွေဝင်၊ ဗမာတိုင်းပျော်၊ ကမ္ဘာတစ်ခွင် ရာဇဝင်တွင်လောက်သနော်၊ ပွဲတိုင်းကျော် လွတ်လပ်ရေးနော်၊ ဒို့တပ်မတော် တံခွန်စိုက်သနော်၊ အဖနိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်၊ ဒို့စစ်သည် သွေးတစ်စက်၊ ရာပြည်ဘောင် အသက်နဲ့လဲလို့ အဖက်မတန်ပေါင်နော်၊ ဘုန်းတန်ခိုးအာနုဘော်၊ လွှမ်းမိုးလို့ ကမ္ဘာလုံးကျော်၊ ပြိုင်ဘက် ကင်းတဲ့ ကောလီအတွင်းဝယ် တစ်ဦးတည်းမင်းနော် (ရှည်ပါစေ) ၃-သက်ရာကျော်'
တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဗိုလ်ချုပ်ကို ကြည်ညိုထောက်ခံခဲ့ကြ သည်။ ဗိုလ်ချုပ်အား ဆန့်ကျင်မည့်သူမရှိဟု ထင်ရသည်။ သို့ရာတွင် တစ်ဖက်က လက်နက်အားကိုး ပြုတော့ မယောင်ယောင် သတင်းတွေထွက်လာသည်။ ထို့ကြောင့် တယော ဦးသိန်းဟန်(ဟင်္သာတ)က 'ဗိုလ်ချုပ်ကိုတော့ မထိနဲ့ကွယ်၊ သိဖို့ရယ်သတိပေးလိုက်ပါတယ်'ဆိုသည့် သီချင်းကို ရေးစပ်ကာ တရားပွဲ များတွင် သီဆိုတီးမှုတ်ပြသည်။ ဤအထဲတွင်ပင် ဘရင်းဂန်း အလက် ၂၀၀ ပျောက်သွားသည်ဟု သတင်းစာတွင် ပါလာသည်။ စိတ်မချစရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ တိုင်းပြည် အတွက် နေ့မအား၊ညမအား ဆောင်ရွက်နေသည့် ဗိုလ်ချုပ်ကို ကြက်ကလေး၊ ငှက်ကလေးအား ပစ်ခတ်သတ် ဖြတ်သွားသလို အတွင်းဝန်ရုံးကြီးအတွင်းသို့ လူသတ်သမားတို့က ဝင်ရောက် ပစ်ခတ်သွားလေသည်။ ကြေကွဲဖွယ် ကောင်းလှပါသည်။
'(သူရဲကောင်းအပေါင်းရဲ့ ဂုဏ်ရည်ကိုဆောင်တယ်။ ကိုယ့်တိုင်းပြည်နယ် ကိုယ့်လူမျိုးအတွက်ကွယ်၊ လွတ်လပ်ရေးကိုရအောင် မဟုတ်မခံပေါင်၊ ဂျပန်နဲ့အင်္ဂလိပ်ကိုလည်း တော်လှန်လာခဲ့တယ်)၂ ဘုန်းတန်ခိုးကြီးပါပေရဲ့ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ သတ္တိသွေးကို လူတိုင်းပဲ မွေးဖို့ရည်ရွယ်၊ ခေါင်းဆောင် ရှေ့ပြေးမှန်လှတယ်၊ ကျွန်ဘဝက ကယ်ဆယ်ပေးတယ်၊ ခုတော့ဖြင့် ပျက်ပြုန်းကာရယ် အသက်ဆုံးရှာပြီ ဝန်ကြီးများနဲ့ကွယ်၊ ဒို့လူထုတိုင်း အားလည်းငယ် အသေချင်းကို လဲချင်တယ်။ နေမင်းအရောင်၊ လမင်း အရောင်ကွယ်ကာ သာမှောင်၊ အကျိုးမဲ့အောင်လို့ အမှုဆောင်တွေအပေါင်းနဲ့ အတွင်းဝန်ရုံး ဝယ်ဆွေးနွေး နေတုန်းကွယ်၊ သူရဲဘော အလွန်နည်းတဲ့ အဟိတ်တိရစ္ဆာန်တွေရယ်၊ သတ်ရက်တယ် သေနတ်နဲ့ကွယ်၊ ရက်စက်တယ် လက်ချက်ကြောင့် အသက်ဆုံးရ ရှာတယ်'ဟူ၍ မြန်မာတစ်နိုင်ငံလုံး မျက်ရည်ကျရသည့် အချိန်တွင် သဟာယဆရာတင်က ဤသီချင်းကို ရေးစပ်၍ အဆိုတော် ဒေါ်စိန်ပါတီနှင့် သီဆိုအသံလွှင့်ခဲ့ သည်။ ထိုစဉ်က ဆိုသူလည်း ငို၊ တီးသူလည်း ငို၊ နားထောင်သူ တို့လည်း ငိုခဲ့ကြရသည်။ သဟာယဆရာ တင်သည် "ကမ္ဘာနဲ့ ဗမာတစ်ခွင် ဒို့ရာဇဝင်လည်း တွင်ပေါ့ကွယ်။” အစချီသည့် သီချင်း။ ဂျူဗလီဝယ်၊ လွမ်းမပြေနိုင်ဘဲ၊ ပန်းခွေများနဲ့ အလေးပြုကြတယ် အစချီသည့် သီချင်းများကို ဆက်လက်ရေးစပ်သီဆို ခဲ့သည်။ ဆရာ ရွှေပြည်အေးက 'ဗမာပြည်သရဖူ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ၊ လွတ်လပ်ရေးကိုရအောင် အမှန်ပဲယူ' အစချီသည့် သီချင်းကို ရေးဖွဲ့လေသည်။ ဂျူဗလီဟောတွင် ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကိုထားရှိရာ အနယ်နယ်အရပ်ရပ်ကလူများ နေ့စဉ်လာရောက် အလေးပြုကြသည်မှာ တိုးမပေါက်အောင်ပင် စည်ကားခဲ့သည်။
ထိုစဉ်က လက်နက်ကို လက်နက်ချင်း ရင်ဆိုင်တုံ့ပြန်ကြမည်ဆိုပါက အဘယ်မျှ ဆိုးရွားသောအဖြစ်ကို ရောက်သွားမည်ကို တွေးခေါ်မြော်မြင်ခဲ့ကြသည်။ ထို့ကြောင့် သည်းခံခဲ့သည်။ ချုပ်တည်းခဲ့သည်။ တရား ဥပဒေဘောင်အတွင်းက အရေးယူ ဆောင်ရွက်ခဲ့သည်။ ဗမာ ဗမာချင်းသတ်နေ၍ အမြတ်မရှိ။ အကျိုးယုတ်ရန် သာရှိသည်။ လူသတ်ဝါဒကြီးကို ချေမှုန်းပစ်ကြပါစို့ဟု ဆရာရန်နိုင်စိန်က လူသတ်ဝါဒက ချေမှုန်းရေး သီချင်း ကို ရေးစပ်သီဆို အသံလွှင့်ခဲ့သည်။
'(ဗမာ ဗမာချင်းပင် သတ်ဖြတ်လို့ နေကြရင်၊ ဗမာပြည် ကျွန်အဖြစ်မှာ၊ နစ်မြုပ်မယ် တာရှည် တင်)၂ ဒီအကျင့်ဆိုးမျိုး ချိုးဖျက်စို့ ဒို့တာဝန်ပင်၊ တိုင်းရင်းသား တစ်ပြည်လုံးက လူသတ်ဝါဒ ချေမှုန်းကြ မယ်အစဉ်}
ဤသို့ဖြင့် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မျိုးချစ်အာဇာနည် အပေါင်းတို့ အသက်သွေးနှင့် စတေးသွားသော အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကြီးကို ရရှိခဲ့ပါ တော့သည်။
(ခင်ဉာဏ)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )