ဟိုဝေးဝေးက ပိုးလမ်းမ . . .

၂၀၂၅ ၊ ဇူလိုင် ၁၃ 

    ဘာတေးလ်လစ်တနာရဲ့ စာအုပ်သစ် The End of the Chinese Century? How XIJINPING Lost the Belt and Road Inititive ကို ဆရာနိုင်ဦးက 'တရုတ် ရာစုနှစ် နိဂုံးလား(ရှီကျင့်ဖျင်၏ BRI စီမံကိန်းကျဆုံးခန်း) အမည်နဲ့ဘာ သာပြန်ခဲ့ပြီး တက်လူကျော်စာပေက ၂၀၂၅ မေလမှာ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဖရန်စစ် ဖူကူယားမားက The End of History 'သမိုင်းနိဂုံးချုပ်ပြီ'ဆိုပြီး နိုင်ငံရေး မီးရှူးမီးပန်းတွေ လွှတ်တင်ခဲ့ဖူးသလို အခုလည်း ဘာတေးလ်လစ်တနာက 'တရုတ်ရာစုနှစ် နိဂုံးလား'လို့ မေးခွန်းထုတ်ထားပါတယ်။ ရှီကျင့်ဖျင် ရဲ့ BRI စီမံကိန်းကျဆုံးခန်းရယ်လို့ ရည်ညွှန်းချက်ပါလာလေရာ BRI စီမံကိန်း ကမောက်ကမဖြစ်ချင်ဖြစ်မယ် တရုတ် ရာစုနှစ်ကတော့ အခုမှ ရုန်းထလာတာဖြစ်လို့ ခပ်မြန်မြန် နိဂုံးချုပ်မှာ မဟုတ်ဘူးလို့ ဖြေကြည့်ချင်ပါတယ်။
    'ရှီကျင့်ဖျင်၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်ကြီးကို စီးပွားဖွံ့ဖြိုးမှုအတွက် မောင်းနှင်နေသော နိုင်ငံတစ်နိုင်ငံအဖြစ်မှသည် ကမ္ဘာလုံးဆိုင်ရာ စစ်ရေးနှင့် နိုင်ငံရေးအရ အင်အားအကြီးဆုံး နိုင်ငံအဖြစ် ပြောင်းလဲတည်ဆောက်ကာ အမေရိကန်နေရာကို ရယူဖို့ဖြစ်သည်'လို့ နိဒါန်းမှာ ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။ သူ့ရည်ရွယ်ချက် ပြည့်မြောက်အောင် BRI စီမံကိန်းနဲ့ အကောင်အထည်ဖော်ဖို့ ကြိုး စားခဲ့ပေမယ့် BRI မှာ အားနည်းချက်တွေ ရှိနေပါတယ်။
    'BRI စီမံကိန်းကြီးမှ အကျိုးအမြတ်တွေ ရိတ်သိမ်းဖို့ နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာ အဖွဲ့အစည်း ပေါင်း ၃၀ ခန့် လက်မှတ်ရေးထိုး ခဲ့ကြပါသော်လည်း နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်တွေ တွေ့ဆုံချိန်တွင်မူ စီမံကိန်းကြီးကို အကောင်းမြင်သော အသံတွေ ကျယ်ကျယ်လောင်လောင် မကြားရ၊ ကာဇက်စတန်တွင် ရှီ ကျင့်ဖျင် မိန့်ခွန်းပြောပြီး ၁၀ နှစ်အကြာ BRI စီမံကိန်း ကြီးမှာ မာရှယ်စီမံကိန်း မဟုတ်ကြောင်း သိသာထင်ရှား လာသည်။ စင်စစ် BRI စီမံကိန်းဆိုသည်မှာ လက်မှတ်ရေးထိုးပြီး ပါဝင်လာ သော နိုင်ငံအသီးသီးကို တရုတ်အစိုးရက အကူအညီနှင့်ကျွမ်းကျင်မှုတွေ အထောက်အပံ့ပေးနေတာ မဟုတ်ဘဲ အနှေးနှင့်အမြန် ပြန်ဆပ်ရ မည့်အကြွေးတွေ ပေးနေခြင်း ဖြစ်သည်။'
    'သို့ဖြင့် တရုတ်အစိုးရက ကတိပေးထားသလို BRI စီမံကိန်းကြီးမှာ ချမ်းသာကြွယ်ဝခြင်းတွေ ဆောင်ကြဉ်းမပေးဘဲ ယခုအခါ လာအို၊ သီရိလင်္ကာ၊ ပါကစ္စတန် စသည့် လက်မှတ်ရေးထိုးထားသော နိုင်ငံအများအပြား မှာ ကြွေးနစ်ပြီး သောကတွေနှင့် ပူပန်နေကြရသည်။ ပေါ်တူဂီနှင့် အီတလီနိုင်ငံတို့က BRI စီမံကိန်းကြီးမှ လုံးလုံးလျားလျား နုတ်ထွက်ဖို့ ဆုံးဖြတ်ပြီး တရုတ်နှင့်ဆက်ဆံ ရေးတစ်ခုလုံးကို ပြန်လည် သုံးသပ်လာကြသည်။' (စာ-၈)
    ဖိလစ်ပိုင်မှာ တရုတ်နဲ့လုပ်ထားတဲ့ စီမံကိန်းအားလုံးကို အဆုံးသတ်ကာ ဂျပန်နဲ့ အနောက်တိုင်း ကော်ပိုရေးရှင်းတွေနဲ့ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ (၂၀၁၇၊ ကင်ညာနိုင်ငံမှာ ပျော်ပွဲရွှင်ပွဲတွေနှင့် ဖွင့်လှစ်ခဲ့သော မီးရထားသံလမ်း စီမံကိန်းကြီးသည်လည်း တိုးလိုးတန်းလန်းနှင့် အဆုံးသတ်ခဲ့ရပြီး ကင်ညာအစိုးရ မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ အကြွေးတင်နေသည်) လို့ ဖော်ပြထားပါတယ်။
    'BRI စီမံကိန်း စတင်ဖော်ထုတ်ခဲ့သော ဗဟိုအာရှမှာလည်း တရုတ်အပေါ် လူထုသဘောထားကျ ဆင်းလာသည်။ ကာဂျစ်စတန်၊ ကာဇက်စတန်နှင့် ဥဇဘတ် ကစ္စတန်နိုင်ငံတွေမှာ ပြည်သူ့သဘောထား ဆန္ဒကောက်ယူခဲ့ရာ တရုတ်ကို မလိုလားသော ဆန္ဒမဲတွေများလာသည်။ တစ်ဆက်တည်းတွင် အဲဒီနိုင်ငံ တွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ထင်ထင်ရှားရှား လျော့နည်းလာသည်။ BRI စီမံကိန်းတွေ အကောင်အ ထည်ဖော်နေသော အခြားနိုင်ငံတွေမှာလည်း တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်အတူ တရုတ်အလုပ်သမားတွေပါ ခေါ်လာတာကြောင့် ဒေသခံအလုပ်သမားအခွင့်အရေးတွေ အမြောက်အမြား ဆုံးရှုံးနေသလို တရုတ်‌ကြွေး နစ်နေကြသည်။ သို့ဖြင့် တရုတ်အစိုးရနှင့် BRI စီမံကိန်းအပေါ် နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ဘယ်လောက်အထိ ယုံကြည် အားကိုးရမလဲဆိုသော မေးခွန်းတွေ မေးလာကြသလို တစ်ဖက်ကလည်း စီမံကိန်း စတင်ချိန်မှာ တရုတ်ကိုယ်တိုင် စိန်ခေါ်မှုကြီးတွေနှင့် ရင်ဆိုင်နေရသည်။' (စာ-၁၀)
    ကိုဗစ်-၁၉ ကပ်ဘေးဆိုးကြီးမှာ တရုတ်ပြည် အထိနာခဲ့ရပုံ၊ ပြိုလဲဖို့ တဲတဲလေးသာ လိုတော့တဲ့အထိ ယိမ်းယိုင်လာတဲ့ အိမ်ခြံမြေဈေးကွက်၊ ယူကရိန်းနှင့်အရှေ့ အလယ်ပိုင်း စစ်ပွဲတွေကြောင့် ဗဟိုအာရှမှ ဥရောပသို့ ချိတ်ဆက်ဖို့ လျာထားတဲ့ ကုန်သွယ်ရေးလမ်း၊ ဆောက်လုပ်ရေးလုပ် ငန်းတွေ ရပ်ဆိုင်းခြင်း စသည်ဖြင့် ဖော်ပြထားရာ BRI အတွက် အပေါင်းလက္ခဏာမရှိတော့ သလောက် ဖြစ်နေပါတယ်။
    'ပစိဖိတ်ဒေသအတွင်း BRI စီမံကိန်းများနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နှင့် အသေးစိတ်လေ့ လာထားသော ကာရိုးလီ၏ စာတမ်းကို ဟာဝါအီတက္ကသိုလ်တွင် ဖတ်ကြားခဲ့ရာ ၂၀၁၈ ခုနှစ်တွင် BRI စီမံ ကိန်းများအတွက် မတည်ရင်းနှီးငွေ ရာခိုင်နှုန်း ၈၀ကို တရုတ်နိုင်ငံပိုင် ပေါ်လစီဘဏ်များနှင့် စီးပွားရေး ဘဏ်များမှ ထုတ်ပေးခဲ့သည်။ အဓိက အလုံးအရင်းငွေပမာဏကို China Development Bank မှ အမေရိကန်ဒေါ် လာ ၁၉၆ ဘီလီယံ၊ Exim Bank မှ အမေရိကန်ဒေါ်လာ ၁၄၅ ဘီလီယံတို့ကို စီမံကိန်း ၁၈၀၀ အတွက် ဖြည့်ဆည်းပေးခဲ့သည်။'
    'BRI စီမံကိန်းနှင့်အတူ ၂၀၁၄ တွင် စတင်သော ပိုးလမ်းမစီမံကိန်းအတွက် မတည်ရင်းနှီးငွေ၏ ၄၆ ရာခိုင်နှုန်းကို ချိုင်းနားဘဏ်၊ ချိုင်းနားစက်မှုနှင့် စီးပွားရေးဘဏ်၊ ဆောက်လုပ်ရေးဘဏ်နှင့် China စိုက်ပျိုး ရေးဘဏ်တို့က အတူတကွ ထည့်ဝင်ခဲ့ကြသည်။ BRI ၏ အဓိကအစိတ်အပိုင်း ပိုးလမ်းမ၏တန်ဖိုး မှာ အမေရှိကန်ဒေါ်လာ ဘီလီယံ ၄၀ကျော်သည်။ သို့ရာတွင် BRI စီမံကိန်းများမှာ တကွဲတပြားစီ ပြန့်ကျဲနေ သောကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ထွက်ပေါ်လာသော ရလဒ်တို့ကို စဉ်ဆက်မပြတ်သိနိုင်ဖို့ ခက်ခဲပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း စာတမ်းရှင်က နိဂုံးချုပ်ထားသည်။' (စာ-၁၂)
    ဒီလိုနဲ့ ချေးငွေတွေပြန်မဆပ်နိုင်တဲ့ နိုင်ငံတွေဟာ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ထဲ ပိတ်မိသွားတယ်လို့ဆိုပါတယ်။ တရုတ်အစိုးရအတွက်လည်း မွဲဆေးဖော်နေသလိုပဲလို့ BRI စီမံကိန်းကြီးကို ပြစ်တင်ဝေဖန်ထားပါတယ်။ ဒါကြောင့် 'တရုတ်ရာစုနှစ်'လည်း အကောင်အထည်ပေါ်မလာ၊ ပြဿနာ သောင်းခြောက်ထောင်နဲ့သာ တရုတ်ပြည်ကြီးကို ထိန်းညှိရတော့မယ်လို့ ဘာတေးလ် လစ်တနာက အဆိုးမြင်နဲ့ အညွန့်တုံး၊ အစတုံး သုံးသပ်ထားတာ တွေ့ရပါတယ်။
    BRI ရဲ့ အဓိက အသက်သွေးကြောကြီးဖြစ်တဲ့ 'ပိုးလမ်းမ'ဆိုတာ တကယ်မရှိသော ဒဏ္ဍာရီမျှသာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင် ဝါစစ်ဘောက ဆိုပါတယ်။ သမိုင်းဆိုင်ရာ အထောက်အ ထားမရှိ၊ ယုတ္တိ မရှိလို့ အပြတ်ငြင်းပယ်ထားပါတယ်။
    'ဗြိတိသျှသမိုင်းပညာရှင် ဆူဆန်ဝစ်ဖီးလ်အဆိုအရ ပိုးလမ်းမဆိုသည်မှာ မရှိ၊ အကြမ်းအားဖြင့် ဘီစီ ၂၀၀ မှ ဘီစီ ၁၄၀၀ အတောအတွင်း အာဖရိက၊ အာရှ၊ဥရောပဒေသတို့ အပြန်အလှန် ကူးလူးဆက်ဆံ ကုန်သွယ်ရေးကို ရည်ညွှန်းလိုသောသဘောဖြင့် ၂၀ ရာစုနောက်ပိုင်းမှ စတင်အသုံးပြုလာသော ခေတ်သစ် အမည်သာ ဖြစ်သည်။' (စာ-၂၅)
    ဂျာမန်လူမျိုး ပထဝီသုတေသီ ဖာဒီနန်ဗွန်ရစ် သိုဖန်ရဲ့တပည့် ဆွစ်လူမျိုး ဆပန်းဟက်ဒင်းဆိုသူဟာ တရုတ်ပြည်နှင့် ဗဟိုအာရှသို့ လေး၊ ငါးကြိမ်သွားရောက် လေ့လာပြီး ၁၉၃၆ ခုနှစ်မှာ ဆွစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့အခါ နိုင်ငံတကာ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်လာခဲ့ပြီး 'ပိုးလမ်းမ (Silk Road)' ဆိုတဲ့အမည်ဟာ ထင်ရှားလာခဲ့ပါတယ်။
    'ထိုအချိန်မှစပြီး ပိုးလမ်းမဆိုသော အယူအဆမှာ အိုင်ဒီယာသစ်တွေ၊ ယဉ်ကျေးမှုသစ်တွေ၊ ဘာသာတရားအသစ်တွေ တစ်ခုနှင့်တစ်ခု နှီးနှောဖလှယ်ရာ ကမ္ဘာ့စူပါဟိုက်ဝေးလမ်းမကြီးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြသည်။' (စာ-၂၆)
    ပိုးလမ်းမလို့ဆိုလိုက်တော့ တရုတ်ပြည်ဖြစ် ပိုးထည်တွေ အဓိကရောင်းဝယ်ဖောက်ကားရာ လမ်းမကြီးအဖြစ် နားလည်မှုလွဲသွားနိုင်တယ်လို့ ဆိုပြန်ပါတယ်။ ပိုးထည်ထက်ပိုပြီး ရောင်းဝယ်အား ကောင်း တဲ့ပစ္စည်းတွေက ဖန်ထည်၊ သားရေထည်၊ ဟင်းခတ်အမွှေးအကြိုင်စက္ကူ စသည်တို့ဖြစ်ပါတယ်။ ပြီးတော့ ပိုးထည်ကို တရုတ်ပြည်တစ်ပြည်တည်းကသာ ထုတ်လုပ်နိုင်တာ မဟုတ်ဘဲ အီတလီမြို့ပြနိုင်ငံတွေက လည်း ပိုးထည်တွေ အများအပြား ထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    '(ဘယ်တော့မှ မရှိခဲ့သောလမ်း) အမည်ဖြင့် အီရန်သုတေသီ ရီဆာခါနီရေးသော စာအုပ်တွင်လည်း 'ပိုးလမ်းမ'ဆိုသော အယူအဆ ခေတ်စားလာပြီး ရလဒ်အားဖြင့် ပညာရှင်များ၏ သုတေသနနှင့် စာအုပ်တွေ၊ စာတမ်းတွေ တစ်ပုံတစ်ခေါင်း ထွက်ပေါ်လာသည်။ သို့နှင့်တိုင် ဘယ်သူမှ ပိုးလမ်းမ တည်ရှိခဲ့သော နေရာဒေသ အတိအကျ မပြောပြနိုင်။' (စာ-၂၈)
    'မည်သို့ဆိုစေ ပိုးလမ်းမဆိုသောအမည်မှာ အာရှ၏ စိတ်ကူးအိပ်မက်တွေကို ဆွဲဆောင်နေရာ ၁၉၃၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ဟီဒင်၏ 'ပိုးလမ်းမ'စာအုပ်နာမည်ကြီးလာတာပဲ ဖြစ်သည်။ ဟီဒင်၏ စာအုပ်မှာ ပိုးထည် သို့မဟုတ် ပိုးထည်ကုန်သွယ်ရေး သမိုင်းမဟုတ်၊ စင်စစ်ပိုးလမ်းမဆိုသော အမည်သည် ပင် တရုတ်ဘာသာစကားမဟုတ်၊ တရုတ်ပြည်တွင် ဘယ် တုန်းကမှ မသုံးစွဲခဲ့သောအမည် ဖြစ်သည်။ သို့ပေမယ့် ဟီဒင်စာအုပ်ပေါ်ထွက်လာပြီး မကြာမီ အင်္ဂလိပ်အမည်နှင့် ပိုးလမ်းမမှာ ဂျပန်ဘာသာဖြင့် ရှီရုခုရိုကို  ဖြစ်လာသည်။ တရုတ်အမည်ဖြင့် 'စိုင်းချူကျင်လု' ဖြစ်လာသည်။ အင်္ဂလိပ်အမည် ပိုးလမ်းမမှ တိုက်ရိုက် ဘာသာပြန်ဆိုသော စိုင်းချူကျင်လုအမည်ကို တရုတ်တွေ ဘယ်အချိန်က စတင်အသုံးပြုခဲ့ သည်ကို သေသေချာချာ မသိရသော်လည်း မော်စီတုံးကွယ်လွန်ပြီး ဈေးကွက်စီးပွားရေးစနစ်ကို အုတ်မြစ် ချခဲ့သော တိန့်ရှောင်ဖိန်လက်ထက် ၁၉၇၀-၈၀ အလွန် ဆယ်စုနှစ်နှောင်းပိုင်းတွေမှာ ဖြစ်နိုင်သည်။
၁၉၈၉ ခုနှစ် တရုတ်စာရေးဆရာ 'ချိန်မူကိ' ရေးသားသော 'ပိုးလမ်းမ၊ အတိတ်နှင့် ပစ္စုပ္ပန်' စာအုပ်ကို ဘေကျင်း၊ နိုင်ငံခြားဘာသာစကား ပုံနှိပ်တိုက်မှ ထုတ်ဝေရာ ဤတွင် ပိုးလမ်းမ ဝေါဟာရကို အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးအသုံးပြုသည်။ အဲဒီနောက် ပိုလမ်းမအကြောင်း တရုတ်ဘာသာနှင့် ရေးသားထားသော စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထွက်လာသည်။' (စာ-၃၂)
    ပိုးလမ်းမဆိုတဲ့စကားကို တရုတ်တွေ စွဲနေပြီ။ ၂၀၁၇ ခုနှစ် မေ ၁၄ ရက် BRI စီမံကိန်းများအတွက် ပထမအကြိမ် ဆွေးနွေးပွဲဖွင့်ပွဲမှာ ရှီကျင့်ဖျင်က (လွန်ခဲ့ သောနှစ် ၂၀၀၀ ကျော် စတက်မြက်ခင်းလွင်ပြင်နှင့် သဲကန္တာရတွေကို ဖြတ်သန်းကာ အာရှ၊ ဥရောပ၊ အာဖရိကတို့နှင့် ချိတ်ဆက်ပြီး ယနေ့ ပိုးလမ်းမ အမည်နှင့် ထင်ရှားလာသော ကုန်သွယ်ရေးလမ်းကြီးကို ကျွန်ုပ်တို့ ဘိုးဘေးတွေ ဖောက်လုပ်ခဲ့ကြောင်း၊ ထိုနည်းလမ်းကောင်း ပင်လယ်ပြင်ထဲ စွန့်စားသွားပြီး အရှေ့အနောက် ချိတ်ဆက်ပေးသော ပင်လယ်ရေကြောင်း ပိုလမ်းမကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ပိုးလမ်းမများမှတစ်ဆင့် နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို ဖြစ်ထွန်းစေကာ တိုးတက်သော လူသားသမိုင်းတွင် အင်မတန်ကြီးကျယ် ခမ်းနား သော ကဏ္ဍသစ်တစ်ရပ်ကို ထည့်သွင်းပေးမှာ ဖြစ်ကြောင်း) ပြောကြားသွားခဲ့ပါတယ်။ (စာ-၄၀)
    'တရုတ်အစိုးရ ဝါဒဖြန့်ချိရေးဌာနကလည်း အကန့်အသက်နှင့်သာ ဒေသတွင်းကုန်သွယ်နေသော မြန်မာနိုင်ငံကို ပိုးလမ်းမကွန်ရက်နှင့် ချိတ်ဆက်ပေးသော အဓိကလမ်းကြောင်းကြီးတစ်ခုအဖြစ် သတ်မှတ်ကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက် တရုတ် ဂလိုဘယ်တယ်လီဗေးရှင်း ဝက်ဘ်ဆိုက်တွင် ဆောင်းပါးတစ်စောင်တွေ့ရသည်။ ခေါင်းစဉ်မှာ တရုတ်-မြန်မာ ဆက်ဆံရေးကို BRI စီမံကိန်းတွေက ဘယ်လို အာမခံမလဲ၊ ဆောင်းပါးအဆိုအရ အနောက်တောင် ပိုးလမ်းမသည် တရုတ်-မြန်မာ-အိန္ဒိယနှင့် ချိတ်ဆက်ပြီး ပင်လယ်ရေကြောင်း ပိုးလမ်းမဖြင့် တရုတ်မှ အိန္ဒိယ သမုဒ္ဒရာကိုဖြတ်ကာ အနောက်ကမ္ဘာသို့ အလွယ်တကူ သွားနိုင်သည်။ ရှေးဟောင်း မြန်မာနိုင်ငံသည် အဆိုပါ လမ်းကြောင်း နှစ်ကြောင်း၏ သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်သည်။' (စာ-၄၁)
    တရုတ်တို့ အလွန်တန်ဖိုးထားတဲ့ ပိုးလမ်းမနှစ်သွယ်(ကုန်းကြောင်း၊ ရေကြောင်း)မှာ မြန်မာဟာ ဗဟိုချက်ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ BRI ရဲ့ အသက်သွေးကြော ပိုးလမ်းမဆိုတာ အလိမ်အညာ တစ်ခုသာဖြစ်တယ်။ တကယ်မရှိဘူးလို့ ဘာတေးလ်လစ်တနာက ကန့်ကွက်ထားပါတယ်။ ၂၀၂၃ ခုနှစ် မတ်လ မော်စကိုတွင် ရှီကျင့်ဖျင်နှင့် ပူတင်တွေ့ဆုံစဉ် ပေးထားသော ကတိကဝတ်ကို ရှီကျင့်ဖျင် ထပ်မံအ တည်ပြုခဲ့သည်။ နှစ် ၁၀၀ တွင် အင်မတန်ထူးခြားသော အပြောင်းအလဲတစ်ခု ရောက်လာတော့မည်ဖြစ်ရာ အဲဒီအပြောင်းအလဲကို သူတို့နှစ်ဦး မောင်းနှင်နေကြောင်း သိရသည်။ သို့ရာတွင် သူတို့ပြောသော အပြောင်းအလဲ(သို့မဟုတ်) နိုင်ငံတကာ  အစီအမံသစ်ဆိုသည်မှာ မကြာသေးခင်ကမှ လုပ်ကြံဖန်တီးထားသော ပိုးလမ်းမများနှင့် ပြန်လည်ရေးသားထားသော သမိုင်းအဖြစ်အပျက်တွေကို အလိမ်အညာနှင့် ဒဏ္ဍာရီအခြေခံအပေါ်မှာ တည်ဆောက်ထားသော အစီအမံသစ်သာ ဖြစ်နိုင်ပါသည်။' (စာ-၄၅)
    ဘာတေးလ်လစ်တနာက BRI ရဲ့ ပိုးလမ်းမကို အမှန်တကယ်မရှိ၊ လုပ်ကြံ ဖန်တီးထားတဲ့ အလိမ်အညာဒဏ္ဍာရီ စသည်ဖြင့် စွပ်စွဲပြစ်တင် ငြင်းပယ်ထားတာ တွေ့ရပါတယ်။ သူက စာအုပ်အချို့ကို ကိုးကားပြီး ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးလမ်းမတကယ်ရှိကြောင်း သမိုင်း ကြောင်း အထောက်အထားနဲ့ ပြဆိုထားတဲ့ စာအုပ်တွေလည်း ရှိနေပါသေးတယ်။ အဲဒီစာအုပ်တွေထဲမှာ Zhang Yiping ရေးတဲ့ Story of the Silk Road pစာအုပ်လည်း ပါဝင်ပါတယ်။ ဒီစာအုပ်မှာ ပိုးလမ်းမရဲ့ ကျေးဇူးကြောင့် စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးသာမက ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတိုးတက်ခဲ့ပုံများကိုပါ အထောက်အထားများနဲ့ အခိုင်အမာ ဖော်ထုတ်တင်ပြထားတာ တွေ့ရပါတယ်။ သမိုင်းထဲက ပိုးလမ်းမအကြောင်း ဆက်ရေးပါဦးမယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46791

© 2022 - 2025 News. All Rights Reserved.