အကျပ်အတည်းမျိုးစုံ အလွန်မြန်မာ့အရုဏ်ဦးနဲ့ အမှားမခံသော ရွေးချယ်မှု

၂၀၂၅ ၊ ဇူလိုင် ၁၉

    ဘယ်လိုမှ အကဲဖမ်းလို့ မရနိုင်တဲ့ အဓိက ခေါင်းဆောင်အမျိုးအစားထဲမှာ ဒေါ်နယ်ထရမ့် ထိပ်ဆုံး ကပါတယ်လို့ ပြောရင် ငြင်းမယ့်သူ သိပ်ရှိမယ် မထင်ပါဘူး။ တစ်နေ့တစ်မျိုး လိုရင်လိုသလို၊ မလိုရင် မလိုသလို အတင်အချတွေ လုပ်ပြီးကလေးကလား ဈေးကစားနေ တဲ့အပေါ် တုံ့ပြန်မှုပုံစံ နှစ်မျိုး အကြမ်းဖျင်း တွေ့နေရတယ်။
    ပထမအုပ်စုက သူ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် လှုပ်ရှားကစား ယောက်ယက်ခတ်နေတာတွေကို နတ်ကရာ ကြည့်မော နောက်က စီးမျော လိုက်ပါခံစား နေကြတယ်။ နောက်တစ်ခုကတော့ ပေယျာလကန်ထားပြီး တည်ငြိမ်လာမယ့် အချိန်မှသာ အတည်ယူဆက်ဆံ ရေးပုံမှန် ပြန်တည်ဖို့ ပြင်ဆင် ထားရှိသူတွေပါပဲ။ နိုင်ငံငယ်များနဲ့ အမေရိကန်အပေါ် မှီခိုမှု ကြီးမားတဲ့ နိုင်ငံ တွေကတော့ ရင်တမမနဲ့ ကိုယ့်ကို ဘယ်လို ဖိအားပေး တောင်းဆိုလာလေမလဲ ပူပင်နေကြရတယ်။ အမေရိကန်အပေါ် မှီခိုမှု အနည်းဆုံးဖြစ်‌အောင် ရပ်တည်ဖို့ ရေရှည်အစီအစဉ်ထားရှိတဲ့ နိုင်ငံတွေကတော့ တည်တည်ငြိမ် ငြိမ်နဲ့ စောင့်ကြည်ရင်း တည်ငြိမ်အခြေတကျဖြစ်မယ့် ဆက်ဆံရေးတစ်ခု ရတဲ့အထိ ထိန်းထိန်းသိမ်းသိမ်း တုံ့ ပြန်ကြပါတယ်။
    သိကြတဲ့အတိုင်း မြန်မာကိုမကြာသေးခင်က ပဲ သမ္မတထရမ့်ကိုယ်တိုင် နိုင်ငံတော် အကြီးအကဲထံ တိုက်ရိုက်လိပ်မူတဲ့ ကမ်းလှမ်းစာတစ်စောင် ပို့လာတယ်။
ကမ်းလှမ်းမှုရဲ့ လိုရင်းက မြန်မာ့ပို့ကုန်‌တွေအပေါ်ကို ရာခိုင်နှုန်း ၄၀ အခွန်ကောက်မယ်ဆိုတာ အကြောင်း ကြားတာ ဖြစ်ပါတယ်။
    မြန်မာကို အမေရိကန် ပို့ကုန်တွေအပေါ်ဘယ်လို ပြန်လည်ကောက်ခံမယ်ဆိုတာနဲ့ သူတို့ရဲ့ ကောက်ခံမယ့် နှုန်းထားအပေါ် ညှိနှိုင်းဈေးဆစ်ရမယ်။ တစ်ဖက်မှာတော့ မြန်မာနဲ့ဆက်ဆံရေး ရပ်ဆိုင်းသလောက်ဖြစ်နေတဲ့ အမေရိကန်က ထိပ်သီးအဆင့် တိုက်ရိုက်ဆက်ဆံရေးကို ပြန်လည် ချိတ်ဆက် ဖော်ဆောင်လာတာက သံခင်းတမန်ခင်းအရ အ‌လွန်ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်လာတယ်။
    လက်ရှိ မြန်မာအစိုးရအကြီးအကဲကို မဆက်ဆံဘူး၊ အသိမှတ်မပြုဘူးဆိုတဲ့ အကြမ်းသဘော နားလည်လက်ခံမှုတစ်ခု နိဋ္ဌိတံသွားခဲ့ပါပြီ။ နောက်တစ် ဆင့် ထပ်‌ပြောရရင် မြန်မာ့ပြည်တွင်းနိုင်ငံရေး အထိုင်တွေ ပြုပြင်ပြောင်းလဲရေးအပေါ် အမျိုးမျိုး ဖိအားပေးနေတဲ့ ဝိုင်းပယ်ပိတ်ဆို့ရေး Isolation Strategy ကနေ ခွဲခွာလာလိုက်ပြီ ဖြစ်တယ်။
    ဒါ့အပြင် စီးပွားရေးနဲ့နိုင်ငံရေး ရောယှက်မှုတွေက ဖယ်ခွာလာပြီး နိုင်ငံအားလုံးနဲ့ သူတို့လိုလားတဲ့ စီးပွားရေးဆက်ဆံမှုပုံစံတွေ သီးခြားချမှတ်ထူထောင် သွားမယ်ဆိုတဲ့ မက်ဆေ့ချ်ပါ ပါလာတယ်။ နောက်က မျက်နှာလိုအားရ မြန်မာ့ပြည်တွင်း နိုင်ငံရေးအပေါ် လိုက်ဖိအားပေးမှုတွေ လုပ်နေတဲ့ ကိုးရီး ယား၊ ဂျပန်နဲ့ အာဆီယံတို့ ဘာဆက်လုပ်ကြမှာလဲ မေးရမလို ဖြစ်လာတယ်။
    မြန်မာကတော့ အမေရိကန်ရဲ့ လိုလားချက် နားလည်လက်ခံမှုတွေကို အခြေခံပြီး သူတို့တောင်းဆိုချက်နဲ့ မကွာလှတဲ့ Counter Offer မျိုးနဲ့ မြန်မြန်ဆန်ဆန် လိုလိုလားလားပဲ တုံ့ပြန်ပါတယ်။
    နှစ်ဖက် အဆင်ပြေလက်ခံနိုင်ကြတဲ့ သဘောတူညီချက်တစ်ခုရတဲ့အထိ လိုလိုလားလား ညှိနှိုင်းသွားပါလိမ့်မယ်။ တစ်ဖက်က နိုင်ငံရေးမြင်ကွင်းအရတော့ လက်ရှိအစိုးရကို အသိအမှတ်ပြု ထိပ်သီးအ ဆင့်တိုက်ရိုက် ဆက်သွယ်ကြတဲ့ ဆက်ဆံရေးတစ်ရပ် တရားဝင် ပေါ်ထွန်းလာခဲ့ပါပြီ။
    ဒီထက်တစ်ဆင့် ထပ်တွက်ကြတာကတော့ မြန်မာကို တရုတ်အပေါ် လုံးလုံးလျားလျား မှီခိုမှုကနေ ဆွဲထုတ်ဖို့ ပိုကျယ်ပြန့်တဲ့ ဆက်ဆံရေးတွေအထိ ဦးတည်ထားလား၊ အချိန်အကြာကြီး နှောင့်နှေးနေတဲ့ မြန်မာ-အိန္ဒိယ စစ်တွေဆိပ်ကမ်း Multi Model Port စီမံကိန်း ကို ၂၀၂၇ မှာ အပြီးလုပ်တော့မယ်လို အိန္ဒိယက ရုတ်တရက် ဖော်ထုတ်ကြေညာလိုက်တယ်။
    သူတို့ တကယ် မြန်မာဆီ ပြန်လာကြလေပြီလား။ ဒီအရွေ့တွေဟာ မြန်မာ့နိုင်ငံရေးအင်အားစုတွေက နစကအစိုးရ တာဝန်ခံကျင်းပပေးမယ့် ရွေးကောက်ပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ကြမယ့် ဖြစ်ပေါ်တိုးတက်မှုတွေ ပေါ်ထွက်လာချိန်နဲ့ တိုက်နေတယ်။ တရုတ်နိုင်ငံရဲ့ ဖိအားပေး ကြီးကြပ်မှုနဲ့ သိမ်းပိုက်ထားတဲ့ အဓိက နယ်မြေတွေကနေ လက်နက်ကိုင်တွေက ပြန်ဆုတ်ခွာ လွှဲအပ်ပေးနေတဲ့ အ‌ချိန်လည်း ဖြစ်နေတယ်။ တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ တရားမဝင် စီးဆင်းမှုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေးမှုတွေ၊ သူတို့အပါအဝင် မိတ်ဆွေနိုင်ငံများရဲ့ မြန်မာ့တပ်မတော် ပြန်လည်‌ခေတ်မီထက်မြက်ရေး ထောက်ကူထူထောင်မှုတွေ ရုပ်လုံးပေါ်လာချိန် စစ်မျက်နှာစာ ချိန်ခွင်လျှာ စတင်ပြောင်းလဲလာချိန်လည်း ဖြစ်နေတယ်။ မြန်မာဟာ အမှားမခံနိုင်တဲ့ လမ်းဆုံလမ်းခွ မဟုတ်ရင်တောင် မျှခြေ ချမှုတစ်ခု ပြုရချိန် ဖြစ်လာတယ်။
    အထူးသတိထား ဆက်ဆံရမယ့် အချိန်တွေ ဖြတ်သန်းကြရလိမ့်မယ်။ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာတော့ မြန်မာကို ဝိုင်းပယ် ဖိအားပေးစွက်ဖက်ရေး ဗျူဟာမျိုးစုံ ကျဆုံးခဲ့ပါပြီ။ ပြည်တွင်း သောင်းကျန်းမှုအတွက် ပြည်ပထောက်ခံမှုတွေ၊ တင်သွင်းမှုတွေကနေ ဖယ်ခွာလာကြပါပြီ။ ရွေးကောက်ပွဲကို အသိအမှတ်မပြု သပိတ်မှောက်ရေးသဘောထားတွေ ချည့်နဲ့အားနည်းခဲ့ပါပြီ။
    တစ်ဖက်က NUG ၊ PDF အမိုက်အမဲတွေအတွက် လမ်းဖွင့်ပေးထားပါပြီ။ တိုင်းရင်းသားလက် နက်ကိုင် တွေအပါအဝင် လက်နက်ကိုင်အားလုံးအတွက် အကြမ်းဖက်ဝါဒ၊ လက်နက်ကိုင်ဝါဒမှသည် တရားဝင်အုပ်ချုပ်သူများအဖြစ် ရွေးကောက်ပွဲကတစ်ဆင့်၊ ဖက်ဒရယ်နိုင်ငံထူထောင်မှုကတစ်ဆင့် ရယူနိုင်ကြရမယ့် အချိန်အခါ အ‌ခြေအနေတစ်ရပ် ပေါ်ထွက်နေပါပြီ။
    လမ်းမှန်၊ ရွေးချယ်မှုမှန်တွေနဲ့ လမ်းမှန်ပေါ် ပြန်တက်ကြချိန် ရောက်ပါပြီလို့သာ။
(မောင်ကောင်းရိပ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47172

© 2022 - 2025 News. All Rights Reserved.