၂၀၂၅ ၊ ဇူလိုင် ၁၃
တော်လှန်ရေးဟူသော လက်နက်ကိုင်လမ်းစဉ်ကို ယုံကြည်ကြသူ အများစု၏ အသိဉာဏ်တွင် အရာအားလုံးက အမှောင်တိကျနေကြပြီ ဖြစ်သည်။ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိ၊ အသိဉာဏ် ပညာကို တော်လှန်ရေးဖြင့် ဝါဒမှိုင်း တိုက်ခံထားရခြင်းကြောင့် လူမှုဘဝများက တစ်စတစ်စ လူညွန့်တုံးလာခြင်းကို စိတ်မကောင်းဖွယ်ရာ ကြားသိရသည်။ လက်နက်ကိုင်ထား ကြသူများက ၎င်းတို့ကို အားပေးထောက်ခံကြသည့် လက်နက်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်သည်။
အကြမ်းဖက်များ ကြီးစိုးရာဒေသရှိ ပြည်သူများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းဆိုးများက မထွေးနိုင်မအန်နိုင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ယခုဆောင်းပါးပါ အကြောင်းအရာများက အများပြည်သူသိရှိရန် တင်ပြခြင်းဖြစ်ပြီး အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ဒေသခံများ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ သတင်းအရင်းအမြစ်နှင့် အရပ်ဒေသများကို ဖုံးကွယ်ဖော်ပြရမည်ဖြစ်ကြောင်း ဦးစွာ တင်ပြလိုသည်။ ယခုရက်ပိုင်း ပြည်တွင်း၊ ပြည်ပ သတင်းဌာနအချို့၌ ခပ်စိပ်စိပ်ဖော်ပြလာသည့်သတင်းများက အကြမ်းဖက်မှုများကြောင့် တရားဥပဒေစိုးမိုးမှု အားနည်းရာဒေသရှိ အမျိုးသမီးများအပေါ် တော်လှန်ရေးဟူသော လက်နက်ကိုင်အသိုင်းအဝိုင်းမှ အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများက ဥပဒေပြင်ပ ဖြစ်နေသည့်အတွက် အရေးယူနိုင်ခြင်းမရှိသည့် သတင်းပင်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ စိတ်အခန့်မသင့်ရုံဖြင့် လက်နက်အားကိုး အနိုင်ကျင့်သတ်ဖြတ်မှုများ စသည့် သတင်းများက မကြာခဏ သတင်းစာမျက်နှာများတွင် တွေ့ရသော်လည်း တော်လှန်ရေး မျက်နှာဖုံးများကြောင့် မျက်ကွယ်ပြုခံခဲ့ရသော သတင်းများအဖြစ်သာ အဆုံးသတ်ခဲ့ရသည်။ ဥပဒေနှင့် အလှမ်းဝေးမှုကြောင့် တောရိုင်းဥပဒေများဖြင့် စီရင်ခံရသော အကြမ်းဖက်ကြီးစိုးရာ ဒေသရှိ ပြည်သူများအတွက် တရားမျှတမှု ဟူသည် ကျည်တစ်တောင့်ထက်ပင် တန်ဖိုးမရှိခြင်းက စိတ်မကောင်း ဖွယ်ရာပင်ဖြစ်သည်။
"ဦးပဉ္စင်းမိန့်တဲ့ အထဲမှာ တစ်ခုမှ အပိုမပါဘူး ဒကာ။ ဘုရားသားတော် ဖြစ်တဲ့အတွက် မုသာဝါဒါ မပါတာကြောင့် သေချာလေး နားထောင်ပေးပါ။ တော်တော်လေးလည်း စိတ်မကောင်း ဖြစ်ရပါတယ်ဟု အစချီလာသော တယ်လီဖုန်းဆက်သွယ် မိန့်ကြားချက်အပေါ် မျက်ကွယ်မပြုနိုင်ရာမှစ၍ ယခု ဆောင်းပါးရေးသားရ ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး၏ မိန့်ကြားချက်များကို နားထောင်ပြီး စိတ်မကောင်းဖွယ်ရာ ခံစားချက်၊ ခံပြင်းဒေါသများ ဖြစ်မိသော်လည်း ကံကံ၏အကျိုးကို လက်ခံယုံကြည်သော ဘာသာဝင်ဖြစ်သဖြင့် ကံကိုသာ အပြစ်ပုံချမိတော့သည်။ "ပဉ္စင်းသူငယ်ချင်းနဲ့ ဝေးကွာသွားတာ အတော်ကြာခဲ့ပြီ။ ကျောင်းမှာ ပဋ္ဌာန်းပွဲလုပ်တော့မှပြန်ဆုံကြရင်း သူငယ်ချင်းတွေ မိန့်ကြားတာကို ဒကာကိုပြန် ပြောတာပါ။ သူတို့ကလည်း ဒီအကြောင်းအရာတွေကို အများပြည်သူ သိစေချင်တယ်။ နေရာကတော့ မြင်းမူမြို့အနီး မန္တလေး-မုံရွာလမ်းမကြီးပေါ်က အကြမ်းဖက်တွေ ကြီးစိုးရာ ရွာကြီးတစ်ရွာမှာ လတ်တလော ဖြစ်နေတာပါ။ ညနေဆိုရင် အမျိုးသမီးငယ်လေး တွေ ရွာတွေမှာ ရေခပ်ဆင်းသလို ဝတ်ကောင်းစားလှတွေ ဝတ်ပြီး PDF တွေဆီကို ဖျော်ဖြေရေး သွားရတယ်။ ဒါကို မိဘတွေကလည်း ကြည်ကြည်ဖြူဖြူ ခွင့်ပြုလေ့ ရှိကြတယ်။ အားလုံးရဲ့ အတွေးထဲမှာ သူတို့တောင် လက်နက်ကိုင်ပြီး အသက်ပေးနေကြတာပဲ။ ငါတို့က ခန္ဓာကိုယ်ပဲ ရင်းရတာဆိုတာမျိုးအထိ အတွေးအခေါ်တွေ နိမ့်ပါးကုန်ကြပြီ။ တချို့မိဘတွေကတော့ ဒါကို လက်သင့်မခံနိုင်လို့ ထွက်ပြေးကြတယ်။ ထွက်ပြေးရင်လည်း ဒလန်ဆိုပြီး ခေါင်းစဉ်တပ် သတ်ဖြတ်ကြတယ်။ လက်နက်ကိုကြောက်နေရတော့ သမီးပျိုမွေးထားတဲ့ မိဘတွေ မလွန်ဆန် ရဲကြဘူး"ဟု ဆရာတော်မှ စိတ်မကောင်းစွာဖြင့် မိန့်ကြားသည်။
တယ်လီဖုန်းဖြင့် ဆက်သွယ်မိန့်ကြားချက်ဟု ဆိုသော်လည်း တစ်ဖက်မှာ လေသံ အနိမ့်အမြင့်ကို ကြည့်၍ ယခုဖြစ်ရပ်အပေါ် ဗုဒ္ဓဘာသာဝင် ရဟန်းတော်တစ်ပါးအနေဖြင့် မည်မျှစိတ်မကောင်းဖြစ်နေ မည်ကို ခန့်မှန်းနိုင်သည်။ မကြာခဏ သက်ပြင်းချသံများ ကြားရသလို မိန့်ကြားမှုတွင်လည်း ခံပြင်းဒေါ သများ ရောထွေးနေသည်။ သို့သော် ဘုရားသားတော်တစ်ပါးဖြစ်သဖြင့် သည်းခံခြင်း တရားကို လက်ကိုင် ထားကာ ဆက်လက်မိန့်ကြားသည်။ "ညနေဆိုရင် စောစောကပြောသလို ဒကာမလေးတွေက ပျော်ပျော်ပါးပါးကို သူတို့ရှိတဲ့ နေရာတွေကို သွားကြတယ်။ ရွာဆိုတော့ ရွာလယ်ဇရပ်ရှိတယ်။ ဘုန်းကြီးကျောင်း တွေအနီးမှာ ဇရပ်တွေရှိတယ်။ ဒီတော့ သံဃာတော်တွေ ဒီမြင်ကွင်းတွေကို မမြင်ချင်ဘဲမြင်ရတယ်။ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တစ်ခါတလေ အမျိုး သမီးငယ်က တစ်ယောက်တည်း အမျိုးသား လေး၊ ငါး၊ ခြောက်ယောက်နဲ့ ပျော်ပါးကြသေးတာ။ ဒါတင်မကသေး ဘူး ဥပမာ ပြောရရင် ဒီနေ့ မိဖြူ လာတယ် ဆိုပါတော့ ဒီလိုဆိုရင် တစ်ဖက်ကကောင်တွေက နောက်နေ့ နင်လာရင် မိနီကိုပါခေါ်လာခဲ့ သူနဲ့ ပျော်ပါး ချင်တယ်ဆို တာမျိုးတောင်းဆိုကြတယ်။ ဒီလိုဆိုရင် နောက်နေ့ မိန်းကလေးငယ်အချင်းချင်း အသိပေးပြီး မိနီကိုပါ အပါခေါ်ရတဲ့အထိ ကြောက်ရတယ်။ မလာရင်လည်း လက်နက်အားကိုးရှိတော့ အသက်ပါသွား မယ်ဆိုတာ သိကြတယ်လေ။ ဘယ်လောက် ဒေါသထွက်ဖို့ကောင်းသလဲ ဒကာ။ ရွာခံကိုယ်တော်တွေ တော်တော်လေး ခံပြင်းဒေါသဖြစ်ရတယ်။ ဒါ့ထက်ဆိုးတာက အဲဒီနယ်မှ PDF ခေါင်းဆောင်တစ်ယောက်က ဘာသာခြား၊ သူ့မှာ မယားကြီးရှိတယ်။ ဒါကိုပဲ မြန်မာအမျိုးသမီးလေးတွေကို ဖျက်ဆီးနေတယ်။ အခုဆိုရင် အမျိုးသမီးငယ်အချို့ ကိုယ်လေးလက်ဝန်တွေ ဖြစ်ကုန်ကြပြီ ဘယ်သူ့ အဖေခေါ်ရမှန်းမသိတဲ့ ကလေးတွေ မွေးလာတော့မယ်။ အားလုံးအသိမှာက တော်လှန်ရေးကို အသက်ပေးထားတယ် ဆိုတဲ့ ကောင်တွေကို ခန္ဓာပေးနေတဲ့ အတွေးအခေါ်တွေကိုက နိမ့်ကျနေတော့ ဘာမှမတတ်နိုင်ဘူး"ဟု ဆရာ တော်က ရှည်လျားစွာ မိန့်ကြားလေသည်။
အဆိုပါ မဖွယ်မရာဖြစ်စဉ်များနှင့် အမျိုးသမီးငယ်များ၏ အသိပညာအားနည်းမှုကို အခွင့်ကောင်းယူကာ လိင်ကျွန်ပြုနေသည့် ကျေးရွာမှာ မုံရွာ-မန္တလေး လမ်းမကြီးပေါ်ရှိ အထင်ကရ ကျေးရွာတစ်ခု ဖြစ်ပြီး သွားလာဆက်သွယ်ရေး အလှမ်းဝေးသော ကျေးရွာများတွင် ယခုကဲ့သို့ ဆိုးရွားသော ဖြစ်စဉ်များ ရှိလိမ့်မည်ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။ ဤဖြစ်ရပ်ကို နားထောင်ရသူအဖို့ စိတ်မကောင်း ကြီးစွာဖြစ်ရပြီး ဤဆောင်းပါးကို ဖတ်ရှုရသူများလည်း ထပ်တူခံစားချက် ရှိနေမည်ထင်သည်။ နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေသော ဒေသများရှိ ပြည်သူများ၏ နေ့စဉ်ဆိုးရွားစွာ ကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများကို သည်းမခံနိုင်သူ များက ၎င်းတို့၏အသံကို အများပြည်သူ သိရှိနိုင်ရေးအတွက် နည်းမျိုးစုံ ကြိုးပမ်းရာမှ ရရှိလာသော သတင်းတစ်ခုပင် ဖြစ်သည်။ မူလက ရပ်ရွာအခြေပြု အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံရင်း လက်နက်အင်အား၊ လူအင်အားများလာချိန်တွင် ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ခြင်းကို ခံလာရ ခြင်းဟုဆိုရမည် ဖြစ်သည်။
ထိုအရပ်ဒေသက ပြည်သူများ၏ နေ့စဉ်ဘ၀များကို ပြည်ပ တရားမဝင် သတင်းဌာနများ၏ သတင်းဖော်ပြချက်များကိုကြည့်ရှု၍ ခန့်မှန်းနိုင်သည်။ မြို့ပြဒေသများတွင် တည်ငြိမ်အေးချမ်းနေသော်လည်း အကြမ်းဖက်ကြီးစိုးရာ ယင်းဒေသရှိ ပြည်သူများ၏ နေ့စဉ်ဝတ္တရားများက စုရုံး ဆန္ဒပြပေးရခြင်းပင် ဖြစ်သည်။ အခကြေးငွေရယူကာ ဆန္ဒပြပွဲများ ဖန်တီးပေးကာ ပြည်ပတရားမဝင် သတင်းဌာနများကို သတင်းဓာတ်ပုံပေးပို့ရသူတို့၏ အသုံးချမှုကိုလည်း ခါးစည်းခံနေရသည်။ မကြာသေးမီလပိုင်းက တရား မဝင် သတင်းဌာနများက ဖော်ပြကြသည့် ILO ၏ Article 33 အရ မြန်မာနိုင်ငံအပေါ် အရေးယူရေး ဆန္ဒပြပွဲသတင်းဓာတ်ပုံများကိုကြည်ကာ အညာဒေသက ပြည်သူများ၏ သူတစ်ပါး အသုံးချခံနေရသည် က ပေါ်လွင် ထင်ရှားစေသည်။
သာမန်ပြည်သူများ မသိနိုင်သော ILO ဆိုသည့် အဖွဲ့အစည်းမှ Article 33 အရ အရေးယူနိုင်ရေးကို အညာတစ်ခွင်က ပြည်သူများ သိနိုင်မည်မဟုတ်ပေ။ သို့သော်လည်း အသင့်ပြုလုပ်ထားသော ဆိုင်းဘုတ်များကိုင်စွဲကာ အကြမ်းဖက်အဖွဲ့များအလိုကျ လိုက်ပါဆောင်ရွက်ရခြင်းပင် ဖြစ်သည်။ ထိုအချက်ကြောင့် အကြမ်းဖက်ကြီးစိုးရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေရာဒေသအချို့ရှိ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝများက နိမ့်ကျနေသည်ဟု ဆိုရခြင်းဖြစ်သည်။ ရပ်ရွာအခြေပြုကာ အမည်မျိုးစုံပေး ထားသည့် အကြမ်းဖက် အဖွဲ့အစည်းများမှပေးသော ဒုက္ခမျိုးစုံကို ရင်စည်းခံနေရသော ဒေသခံများ၏ ဘဝများက ဝါဒမှိုင်းများ ဖုံလွှမ်းခံရကာ ငရဲပန်းကို နတ်ပန်းထင်နေကြရသည်။
တော်လှန်ရေးဟု စတင်သန္ဓေတည်ကတည်းက လူငယ်ထုပေါင်းများစွာကို အသုံးချရန် ရည်ရွယ်ချက်ဖြင့် တောတွင်းလက်နက်ကိုင်များရှိရာဒေသကို လူတစ်စုက စတင်တွန်းပို့ခဲ့သည်။ တော်လှန်သွေး ကြွသွေးပူနေချိန် အမျိုးသား၊ အမျိုးသမီးလူငယ်လူရွယ်ပေါင်းများစွာက လမ်းမှားသို့ စတင် အခြေချခဲ့ကြသည်။ ထိုစဉ်ကလူမှုကွန်ရက်ပေါ်သို့ ရောက်ရှိလာခဲ့ကြသော အသံဖိုင်များကို အမှတ်ရမိသည်။ တောတွင်း လက်နက်ကိုင်နယ်မြေများသို့ ရောက်ရှိသွားသော ခင်ပွန်းဖြစ်သူကို ဇနီးမှလည်းကောင်း၊ ဇနီးဖြစ်သူကို ခင်ပွန်းမှလည်ကောင်း ဆက်သွယ်ကြရာ တောတွင်းရောက်နှင့်သူအများစုမှ လူမှုရေးဖောက်ပြန်မှုများဖြင့် မိမိတို့၏ ဇနီးမယား၊ မိသားစုကို အဆက်အသွယ် ဖြတ်တောက်ခဲ့ကြသည်။ ထိုမှစတင်ကာ လူမှုရေး အရှုပ်အထွေးပေါင်းများစွာဖြင့် တောတွင်း သံဝါသပြုပွဲကြီးများ စတင်ခဲ့သည်။ ယင်းနောက် လက်ဝယ်သို့ လူတစ်ယောက်ကို သေစေနိုင်သော လက်နက်များ ရောက်ရှိလာချိန်တွင် လက်နက်ဖြင့် အနိုင်ကျင့်ဗိုလ်ကျမှုများ၊ လက်နက်ပြခြိမ်းခြောက်၍ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ နာမည်ကျော်ကြားမှုကို အသုံးချ၍ လိင်အမြတ်ထုတ်မှုများက ၎င်းတို့အခေါ် တော်လှန်ရေးကာလတစ် လျှောက်လုံး မကြာခဏ ကြားသိနေရသော သတင်းများ ပင်ဖြစ်သည်။ မကြာသေးခင်ကပင် အကြမ်းဖက်များ၏ ကန့်ဘလူ အချုပ်ခန်းတွင်းက ဖမ်းဆီးထားသော အမျိုး သမီးများကို NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ လက် အောက်ခံများက အဓမ္မပြုကျင့်သည့်သတင်း ပျံ့နှံ့ခဲ့ပြီး တစ်စုံတစ်ရာ အရေးယူခြင်း မပြုသည့်အပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
ထို့အပြင် ဆင်ခြင်တုံတရားနည်းပါးစွာ လက်နက်ကိုင်နယ်မြေများသို့ သွားရောက်ခဲ့ကြသော အမျိုးသမီးငယ်များမှာလည်း လိင်ကျွန်များအဖြစ် အသုံးချခံကာ ဘဝဆုံးနေကြပြီဖြစ်သည်။ မကြာသေးမီက လွိုင်ကော် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အတွင်း ဖြစ်ပွားခဲ့သော လိင်အကြမ်းဖက်မှုက ထင်ရှားသော သက်သေပင်ဖြစ်သည်။ သတင်းဖော်ပြချက်များအရ PDF အမျိုးသမီးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခဲ့သည့် PDF အမျိုးသားတစ်ဦးကို အရေးယူခြင်းမရှိဘဲ အဖွဲ့မှထုတ်ပယ်ခဲ့သည်ဟု သိရသည်။ မင်းသူကျော်(ခ)မောက်ခမ်းဝါ ဆိုသူမှာ လွိုင်ကော်အကြမ်း ဖက် PDF အဖွဲ့အတွက် ထောက်ပို့နှင့် ဘဏ္ဍာရေးကိစ္စများ တာဝန်ယူဆောင်ရွက်နေစဉ် ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်တွင် အမျိုးသမီးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ပြုလုပ်ခဲ့သည်ကို ပြစ်မှုကျူးလွန် ကြောင်း ထင်ရှားစွာ တွေ့ရှိရသဖြင့် ၂၀၂၅ ခု နှစ် မေလ ၂၇ ရက်တွင် အဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ တောတွင်းဥပဒေများဖြင့် အုပ်ချုပ်ကာ သေနတ်ပြောင်း၀ ဥပဒေဖြင့် စီရင်နေသော အကြမ်းဖက်များ ကျင်လည်ရာပတ်ဝန်းကျင်တွင် ဥပဒေ အကာအကွယ်မရ နစ်မွန်းခဲ့ရသော အမျိုးသမီး ငယ်ပေါင်းများစွာ ရှိနေဆဲပင်ဖြစ်သည်။ ထိုကဲ့သို့ဖြစ်ရပ်များ ကျူးလွန်တိုင်းတွင်လည်း ထိရောက်သော အရေးယူမှုများ မရှိဘဲ ပြီးဆုံးသွားခဲ့ကြသည်။ ဤသည်က တရားဥပဒေလက် လှမ်းမမီသော အမည်း ရောင်နယ်မြေများရှိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများပင် ဖြစ်သည်။
ထိုကဲ့သို့ တော်လှန်ရေးခေါင်းစဉ်တပ်ကာ အမျိုးသမီးများအပေါ် လိင်အမြတ်ထုတ်ခြင်း၊ လိင်အကြမ်းဖက်ခြင်းများအပေါ် မခံမရပ်နိုင် ဖြစ်လာကြပြီး နောက် ပြည်ပအခြေစိုက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြည်ပသတင်းဌာနများမှတစ်ဆင့် ထိုသို့သော ဖြစ်ရပ်များကို အချိန်မီအရေးယူ ဆောင်ရွက်ပေးရေး တွန်းအားပေးလာကြသည်။ သို့သော် ယင်းဖြစ်ရပ်များကို ပြည်ပသြဇာခံလူတစ်စုကလည်း တာဝန်ယူတာ ဝန်ခံမှုမရှိ နှုတ်ဆိတ်နေကြသလို အရေးယူရန်လည်း အခွင့်အာဏာနှင့် ဥပဒေ မရှိသော အဖွဲ့အစည်းဖြစ်နေသဖြင့် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုများက ဥပဒေမျက်ကွယ်ဖြစ် ရပ်များအဖြစ်သာ ဆက်လက်ရှိနေ ပြီး တရားမျှတမှုအတွက် အချိန်ယူရဦးမည် ဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးဟု မျက်နှာဖုံးတပ်၍ ကြီးစိုးရာ ဒေသများတွင် အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်မှုများက မခံမရပ်နိုင်သည့်အချိန်တွင် သတင်းများက ထွက်ပေါ်လာခဲ့ရခြင်းပင်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သော အညာဒေသက လိင်အသုံးတော်ခံ အမျိုးသမီးများ၏ ဘဝကို ကယ် တင်နိုင်ရေးကလည်း မိမိတို့၏ ကိုယ်ပိုင်အသိ၊ သတိတရားကသာ ကယ်တင်နိုင်မည်ဖြစ်သည်။ အများ ပြည်သူက အထက်ပါ အကြောင်းအရာကို ဖတ်ရှုပြီးပါကလည်း ထိုသို့သောဆုံးဖြတ်ချက်ကို ချပေးနိုင်မည်ထင်သည်။ မိမိတို့ကိုယ်တိုင်က အကြမ်းဖက်နွံအတွင်းမှ ရုန်းထွက်နိုင်မှသာ လမ်းမှန်ပေါ်သို့ ရောက်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သူတစ်ပါး၏ ပါးစပ်ဖျားလမ်းဆုံး၍ တော်လှန်ရေးဆိုသည့်အရာကို ဆက်လက် ယုံကြည်နေမည်ဆိုပါက လူမှုဘဝများ ပိုမိုနစ်မွန်းကာ အချိန်လွန်နောင်တများကို သားစဉ်မြေးဆက် သယ်ဆောင်သွားရမည် ဖြစ်သည်။နိုင်ငံရေးစနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရန် လက်နက် ကိုင်တော်လှန်ရေးက မည်မျှမပြောင်းလဲနိုင်ကြောင်း သဘောပေါက်နားလည်ထားကြရန်နှင့် အသက်ခန္ဓာများ အကျိုးမဲ့ ပေးဆပ်နေခြင်းကလည်း နိုင်ငံအတွက် အပြောင်းအလဲကို ယူဆောင်လာပေးနိုင်မည် မဟုတ်ပေ။ထိုသို့ကောင်းစွာ နာလည်ခြင်းမရှိပါက မိမိရပ်ရွာဒေသ၏ လူနေမှုဘဝများနှင့် နောင်အနာဂတ် မျိုးဆက်များ အတွက် ချန်ရစ်ရမည့် အမွေအနှစ်များသည်လည်း ဒဏ်ရာဗရပွဖြင့် အရိပ်မည်းကြီးများ စိုးမိုးနေရဦးမည် ဖြစ်သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )