အနောက်က အယူလွဲနေတဲ့ တရုတ်နိုင်ငံ

၂၀၂၅ ၊ ဇူလိုင် ၁၉
    တရုတ်နိုင်ငံကို အနောက်အုပ်စု နိုင်ငံရေးသမားတွေကရော၊ မီဒီယာတွေကပါ အန္တရာယ်လို့ မြင်နေတာဟာ ဘယ်ခိုင်ခိုင်မာမာ အချက်တွေအပေါ်မှာ အခြေခံပြီး ပြောတာလဲ၊ ဒါမှမဟုတ် တရုတ်အကြောင်းကို ခရေစေ့တွင်းကျမသိဘဲ ပြောနေတာလားဆိုတာကို စင်ကာပူနိုင်ငံ လီကွမ်ယုတက္ကသိုလ် School of Public Policy က Prof Kishore Mahbubani က သူ့ကို မေးထားတဲ့ မေးခွန်းတွေအပေါ်မှာ ဖြေကြားသွားတာ Youtube ပေါ်က Rise of Asia  ရုပ်သံက ထုတ်လွှင့်သွားတာကို တင်ပြလိုက်ပါတယ်။ ဒီဗီဒီယိုမှာ Rise of Asia  ရဲ့ သံတမန်လောကအမြင်၊ ကျောင်းဆရာဘဝနဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှီပြီး အနောက်နိုင်ငံသားတွေကို တရုတ်ရဲ့ အုပ်ချုပ်မှုစနစ်၊ တရုတ်နိုင်ငံသားတွေရဲ့ မြင့် မားလှတဲ့ ရည်မှန်း ချက်တွေအပေါ် လွဲမှားနေတဲ့ အနောက်တိုင်းသားတွေရဲ့ ကောက်ချက်တွေကို တင်ပြထားပါတယ်။
    Kishore က အနောက်အုပ်စုတွေရဲ့ စစ်အေးကာလကစပြီး သူတို့နိုင်ငံတွေရဲ့ နိုင်ငံခြားရေးမူဝါဒက မမြင်နိုင်တဲ့ Blind Spot တွေကြောင့် တရုတ်နဲ့ပတ်သက်လာရင် သုံးသပ်ချက်အလွဲတွေ ဘာကြောင့်ဖြစ် လာရတယ်။ ဒါဟာ အန္တရာယ် ဘယ်လောက်ကြီးတယ်ဆိုတာ ပြောကြားဖူးပါတယ်။ (အခုရုပ်သံမှာ သူ့ကို မေးမြန်းသူတွေကို ရုပ်သံက အတိအကျ မဖော်ပြထားပါဘူး။)

Kishore    ။    ။ ကျွန်တော့်ကို အခုလိုမေးတဲ့မေးခွန်းတွေ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက ကြားဖူးနေပါတယ်။ ကျွန်တော်က ဒါတွေ မဖြစ်နိုင်ဘူးလို့ပြောခဲ့သလို၊ ကျွန်တော့်စာအုပ်မှာလည်း ရေးခဲ့ဖူးပါတယ်။ တရုတ်တွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အတော့်ကိုစိတ်ဆိုးပါတယ်။ အမေရိကန်ရေ ယာဉ်တွေဟာ တရုတ်ရေပိုင်နက်အပြင် ၁၂ မိုင်ကနေ အရမ်းမောင်းတယ် ပြောပါတယ်။ ဒါဟာအမှန်ပါ။ တရုတ်တွေက တောင်ပင်လယ်မှာ မြေတွေအများကြီး သိမ်းထားတယ်ဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်မေးချင်တာက ဒီပြဿနာကို ဘယ်သူစခဲ့တာလဲ ဆိုတာပါ။

Andyar    ။    ။ အနောက်အုပ်စုက တရုတ်ကို မယုံတဲ့အကြောင်း မေးချင်ပါတယ်။ US က သူတို့အရင် ကျွန်တော်တို့ကို ဝင်မတိုက်ဘူး စသဖြင့် ခြိမ်းခြောက်မှုအတိုင်းအတာကို သိဖို့လိုပါတယ်။ အထူးသဖြင့်တော့ တရုတ်နဲ့ မဟာဗျူဟာကျပြီး ပွတ်တိုက်မှုဖြစ်စရာအလား အလာရှိပြီး အမေရိကန် နှစ်ရှည်လများ ကြီးစိုးထားတဲ့ တောင်အာရှလို၊ အနောက်ပစိဖိတ်တို့လို နေရာမျိုး ဒီအနေအထားကို တရုတ်က မကြိုက်သလို ဒီအခြေအ နေကိုလဲ ပြောင်းပစ်ချင်တာပါ၊ ဒါက စစ်မီးကြီးထတော့ မတောက်ဘူးပေါ့၊ ပြဿနာကတော့ ဖြစ်နိုင်တဲ့အလားအလာရှိတဲ့နေရာပါ။ ဒါကို ခင်ဗျားက ဒီအခြေအနေကို ထည့်ပြောမသွားပါဘူး။ ပြီးတော့ ဒီနေရာဟာ ဗျူဟာအရလည်း တန်ကြေးရှိပါတယ်။ ဒီနေရာကို တရုတ်က ဗျူဟာအရ ဘယ်လိုရည်မှန်းထားတယ်ဆိုတာ BRI အရရော၊ Djibouti ကဆိပ်ကမ်းလုပ်မှာလားဆိုတာကိုလည်း မသိရသေးပါဘူး။ သူတို့လုံခြုံရေအတွက် ဘာတွေလုပ် မယ်ဆိုတာလည်း မသိရသေးပါဘူး။ ဒီတော့ လုံခြုံရေးအရ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဆွေးနွေးပေးပါဦး။


Kishore    ။    ။ Andy က တရုတ်ကို မယုံသေးတာ နားလည်ပါတယ်။ ခင်ဗျားက စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေမှာ ကျွမ်းကျင်တော့ ခင်ဗျား သင်ခန်းစာတောင် ပို့ချလို့ ရနိုင်ပါတယ်။ ကျွန်တော့်ရဲ့ စစ်ရေး သုံးသပ်ချက်အမြင်ကို ပြောရရင်တော့ တရုတ်တွေဟာ ဒီဒေသမှာ အမေရိကန်ရှိနေခြင်းရဲ့ အတိမ်အနက်ကို သူတို့က သဘောပေါက်နေပြီ ဖြစ်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ ခင်ဗျားက ဂျပန်နဲ့လက်တွဲနေတယ်၊ ကနေ့ ခင်ဗျားလက်တွဲ ဖြုတ်လိုက်တာနဲ့ ဂျပန်က သူ့လုံခြုံရေးအတွက် နျူကလီးယားထုတ်ဖို့ ကြိုးစားတော့မှာ။ ဒါကြောင့် US က ဂျပန် နဲ့ဆက်ဆံရေးကို တရုတ်က မပျက်စေချင်ဘူး။ ခင်ဗျားနဲ့ ကျွန်တော် Kissenger ရဲ့ စာအုပ်အကြောင်း ဆွေးနွေးဖူးပါတယ်။ မော်စီတုံးက Kissenger ကို ဂျပန်မှာ ကြာ ကြာနေဖို့၊ ဂျပန်ဟာ US အတွက် အရေးကြီးတဲ့အတွက် ဂျပန်ကို စောင့်ရှောက်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။ တရုတ်တွေရဲ့ အမြင်ဟာ နက်နက်ရှိုင်းရှိုင်းမြင်တတ်တာ တွေ့ရမှာဖြစ်ပါတယ်။
    US စစ်ရေယာဉ်တွေဟာ တရုတ်ကမ်းခြေ ၁၂ မိုင်ကနေ ကင်းလှည့်လို့ တရုတ်တွေက အလွန်စိတ်ဆိုးကြပါတယ်။ ဒီလိုလုပ်တာကြောင့် တရုတ်ကပြန်ပြီး Guam တို့၊ ဟာဝိုင်ရီတို့၊ ကယ်လီဖိုးနီးယား ကမ်းခြေတို့ကို လာပြီးလုပ်ရင်ကော့ US က ခံနိုင်မလား၊ ဒီလိုဖြစ်စဉ်တွေဟာ မလိုလားအပ်တဲ့ ဖြစ်ရပ် တွေပါ။ US က ပြောမှာကတော့သူတို့ဟာ "Freedom of Navigation"ကို ကာကွယ်ဖို့လို့ပြောမှာပါ။ ဒီလိုလွတ် လပ်စွာ ရေကြောင်းသွားလာခွင့်လို့ ပြောကြေးဆိုရင် ကမ္ဘာမှာပို့ကုန် အများဆုံးဖြစ်တဲ့ တရုတ်က ပြောရ မှာဖြစ်ပါတယ်။ တရုတ်က အမေရိကန်ထက် ထုတ်ကုန်ပိုများတဲ့အတွက် သူ့အတွက် ရေကြောင်းလွတ်လပ်ခွင့်က ပိုလိုပါတယ်။ သူကဒီကိစ္စမှာ ပိုပြီး ပူးပေါင်းဆောင်ရွက်လိုမှာပါ။ ရေကြောင်းကင်းလှည့်ခွင့်နဲ့ လေကြောင်းကင်းထောက် ခွင့်ဆိုရင်လည်း တရုတ်က မကျေနပ်ပေမယ့် နှစ်ဦးနှစ်ဖက် နားလည်မှုရအောင် ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။
  တောင်တရုတ်ပင်လယ် အရေးကလည်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ် တို့ပါဝင်နေသလို၊ တစ်ဖက်မှာ တရုတ်(တိုင်ပေ)နဲ့ တရုတ်ကလည်း ပါဝင်လာပါတယ်။ တကယ်တော့ ဒီကိစ္စက တရုတ်က စတာ မဟုတ်ပါဘူး။ မလေးရှားနဲ့ ဖိလစ်ပိုင်က သုံးဧကလောက်ပိုင်တယ်လို့ ကြွေးကြော်လိုက်တော့ တရုတ်က သူလည်းပိုင်တယ်ဆိုပြီး ဒီအရှုပ်ထုပ်မှာ ဝင်လာလိုက်တာ နောက်ဆုံး တရုတ်က သူ့ရေပိုင်နက်ဟာ ဧကနှစ်ထောင်လို့ ပြောလိုက်ချိန်မှာ ပြဿနာဟာ ပိုကြီးသွားပါတယ်။ တရုတ်ဟာ တကယ်တော့ မာမာတင်းတင်းလုပ်ရင် မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် စစ်သားတွေကို သူတို့ပိုင်ဆိုပြီး နေရာယူထားတဲ့ ကျွန်းတွေပေါ်ကနေ ၂၄ နာရီအတွင်း မောင်းထုတ်လို့ရပါတယ်။ အမေရိကန်က ၁၈၉၇ မှာ မောင်းထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု တရုတ်က သည်းခံပြီး အဲဒီလို အကြမ်းပတမ်းမလုပ်ပါဘူး။
    ဒီတော့ အခု ဒီတောင်တရုတ်ပင်လယ်အရေးကို တရုတ်က သက်ဆိုင်တဲ့နိုင်ငံချင်းနဲ့  Bilateral ရှင်းပါလိမ့်မယ်။ တရုတ်ဟာ ပြဿနာကိုအဖြေရှာရာ အလွန်ရက်ရောပါတယ်။ ကျွန်တော်လေ့လာ မှတ်သားမိသလောက် သူများကိုအမြဲတမ်း သာသာထိုးထိုး ပေးတတ်ပါတယ်။ ဒါကလည်း ဘယ်အပေါ်မှာ မူတည်နေသလဲဆိုတော့ ခင်ဗျားစိတ်ဆိုးနေတဲ့ တရုတ်နဲ့သွားပြီး ပြဿနာ မရှင်းပါနဲ့၊ ဒါဆိုရင် သူကပြောပါလိမ့်မယ် "မင်းငါ့ ကိုအရိုအသေပေးရင် ငါလည်းမင်းကို အရိုအသေပေးမယ်၊ ငါတို့အတူတူ အလုပ်ဖြစ်ပါတယ်"လို့ ပြောပါလိမ့်မယ်။

မေး။    ။ခင်ဗျားတရုတ်မှာ ဘာတွေဖြစ်နေသလဲဆိုတာသိပါတယ်။ ကျွန်တော်မေးချင်တာကတော့ တရုတ်ပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာ ရှိမှ မရှိတာ၊ ပိုပြီးဖိနှိပ်မှုတွေ ရှိလာတယ်။ စီးပွားရေးက ဖွံ့ဖြိုးလာပြီး လူလတ်တန်းစားတွေကလည်း များလာချိန်မှာ ပိုပြီးဖိနှိပ်လာတယ်။ ဥပဒေမဲ့ ဖမ်းဆီးလာတာတွေ၊ ပါတီကနေ တရားရုံးအပေါ် လွှမ်းမိုးလာတာတွေ ဒါတွေ ကလိုသလား။ ကျွန်တော့် မေးခွန်းက ဒါမဟုတ်ပါဘူး၊ ဘယ်သူကမှ တရုတ်(တိုင်ပေ)အကြောင်းကို မပြောကြဘူး။ ခင်ဗျားစောစောက တောင်တရုတ်ပင်လယ်အရေး ပြောသလို ပြောပြစမ်းပါ။ ဒီကိစ္စက ကိုင်တွယ်ရတာ ပိုခက်မယ် ထင်တယ်။
Kishore    ။    ။ကျွန်တော် ဒီကိုလာခဲ့တာ မှားပြီထင်ပါတယ်။ (ရယ်သံများ) ဒီမေးခွန်းတွေဟာ အတော်ဖြေရခက်တဲ့ မေးခွန်းတွေပါ။ ဒါပေမဲ့ကျွန်တော် အတတ်နိုင်ဆုံး ရိုးရိုးသားသားပဲဖြေပါ့မယ်။ ခင်ဗျားတို့ Kissenger ရေးတဲ့ တရုတ်အကြောင်း စာအုပ်တွေလည်း ဖတ်ဖူးပြီးသားဖြစ်မှာပါ။ သူက ရေးထားတာမှာ တရုတ်ဟာ ပြဿနာတစ်ခုကို ချဉ်းကပ်ရင်၊ ရေတိုကာလအတွင်းမှာ ပြေလည်သွားအောင် မဆုံးဖြတ်ပါဘူး။ အမေရိကန်လို သမ္မတသက်တမ်းတစ်ခုလို လေးနှစ်တာကာလအတွင်းမှာ မဖြေရှင်းပစ်ပါဘူး။ ၁၀ နှစ်တန်သည်၊ နှစ် ၂၀၊ နှစ် ၅၀ လောက်ကာလအထိ အချိန်ယူကိုင်တွယ်လေ့ ရှိပါတယ်။ တရုတ် (တိုင်ပေ)ကိစ္စကိုလည်း အခုလို ကိုင်တွယ်မယ်လို့ ကျွန်တော်မြင်ပါတယ်။ တရုတ်(တိုင်ပေ)နဲ့ ပြည်မကြီး ရေရှည်ထိတွေ့ဆက်ဆံမှုမျိုးကတစ်ဆင့် အဖြေထုတ်သွားမယ်လို့ ထင်ပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ စီးပွားရေးဟာ တရုတ်ပြည်မကြီးအပေါ် မှီလာရအောင်၊ တစ်နည်းအားဖြင့် တရုတ်(တိုင်ပေ)၊ ပြည်မကူးလူး ဆက်ဆံမှု တစ်စထက်တစ်စ ပိုများလာအောင်လုပ်မယ်။ အခုလည်း ဒီလိုဖြစ်နေပါပြီ။ ဒီလိုရေရှည် ထိတွေ့ဆက်ဆံမှုကနေ တဖြည်းဖြည်း တစ်သားတည်းဖြစ်သွားပြီး သီးခြားလွတ်လပ်မှုဆိုတာ တောင်းစရာမလိုတော့ဘဲ 'သီးခြားလွတ်လပ်မှုဆိုတဲ့ အတွေးအမြင်' ပျောက်သွားအောင် လုပ်သွားမယ်လို့ ထင်ပါတယ်။
    ဒီကြားမှာ လွတ်လပ်ရေးဆိုတာ အသည်းစွဲနေတဲ့ 'ကူမင်တန်စိတ်ဓာတ်'ရှိတဲ့ ခေါင်းဆောင် ထပ်မလာဖို့တော့ လိုတာပေါ့။ တရုတ်(တိုင်ပေ)သားတွေလည်း ဒါကိုတော့ သဘောပေါက်နေပြီလို့ ထင်ပါတယ်။ ကနေ့ ကမ္ဘာကြီးမှာလည်း တရုတ်(တိုင်ပေ)ကို နိုင်ငံတစ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုမည့် သဘောလည်း မတွေ့ရပါဘူး။ Republic of China ဆိုတာကို အသိအမှတ်ပြုတဲ့ နိုင်ငံအနည်းငယ်သာ ရှိပါတယ်။ တရုတ်ကလည်း တရုတ်(တိုင်ပေ) မျက်နှာမပျက်ရအောင် မသိကျိုးကျွန် နေပေးနေတဲ့သဘောလည်း ရှိတယ်လို့ ထင်ပါတယ်။ ဒီနိုင်ငံတွေကို တရုတ်က ကနေ့ထောက်ခံမှုပြောင်းဆိုရင် ပြောင်းကြမှာပါ။ ဒါကြောင့် တရုတ်(တိုင်ပေ) အရေးက ထင်သလောက် မရှုပ်ထွေးပါဘူး။ ဖြေရှင်းလို့ရမှာပါ။ တရုတ်(တိုင်ပေ)သားအမာခံတွေ ကိုယ်တိုင်ကလည်း သူတို့ပြဿနာရဲ့အဖြေ သူတို့သိပါတယ်။ ပြည်မကြီးနဲ့ နွေးထွေးတဲ့ဆက်ဆံရေးဟာ သူတို့လိုလားချက်ကိုအတား အဆီးဖြစ်နေတာ သူတို့ သဘောပေါက်တော့ တဖြည်းဖြည်းချင်း ဆက်ဆံရေးခိုင်မာမှုသဘောကို သူတို့လက်ခံ ဖို့လိုပါတယ်။ ၁၉၉၁ ခုနှစ် လွန်ခဲ့တဲ့ ၂၇ နှစ်လောက်က Harvard မှာ တရုတ်(တိုင်ပေ)နိုင်ငံခြားရေးဝန်ကြီး Fred Chen နဲ့တွေ့ချိန်မှာ သူပြောတာလေးသတိရလို့ပါ။ သူ ပြောတာက ဒို့ကိုသတ်ချင်ရင် လွယ်လွယ်လေး။ တရုတ်(တိုင်ပေ) ဒူးထောက်သွားအောင်၊ တရုတ်(တိုင်ပေ)ရေကြောင်းကို ပိတ်လိုက်ရင် ဒို့သေပြီ ဒါကို တရုတ်ကသိတယ်။ တရုတ်(တိုင်ပေ)က လွတ်လပ်ရေး မကြေညာရင်ပြီးရောဆိုပြီး ကြိုးရှည်ရှည်နဲ့လှန်ထားတာ၊ တရုတ် (တိုင်ပေ)အရေးဟာ သူတို့အတွက် ကြီးကျယ်တဲ့ကိစ္စ မဟုတ်ပါဘူး။
    ပိုခက်တာက ခင်ဗျားရဲ့ပထမမေးခွန်း တရုတ်ဟာ ဘာကြောင့် ပြည်သူတွေကို တစ်စထက်တစ်စ ပိုဖိနှိပ်ထားရသလဲဆိုတာပါ။ အရိုးသားဆုံး ဖြေရရင် တရုတ်ခေါင်းဆောင်တွေအတွက် လူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ အရေးပါ။ ဒီလူဦးရေပမာဏကြီးတစ်ခုလုံးအ ပေါ် တရားဥပပဒေစိုးမိုးရေး၊ စားဝတ်နေရေးနဲ့ လူမှုရေးကိစ္စတွေ အဆင်ပြေဖို့က မူလပထမပါ။ တရုတ်ရဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကျွန်တော်မခေါ် တတ်ဘူး (luan) လွမ်ဆိုလားပဲ။ အဓိပ္ပာယ်က 'ဗဟိုက ချည့်နဲ့လာရင်၊ ဗရုတ်သုက္ခ ပြန်ဖြစ်လေ့ရှိတယ်' ဆိုတဲ့ အချက်ပါ။ ဒါဟာ 'တရုတ်ရဲ့ နိုင်ငံတော်ကို အုပ်ချုပ်ရေးရဲ့ အခြေခံမူဝါဒ'ပါ။ ဒီတော့ ခင်ဗျားပြောတဲ့ ဖိနှိပ်တယ်ဆိုတာမှာ 'ဘယ်စံကိုကိုင်ပြီး ပြောတာလဲ'၊ မော်စီတုံးလက်ထက်က အခြေအနေနဲ့ နှိုင်းယှဉ် ပြောတာလား၊ မော်လက်ထက်နဲ့စာရင် အခုက အများကြီးသာပါတယ်။ ခင်ဗျားဘဝင်ကျအောင် ကျွန်တော့်မှာ နိုင်ငံရေးအကျဉ်းသား ကိန်းဂဏန်းတွေ ကိုင်ပြောစရာတော့ မရှိဘူးပေါ့။ အရင်ကထက် အများ ကြီး ပြောင်းလဲလာတာတွေရှိပါတယ်။ ကျွန်တော် ၁၉၈၀ တရုတ်ပြည်ရောက်ခဲ့တဲ့ ကျီးလန့်စာစား အခြေအနေနဲ့ အခုအခြေအနေ အရမ်းကွာသွားပါပြီ။ မြေပြင်အခြေအနေတွေက အရမ်းရှုပ်ထွေးပါတယ်။ တရုတ်အစိုးရကို ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ ပရမ်းပတာအခြေအနေ ရွေးခိုင်းရင် တည်ငြိမ်အေးချမ်းမှုကိုပဲ ရွေးမှာပေါ့။

မေး ။    ။ ခင်ဗျားက တရုတ်ကို အကောင်းမြင်ရှုထောင့် ကနေချည်း ပြောနေတာ၊ တရုတ်(တိုင်ပေ) ကိစ္စရော တရုတ်ကိုနိုင်ငံတကာက အမြင်ရောပဲ၊ တရုတ်မှာ အခု လူ့မလိုင်ပိုင်းကပါ မကျေနပ်ချက်တွေ အန်လာကြတာ တွေ့ရပါတယ်။ သမ္မတရှီရဲ့ အဖေကိုယ်တိုင် ၁၆ နှစ်တိုင် ဇနပုဒ်ကနေ မြို့ပေါ်ပြန်တက်လာတော့၊ သူက အယူအဆကွဲလွဲမှုဟာ ရှိစမြဲမို့ ဒါကို လက်ခံသင့်တယ်လို့ ပြောပေမယ့် မအောင်မြင်ခဲ့ဘူး။ တရုတ်တွေဟာ Confucianism ကို အလေးထားပေမယ့် ရှီကျင့်ဖျင် သူ့အဖေ ပြောတာကို လက်မခံပါဘူး။ ကနေ့ တရုတ်အထက်တန်းလွှာထဲမှာကို ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို လက်မခံတာ၊ ရှီကိုယ်တိုင် ခြစားတာတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာတွေကို သိတာပဲ။ တရုတ်ဟာ PR သဘောအရ 'ချစ်ချစ်တောက်ပူနေတဲ့ သွပ်အမိုးပေါ် ပြုတ်ကျတဲ့ကြောင်'လို ဖြစ်နေတဲ့ ပကတိအခြေအနေကို လျစ်လျူရှုလို့မရပါဘူး။
Kishore    ။    ။ Jerry ခင်ဗျားနဲ့ သဘောတူတာတွေ၊ ကွဲလွဲတာတွေ ခွဲဖြေပါ့မယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက ဒါကျွန်တော်ဖြေလာရတဲ့ သွပ်မိုး ပေါ်ကကြောင် မေးခွန်းတွေပါ။ ကျွန်တော်က ဒါကို နှစ် ၂၀ လောက် စောင့်ပြီးတော့မှ ကျွန်တော့်ရဲ့စာအုပ်မှာ ရေးခဲ့ပါတယ်။ တရုတ်ဟာ မနက်ဖြန်၊ သန်ဘက်ခါလောက် ပြိုလဲတော့မယ်ဆိုတဲ့ ခင်ဗျားတို့ရဲ့ အယူအဆတွေ မှားတယ်ဆိုတာ သက်သေပါ။ ဒီတော့ ကျွန်တော် ပြောချင်တာက တရုတ်ဟာ တိုးတက်နေတယ်။ ဒီ့ထက် ဆတက်ထမ်းပိုးတိုးပြီး တိုးတက်လိမ့်ဦးမယ်။ ပိုပြီးတည် ငြိမ်မယ်၊ စီးပွားရေးပဲ ပိုခိုင်မာလာမယ်။ တရုတ်ကလေးတွေ နိုင်ငံခြားတွေမှာ ပိုပညာသင်ကြားနိုင်အောင် ပို့လိမ့်ဦးမယ်၊ ခင်ဗျားပြောတဲ့ အလွန်ဖိနှိပ်ခံရတဲ့လူတွေ နိုင်ငံခြားကို သန်း ၂၀၀ လောက်ထွက်ပြီး ခင်ဗျားပြောတဲ့ အလွန်ဖိနှိပ်တဲ့ တိုင်းပြည်ကြီးကို သန်းနဲ့ချီပြီး ပြန်လာကြပါလိမ့်ဦးမယ်။ ခင်ဗျားကို ကျွန်တော်ပေးနိုင်တဲ့ Data ကတော့ အဲဒါပါပဲဗျာလို့ ပါးနပ်စွာ ဖြေကြား သွားတာအပေါ်လေ့လာနိုင်အောင် တင်ပြလိုက်ရပါတယ်။
(ရွှေလင်းယုန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47071

© 2022 - 2025 News. All Rights Reserved.