အရှေ့တောင်အာရှကို ခပ်ပြင်းပြင်းရိုက်ခတ်မယ့် ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ ဆင့်ကဲအကျိုးဆက်များ

၂၀၂၅ ၊ ဇူလိုင် ၁၈

    သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုအသစ်တွေ တိုးမြှင့်ကြပ်မတ်မယ့်ကိစ္စကို သုံးလတာ ဆိုင်းငံ့ထားတဲ့နောက် ဇူလိုင် ၇ ရက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကုန်သွယ်ဖက်နိုင်ငံ အသီးသီးကို မတူညီတဲ့ နှုန်းထားတွေနဲ့ အခွန်စည်းကြပ်မယ့် ပထမဆုံးခြေလှမ်းကို စတင်ခဲ့ပါတယ်။ အဲဒီနေ့မှာ ထရမ့်ဟာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၄ ခုရဲ့ အစိုးရတွေဆီ သြဂုတ် ၁ ရက်ကနေစပြီး အသစ်တိုးမြှင့် သတ်မှတ်မယ့် သွင်းကုန်အခွန်အခနှုန်းထားတွေ စာရေးသားပေးပို့ အကြောင်းကြားခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်ဆီတင်ပို့မယ့် ကုန်စည်တွေရဲ့ တန်ဖိုးစုစု ပေါင်း ရာခိုင်နှုန်း ၄၀ ထိ စည်းကြပ် သတ်မှတ်ခံရပြီး ထရမ့်က သတ်မှတ်တဲ့ အခွန်နှုန်းထား အမြင့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
    ဒီနေရာမှာ အလွယ်တကူ သတိထားမိနိုင်တဲ့ အချက်ကတော့ ထရမ့်ဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကို ပိုပြီး သိသိသာသာ အခွန်နှုန်းထား မြှင့်တင်သတ်မှတ်ထားတာပါပဲ။ ထရမ့်က အဲဒီလို အခွန်စည်းကြပ်မှုတွေ မြှင့်တင်တာဟာ ကုန်သွယ်ရေးလိုငွေပြမှုတွေကြောင့် နစ်နာနေတဲ့ အမေရိကန်ရဲ့ စီးပွားရေးကို ပြန်လည်ကုစားဖို့အတွက် ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတချို့အပေါ် ထရမ့်ရဲ့ အခွန်စည်းကြပ်နှုန်းတွေ မြင့်မားနေတာကတော့ တခြားရည်ရွယ်ချက်တစ်ခုလည်း ရှိနေသေးတယ်ဆိုတာကို ထင်ဟပ် မြင်သာစေပါတယ်။
    ထုတ်ပြန်ထားသမျှ အခွန်စည်းကြပ်မှုနှုန်းတွေကိုကြည့်ရင် လာအိုနဲ့ မြန်မာက ရာခိုင်နှုန်း ၄၀ စီ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းက ၃၆ ရာခိုင်နှုန်းစီ၊ အင်ဒိုနီးရှား က ၃၂ ရာခိုင်နှုန်း၊ မလေးရှားက ၂၅ ရာခိုင်နှုန်းဆိုပြီး သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။ အရှေ့တောင် အာရှဇုန်ထဲ မပါဝင်ပေမယ့် မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ထရမ့်ရဲ့ အခွန် ၃၅ ရာခိုင်နှုန်းထိ တိုးမြှင့် သတ်မှတ်တာကို ခံခဲ့ရပါတယ်။ 
    အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေထဲမှာ ဗီယက်နမ်ကတော့ ထရမ့်နဲ့ စောစောစီးစီး ညှိနှိုင်းမှုတွေ ပြီးပြတ်ခဲ့ပြီး အမေရိကန်ပို့ကုန်တွေကို အခွန်ကင်းလွတ်ခွင့်ပြုဖို့၊ အမေရိကန်ဆီတင်ပို့မယ့် ဗီယက်နမ်ကုန်စည်တွေကိုတော့ အခွန်ရာခိုင်နှုန်း ၂၀ သတ်မှတ်စည်းကြပ်တာ လက်ခံဖို့ သဘောတူညီမှု ရထားပြီးပါပြီ။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား အစိုးရတွေကလည်း အလားတူ သဘောတူညီမှုတွေ ရနိုင်အောင် အသီးသီး ညှိနှိုင်းဖို့ စီစဉ်ထားချိန်မှာ ထရမ့်ဆီက အခွန်စာရင်းကြီး ထွက်လာတော့ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရပါတယ်။
    အဲဒီနိုင်ငံတွေဟာ အခွန်နှုန်းထားသစ်တွေ စတင် အသက်ဝင်မယ့် သြဂုတ် ၁ ရက် မတိုင်ခင် ထရမ့်ကို စိတ်ပြောင်းအောင် ဆွဲဆောင်ညှိနှိုင်းဖို့ မလွယ်လောက်ပါဘူး။ ကမ္ဘောဒီးယားဟာ လွန်ခဲ့တဲ့ သုံးလတုန်းက အမေရိကန်ဆီတင်ပို့မယ့် ကုန်စည်တွေရဲ့ တန်ဖိုး ၄၉ ရာခိုင်နှုန်းထိ အခွန် စည်းကြပ်ခံရဖို့ လျာထားခဲ့ပြီးမှ ထရမ့်က ၃၆ ရာခိုင်နှုန်းဆီ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ 
    ကုန်ထုတ်လုပ်ငန်းနဲ့ ပြည်ပပို့ကုန်ကဏ္ဍကို စီးပွားရေးအတွက် အားပြုနေရတဲ့ နိုင်ငံတွေကို သွင်းကုန် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ခြင်းဟာ ထရမ့်အတွက်တော့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးကိစ္စ ညှိနှိုင်းမှုတွေမှာ အသာစီးက ချဉ်းကပ်ဖို့ နိုင်ဖဲတစ်ချပ်လို ဖြစ်နေပါတယ်။ နောက်တစ်ခုက အမေရိကန်ဟာ တရုတ်နဲ့ ကုန်သွယ်ရေး အားပြိုင်မှုကိုလည်း တိုက်ရိုက်မဟုတ် တော့တဲ့နည်းတွေနဲ့ ဆက်ပြီး ဆင်နွှဲချင်ပုံရတယ်။ ဒါကြောင့်လည်း အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရင်းနှီးတဲ့၊ ဒါမှမဟုတ် တရုတ်သြဇာကို မလွန်ဆန်နိုင်တဲ့ အခြေအနေလို့ သူယူဆတဲ့ နိုင်ငံတွေကို ထရမ့်က အခွန်မြှင့်တင် စည်းကြပ်မှုတွေမှာ အဓိကပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး တရုတ်ရဲ့ ထုတ်ကုန်တွေဟာ အဲဒီနိုင်ငံတွေဆီကနေတစ်ဆင့်ခံပြီး အမေရိကန်ဆီ ရောက်ရှိနေတာကိုလည်း ကန့်သတ်လျှော့ချဖို့ ထရမ့်က လိုလားနေဟန် ရှိပါတယ်။ 
    ဗီယက်နမ်နဲ့ ထိုင်းလိုမျိုး အမေရိကန်ဆီ ကုန်စည်တင်ပို့မှုအပေါ် အထူး မှီခိုနေရတဲ့ နိုင်ငံတွေ အတွက်တော့ အခုအခြေအနေမျိုးက စိုးရိမ်စရာဖြစ်နေတာ အမှန်ပါ။ ဗီယက်နမ်ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ရထားပြီဆိုတဲ့တိုင်အောင် အသေးစိတ် ညှိရမယ့်အချက်တွေ ကျန်နေဆဲလို့ စီးပွားရေး သုတေသီတွေက သုံးသပ်ထားကြပါတယ်။ တချို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေကတော့ ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်မှုကို ထရမ့်က လျှော့ပေါ့ပေးဖို့အတွက် အမေရိကန်ကို အကျိုးဖြစ်ထွန်းစေမယ့် မက်လုံးမျိုးတွေနဲ့ ညှိဖို့ ကြိုးစားနေကြတယ်။ ဥပမာ အင်ဒိုနီးရှား အစိုးရဟာ အမေရိကန်ဆီက လောင်စာဆီ ဒေါ်လာ ၃၄ ဘီလီယံဖိုးထိ ဝယ်ယူပါ့မယ်လို့ ကမ်းလှမ်းပြီး အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို လုပ်ဆောင်သွားဖို့ ကတိပေးထားပါတယ်။ ထိုင်းကတော့ အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ပို့ကုန်သွင်းကုန် တန်ဖိုးတွေ ရေချိန် ညီသွားအောင် ၁၀ နှစ်အတွင်း လုပ်ဆောင်ပါ့မယ်လို့ အာမခံခဲ့တယ်။ နောက်တော့ ခုနစ်နှစ်ကနေ ရှစ်နှစ်အတွင်း အဲဒီအခြေအနေမျိုး ရောက်အောင် ကြိုးစားပါ့မယ် ဆိုတာမျိုး အလောတကြီး ကြိုးစားလာတယ်။
    ထရမ့်ကတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုတွေ အရမ်းကြီးမားနေတာကို လျှော့ချဖို့နဲ့ အမေရိကန်ရဲ့ စီးပွားရေးကို မြှင့်တင်ဖို့ အခွန်စည်းကြပ်မှုတွေကို သေချာပေါက် မြှင့်တင်မယ်လို့ ပြောထားပြီးသားပါ။ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေကလည်း အမေရိကန် ပို့ကုန်တွေနဲ့ ပတ်သက်ရင် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကို လျှော့ချပေးဖို့၊ ကုန်သွယ်ရေးကဏ္ဍမှာ ပို့ကုန်သွင်းကုန် ဟန်ချက်မျှတဖို့နဲ့ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ဆိုတာမျိုး ကမ်းလှမ်းမှုတွေနဲ့ ထရမ့်ကို နှစ်သိမ့်ဖို့ အားထုတ်ကြပါ တယ်။
    ဒါပေမဲ့ ထရမ့်ရဲ့ မူဝါဒရေးရာ ရည်မှန်းချက်တွေမှာ တရုတ်နဲ့ပတ်သက်တဲ့ သီးခြားရှုထောင့်မျိုး ရောပါလာတဲ့အခါမှာတော့ ကိစ္စတွေက ထင်တာထက် ပိုရှုပ်သွားပါတယ်။ ထရမ့်ဟာ တရုတ်နဲ့ ဆက်ဆံရေး သိသိသာသာ မြှင့်တင်လာနေတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကိုလည်း အခွန်နှုန်းထားတွေ အများကြီး စည်းကြပ်လိုက်ခြင်းက သူ့သဘောထား ဘယ်လိုလဲဆိုတာကို မြင်သာစေပါတယ်။ အစောပိုင်းမှာ ပြောခဲ့သလိုပဲ တရုတ်ရဲ့ ကုန်စည်တွေကို အရှေ့တောင်အာရှ နိုင်ငံတွေဆီကို ပို့ဆောင်၊ အဲဒီကမှတစ်ဆင့် အမေရိကန်ဈေးကွက်ထဲ တင်သွင်းတယ်ဆိုတဲ့ ကိစ္စမျိုးကလည်း ထရမ့်ရဲ့ သမ္မတသက်တမ်း ပထမလေး နှစ်မှာကတည်းက အဲဒီကိစ္စကို အတော်လေး ကျယ်ကျယ်လောင်လောင် ဝေဖန်နေခဲ့ တာပါ။
    ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီးဖြစ်တဲ့အတွက် အမေရိကန်ဟာ ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် အသာစီးကနေ စကားပြောနိုင်တာ မဆန်းပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေဟာလည်း ထရမ့်ကို လွန်ဆန်ဖို့ မလွယ်တဲ့အတွက် ကုန်သွယ်ရေးကိစ္စတွေမှာတော့ ထရမ့်ရဲ့ တောင်းဆိုမှုအများစုကို အလျှော့ပေး လိုက်လျောရမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ထရမ့်အတွက်က ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် အနိုင်ရလိုက်တယ်လို့ ကောင်းကောင်းကြီး ကြွားစရာ ရထားမှာပါ။ ဒါပေမဲ့ ထရမ့်က နိုင်ရင်တောင် အမေရိကန်ကတော့ ရှုံးပါလိမ့်မယ်။
    အရင်က အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေဟာ တရုတ်နဲ့ အမေရိကန် စူပါပါဝါ နှစ်နိုင်ငံကြားမှာ ဟန်ချက်ညီအောင် ကြိုးတန်းလမ်းလျှောက်ရင်း မိတ်မပျက်အောင် ဆက်ဆံခဲ့ကြတယ်။ ဒါပေမဲ့ လက်ရှိလို အခြေအနေမှာတော့ အမေရိကန်ဘက်ပိုပြီး ယိမ်းယိုင်ချင်တဲ့ နိုင်ငံတွေတောင်မှ ထရမ့်ကြောင့် အဲဒီစိတ် ကူးကို ရေရှည်မှာ စွန့်လွှတ်လာကြဖွယ် ရှိနေပါတယ်။ တရုတ်၊ ဒါမှမဟုတ် အရှေ့အလယ်ပိုင်း၊ ဥရောပ စတဲ့ ကုန်သွယ်ဖက်အသစ်တွေကို အပူတပြင်း ရှာဖွေပြီး အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချဖို့ စိုင်းပြင်းလာကြ ပါလိမ့်မယ်။ ထိုင်းလိုမျိုး အမေရိကန်ရော၊ တရုတ်နဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတဲ့ နိုင်ငံတွေဟာလည်း တရုတ်ဆီကို ပိုပြီး အာရုံကျလာတော့ မှာပါ။
    ထရမ့်ကတော့ စာရွက်ပေါ်က ကိန်းဂဏန်းတွေကို ရွတ်ပြရင်း ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် သူဘယ်လို အသာစီးယူလိုက်သလဲ ဆိုတာကို အာပေါင် အာရင်းသန်သန် ကြွားဝါနေမှာပါ။ သူ့အတွက်တော့ အကျိုးအမြတ်တွေ ပိုရလာတာ မှန်ပေမယ့် မိတ်ဆွေတွေကိုတော့ ဆက်တိုက်ဆုံးရှုံးနေမှာ ဖြစ်ပါတယ်။ မိတ်ဖက် နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ကူညီအားဖြည့်ပေးရင်း Soft Power လို့ခေါ်တဲ့ အနုနည်းနဲ့ သြဇာ လွှမ်းမိုးနိုင်အောင် အမေရိကန် အစိုးရအဆက်ဆက်က အားထုတ်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အဲဒီအားသာချက်ကို ကိန်းဂဏန်းတွေက ညွှန်ပြတဲ့ အမြတ်အစွန်းနဲ့ တိုက်ရိုက်လဲလှယ်ဖို့ပဲ စိတ်ဆုံးဖြတ်လိုက်တာပါပဲ။ အမေရိကန်ဟာ အရှေ့တောင်အာရှ နိုင်ငံတွေကို ပစ်မှတ်ထားပြီး အခွန်စည်းကြပ်မှု နှုန်းထားတွေ မြှင့်တင်ရင်း အဲဒီဒေသမှာ တရုတ်ရဲ့ ပါဝါကို ပိုပြီးကြီးထွားလာအောင် ခွင့်ပြုပေးလိုက်ရမှာ ဖြစ်ပါတယ်။
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47073

© 2022 - 2025 News. All Rights Reserved.