အသံမျိုးစုံထွက်လာတဲ့ တော်လှန်ရေး အကွဲအပြဲဇာတ်လမ်း

၂၀၂၅ ၊ ဇူလိုင် ၂၆

ထူးဆန်းသည့် ကြေညာချက်
    မြို့မုံရွာက တော်လှန်ရေးသမားများလုပ်လိုက်လျှင် အဆန်းကြီးဟုပင်ဆိုရမလို ဖြစ်နေသည်။ တော်တော်ပင် ဒူသည်ဟု ပြောရမလား၊ တော်တော်ပင်ဘူးသည်ဟု ဆိုရမလား ခံတော့ခံလိုက်ရသည်မှာ သေချာပေါက်ဖြစ်သည်။ ထိုသို့ ခံလိုက်ရခြင်းကြောင့် မုံရွာနယ်ဘက်က တော်လှန်ရေးသမားဆိုသူများ ကြေညာချက်ပင် ထုတ်ယူရသည်အထိ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း အရှက်တကွဲ အကျိုးနည်း ဖြစ်ကုန် ကြလေသည်။ အကြောင်းက လှတပတ ကလေးမလေးတစ်ယောက်က တော်လှန်ရေးငွေများ ဘတ်သွားသောကြောင့် ဖြစ်သည်။ သူတို့၏ ကြေညာချက်ကိုလည်း ကြည့်ဦး "နှင်းဝင့်ဝါ (ခ) ပိုးပိုးသည် အနယ်နယ် အရပ်ရပ်မှ ပေးပို့ ကူညီထောက်ပံ့ထားသော အလှူငွေများ၊ CDM အတွက်ဆိုပြီး ရရှိသော အလှူငွေများ၊ စစ်ဘေးရှောင်အတွက် ရရှိထားသော အလှူငွေများ၊ တပ်ရင်းများအတွက် ရရှိထားသော အလှူငွေများကို ယူဆောင်သွားပြီး ထွက်ပြေးတိမ်းရှောင် သွားပါသဖြင့် နီးစပ်ရာ အဖွဲ့အစည်းများမှ တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပေးကြပါရန် ကြေညာအပ်ပါသည်"ဟု ထိုအမျိုးသမီး၏ ပုံများနှင့်တကွ ထုတ်ပြန်လေသည်။ မှတ်ချက် - 'ကျပ်သိန်း ငါးရာကျော်' ဟူ၍လည်း ပါသေးသည်။ အချို့ တော်လှန်ရေးသမားများက ကျပ်သိန်းထောင်ကျော်ဟု ဆိုကြသည်။
    သူတို့ကြေညာချက် ထုတ်လိုက်မှ ထိုကလေးမလေးနှင့် ပတ်သက်သည်များကို လိုက်၍ စပ်စုမိ၏။ စပ်စုရင်း သိလာသည်က ထိုကလေးမလေးသည် ဆိုရှယ်မီဒီယာနှင့်ပတ်သက်၍ Tiktok တစ်ခုတည်းသာ အသုံးပြုပြီး ကျန်သည့် ဖေ့စ်ဘုတ်၊ တယ်လီဂရမ်၊ ဘာညာသာရကာများ မသုံးကြောင်း သိရသည်။ ကလေးမလေးလည်း Tiktok တွင် မထိတထိ၊ ကလိတိတိ၊ ရိတိတိ Video များ နှင့် ပုရိသတို့ အသဲစွဲအောင် တမင်များ တင်ထားသလား မှတ်ရသည်။ ထိုကလေးမလေးက တော်လှန်ရေးငွေကျပ် သိန်းငါးရာကျော် လိမ်လည်သွားသည်ဆိုခြင်းကို တော်လှန်ရေးသမား အချို့ကပင် အပြစ်မတင်ရက် "လှုပ်လီလှုပ်လဲ့၊ မပေါ့်တပေါ်လေ၊ ဒါယုံတဲ့သူက မှားတာကွ"ဟု တော်လှန်ရေးသမားတို့က ထိုကလေးမအပေါ် အ ပြစ်မတင်ပေ။ "ငါတောင် တစ်သိန်း ပါသွားသေး"ဟု ခံရသူကလည်း ဝန်ခံ၏။ ထိုအချိန်ကျမှ မိန်းကလေး အချင်းချင်း ဂျေဝင်သူတစ်ယောက် ပေါ်လာလေသည်။ သူက ဝိုင်းလေးတဲ့ဗျာ။ "ဝိုင်းလေးကိုပါ သူက သင်နေတာ၊ ပိုက်ဆံရှာရတာ လွယ်တယ်၊ Tiktok မှာ ခပ်နန့်နန့်လေးတင်၊ အကုန်လုံးနဲ့ ခင်အောင်နေတဲ့။ သူက အစတုန်းက ကြက်သားသည်ရယ်။ အခုတော့ မရောင်းတော့ဘူး။ Tiktok မှာသာလှတာ အပြင်မှာ မဲမဲသဲသဲရယ်။ ဝိုင်းလေးက စားသောက်ဆိုင် ဖွင့်ထားတော့ သူ့ဆီက ကြက်သားဝယ်ဖူးလို့သိတာ"ဟု ဂျေဝင်ဝင်နှင့် အောက်ဖဲလှန်လေသည်။ သူတို့ ကြေညာချက်နှင့်အတူ မှတ်ချက်များကို လိုက်ဖတ်ကြည့်မှ ဗဟုသုတများလည်း တိုးရပါ၏။ ဇာတ်ပေါင်းသော်ဟု ဆိုရမလား ငွေကျပ်သိန်းငါးရာ ကျော် 'မ'သွားသည့် ကလေးမလေးက ပြန်ရှင်းပြမှ ရေလည်ပတ်စိ သဘောပေါက်သွားတော့သည်။ Tiktok ပေါ်တွင် ဖြူဖြူဖွေးဖွေး ရေဆေးငါး၊ အပြင်မှာ မဲမဲသဲသဲဟု ဆိုကြသည့် ထိုကလေးမလေးက"ငါဘာမှမသိ၊ ဘာမှမလုပ်၊ ငါနဲ့ လုံး၀ မအပ်စပ်တဲ့ကိစ္စတွေကို ခေါင်းစဉ်တပ်၊ သက်သေအချက်အလက်မရှိ၊ ဘာအခြေအမြစ်မှမရှိ၊ ပိုက်ဆံပေးပြီးခိုင်းရင် အကုန်တင်ပေးတဲ့ Fake Page Admin  တွေရေ လူသက်သေ၊ စာသက်သေ၊ လုပ်ရပ်လုပ်ကွက် သက်သေတွေနဲ့ ခိုင်ခိုင်မာမာ ယုတ္တိရှိရှိ အရင်လုပ်ကြဦး"ဟု ပြန်စိန်ခေါ်လေတော့သည်။ နောက်ဆုံးသော အချက်က နှင်းဝင့်ဝါ (ခ) ပိုးပိုးနှင့် သူမကို ဂျေဝင်နေသော ဝိုင်းလေးတို့ မိန်းမချင်းမသင့်မြတ်သည့်ကိစ္စကို ဝိုင်းလေးဆိုသည့် အမျိုးသမီးက တော်လှန်ရေးသမား ကြီးများကို အားကိုးပြီး ကြေညာချက်ထုတ်ခိုင်းခြင်း ဖြစ်သည်ဟု သူတို့နှစ်ဦးအကြောင်း သိသူက ရှင်းပြမှ သဘောပေါက်တော့၏။ ထိုအချိန်ကျမှ မင်းတို့ တော်လှန်ရေးဆိုတာကြီးကလည်းကွာ ရပ်ကွက်ထဲ လူမှုကွန်ရက်ပေါ်က မိန်းမချင်း ရန်ဖြစ်တာကို တော်လှန်နိုင်ငံရေး ပုဒ်မတပ် ကြေညာချက်ထုတ်ရသလား။ မြို့မုံရွာက တော်လှန်ရေးသမားကြီးများရယ်ဟုသာ မှတ် ချက်ချမိပါ၏။ အမှန်တကယ် လိမ်သွားသလား၊ အမှန် တကယ် အလိမ်ခံရသလား ဆိုသည်ကတော့ ကာယကံ ရှင်များသာ သိကြပါမည်။

လှူဒါန်းမှုအစုစု၏ အကျိုးခံစားရသူ၏ သံစဉ်
    တော်လှန်ရေးတွင် အားတက်သရော ပါဝင်ခဲ့သည့် ကလေးမလေးတစ်ယောက် ပေါက်ကွဲနေလေသည်။ တော်လှန်ရေး စတင်ချိန်က တက်တက်ကြွကြွ ပါဝင်ခဲ့သလောက် ထိုတော်လှန်ရေးက ပြန်ရလာသည့် အကျိုးဆက်များကို မခံစားနိုင်သောကြောင့် ပေါက်ကွဲနေ ခြင်း ဖြစ်သည်။ ဘဝထဲက လာသည့် ဒဿနဟု ဆိုရမလား၊ ကိုယ်တွေ့ကြုံ၍ ယုံကြည်ရသည်ဟု ပြောရမလား ပင်မသိ။ အချို့သော သင်ခန်း စာများသည် ပေးဆပ်မှု ကြီးမားတတ်ကြပါပေ၏။ ထိုကလေးမလေးသည် ချင်းမလေးတစ်ဦး ဖြစ်၏။
    သူ၏ သံစဉ်များက "အက်စတာ ဘာလို့ တော်လှန်ရေးကို စွန့်လွှတ်လိုက်တာလဲသိလား၊ တော်လှန်ရေး ကြာလာတော့ အက်စတာတို့က နှစ်ဖက် ကြောက်လာရတယ်။ လူတစ်စု ချမ်းသာလာတယ်၊ တော်လှန်ရေးထဲမှာ လူတစ်စု အာဏာမှာ ယစ်မူးပြီး ပျော်မွေ့လို့ လာဘ်စား တတ်လာတယ်၊ လူတစ်စု အာဏာကို ကောင်းကောင်း အသုံးချပြီး အာဏာရှင်ဆန်လာတယ်။ နင်တို့ ပညာမတတ်လည်း လက်နက် လေးကိုင်ထားရင် အဲဒီမှာ ဂိတ်စောင့်ပြီး ငါတို့ကို ဘယ်လို ငေါက်ငမ်းသလဲဆိုတာနော် ခရီးထွက်ဖူးတဲ့ လူတွေ အကုန်သိတယ်။ ဒါကြီးကို အထက်လူကြီးတွေက ခွင့်ပြုထားသလား၊ အောက်ခြေကလူတွေ ထင်ရာစိုင်းနေကြတာလား၊ အရင်တုန်းကတော့ ဘာပဲပြောပြော ငါတို့ မလုပ်နိုင်တဲ့ဟာကို သူတို့ အသက် တောင်ရင်းပြီးတော့ လက်နက်ကိုင်တော် လှန်ကြတာဆိုပြီး ငြိမ်ငြိမ်နေခဲ့ကြတယ်။ ခရီးထွက်ရင်းနဲ့တောင်မှ အလှူငွေ ကောက်ရင် ကောက်သလောက် ထည့်ရတယ်။ ထီကတ်လေး ဝယ်သွားပါဦးဆိုလည်း ဝယ်လိုက်ရတယ်။ အရင်တုန်းကတော့ "ကျေးဇူးပြုပြီးဗျ၊ ဘယ်လိုလေးဗျနဲ့၊ အခုတော့ ဆင်းစမ်းမှတ်ပုံတင်ပြ"ဆိုပြီး နင်တို့တွေ အချိုးပြောင်းလာလို့ ပြည်သူတွေအမြင် စောင်းလာတာလေ။ အဲဒါကို အရမ်း ဟုတ်လှပြီမထင်နဲ့။ အခုအချိန်မှာ ပြည်သူတွေ တော်တော်များများလည်း စိတ်ပျက်လာကြပြီ။ နင်တို့က ပိုက်ဆံတွေသာ ကောက်နေတာလေ စီးပွားရေးလိုင်းတွေ အကုန်လိုက်ပိတ်ဆို့နေတော့ ဘယ်က ပိုက်ဆံနဲ့ ပေးရမှာလဲ။ စားဝတ်နေရေးတောင် အနိုင်နိုင် ဖြေရှင်းနေရတာ။ နိုင်ငံခြားဆိုလည်း အိမ်က ပိုက်ဆံမှာ တဲ့အခါ ဒီလတော့ ငါတို့ကို အလှူကောက်ထားတာ ရှိတယ်။ ဘုရားကျောင်းတိုင်းလိုလိုမှာ အလှူတွေခံ၊ အလှူငွေကောက်၊ အိမ်တောင် သူတို့လှမ်းမကြည့်နိုင်ဘူး။ ဒီကြားထဲ အိမ်က ဒီလောက် ဒီလောက် ထည့်ကြဆိုတာက ပါသေးတယ်။ တတ်နိုင်တဲ့ဘက်က ပေးတာတောင် နင်တို့ အဲဒီလိုစကားတွေ ပြောတာနော်။ အခု နင်တို့လုပ်ရပ်က အရမ်းမှန်နေလို့လား၊ နင်တို့မှား တယ်ဆိုတာလေး ထောက်ပြတာ တောင် မခံနိုင်ဘူးမဟုတ်လား။ မသိရင် နင်တို့နဲ့ အမြင်မတူရင်၊ နင်တို့ကို မထောက်ခံရင် ရန်သူကြီးတစ် ယောက်လိုကို ငါတို့ကို ဆက်ဆံရော။ နင်တို့ ပြောသမျှစကား အမှန်ပဲ။ တဖြည်း ဖြည်း နင်တို့လည်း တော်လှန်ရင်း တော်လှန်ရင်းနဲ့ အာဏာရှင်ဖြစ်လာပြီ"ဟု သူ့သံစဉ်များ ပြည်သူများကြား သိစေလေ၏။ မှန်ရာပြောသည့်အခါ ရွာအပြင်ထုတ်ခံရ သည်ဆိုသကဲ့သို့ အက်စတာတွင်လည်း အမှန်များကို ပြောမိပြီး သကာလ တော်လှန်ရေးသမား ဆိုသူများ၏ ပစ်မှတ်ဖြစ်လာနေ၍ အနေအစား မချောင်ရှာတော့ပေ။ တော်လှန်ရေးသမား ဆိုသူများက အက်စတာပြောသည့် အထဲဘာများ အမှားပါလဲဟူ၍ မေးခွန်း ထုတ်လိုက်ချင် ပါသည်။

သူတောင်းစားမဟုတ်သည့် ဓားပြများ
    ချင်းတိုင်းရင်းသူမလေး အက်စတာက နိုင်ငံခြားတွင် ရောက်ရှိနေသူများပါ မရှောင်ခေါင်းစဉ်မျိုးစုံ နှင့် ကောက်ခံသည့် ငွေကြေးထည့်ဝင်ရသည်ဆိုမှ ပြည်ပတွင် ငွေကြေးကောက်ခံသူတို့အကြောင်း သွား၍ သတိ ရမိတော့၏။ သူတို့ကတော့ မယ်ပန်တို့၊ မင်းမော်ကွန်းတို့ကဲ့သို့ ထင်ရှားသူများ မဟုတ်ဘဲ မထင်မရှား ဖင်ကြားက ဝဲများသဖွယ် လူသိပ်မသိသူများ ဖြစ်ကြကုန်၏။ သူတို့သည်လည်း တော်လှန်ရေးတွင် အား တက်သရော ပါတော်မူကြောင်း လူသိစေချင်သည် ထင်ပါ၏။
    လူငယ်လေးတစ်ယောက်က ခွက်တစ်လုံး သူတို့အခေါ် အလှူခံဖလားနှင့် နောက်လိုက် နောက်ပါ အမျိုးသမီးလေး၊ ငါးယောက်နှင့် အလှူခံထွက်လေသည်။ ထိုသို့ အလှူခံထွက်ရခြင်းတွင် မလွယ်ကူကြောင်းကို 'တစ်ပတ်တစ်ပတ် အလှူခံထွက်ရတာလည်းဗျာ အားတောင်မှပြတ်တယ်။ တချို့အခန်းတွေ ဆိုရင် တံခါးတွေတောင် ပိတ်လိုက်ကြတာ 'ဝုန်း'ခနဲပဲ။ သူတောင်းစားတွေ မဟုတ်ဘူးလို့၊ ခင်ဗျားတို့ အေးအေး ဆေးဆေး အိပ်နေချိန်မှာ လမ်းဘေးက သူတောင်းစားလို လိုက်တောင်း နေရတာ"ဟု ရှေ့က တစ်ဦးတည်း ညည်းညူပြောဆိုရာ နောက်က ကလေးမလေးတစ်ယောက်က "သူတောင်းစားတွေ မဟုတ်ဘူးဟေ့၊ ဓားပြတွေဟု"အားတက်သရော ထောက်ခံလေသည်။ သူတို့အခြေအနေကိုတော့ သူတို့ ကိုယ်တိုင်သိပါလားဟု သူတောင်းစားထက် အဆင့်မြင့်သည့် ဓားပြများဖြစ်ကြောင်း ဝန်ခံလေသည်။ သူတို့ ထိုကဲ့သို့ အတိုင်အဖောက်ညီညီ ပြောဆိုကြသည့်အခါ ကျွန်တော်တို့နယ်ဘက် အရပ်ပြဇာတ်က အကြောင်းအရာတစ်ခုကို သွား၍ သတိရမိသည်။ ပြဇာတ်မင်းသားလုပ်သည့် ဦးပေါပို ဆိုသူက ဇာတ်ဝင်ခန်းတစ်ခုတွင် "ပေါပိုတို့ ဘာလုပ်စားသလဲ ဟင်းဟင်းဟင်း"ဟု သူ၏ တပည့်ကိုမေးရာ ပရိသတ်ထဲက ဦးပေါပို၏ ယောက်ဖဖြစ်သူက "ခိုးစားပါတယ်ဗျို့"ဟု အော်လိုက်လေရာ ဟာသမဟုတ်ဘဲ ဝိုင်း၍ ရယ်ကြကုန်လေတော့သည်။ ခုလည်း သူတို့က နိုင်ငံခြားမှာနေပြီး အလှူခံရသည်ကို သူတောင်းစားမဟုတ်ဟု ဆိုသော်လည်း ဓားပြဖြစ်ကြောင်းပြော၏။ ပြည်ပက နေသူတိုင်းလည်း အလွတ်မပေး ခေါင်းစဉ်မျိုးစုံဖြင့် အလှူခံသည်။ ပြည်တွင်းတွင် ရှိနေသူတို့ကိုလည်း ဆက်ကြေးကောက်လိုက်၊ ထမင်းထုပ်ဆင့်လိုက်၊ ဂိတ်ဖွင့်၍ ငွေတောင်းလိုက်နှင့် နည်းလမ်းပေါင်းမျိုးစုံအောင် ပြည်သူ့ထံက တောင်းယူနေကြသည်။ သည်ကြားထဲ လက်နက်လေး ရှိလာသောအခါ ထိုကဲ့သို့ တောင်းယူ၍ တွက်ခြေမကိုက်လျှင် ထွက်ပြီး ပြည်သူကို ဓားပြတိုက်ကြသည်မှာ အားလုံး အသိပင် မဟုတ်ပါလား။

အက်ကြောင်းထလာသည့် တော်လှန်ရေး နေ့ရက်များ
    တွဲတိုင်းတွင် စက်ခေါင်းပါသည်ဆိုပြီး လွှတ်ချင်ရာလွှတ်ထား၍ သွားချင်ရာသွားနေသော တော်လှန်ရေး ဆိုသူများ၏ နွေဦးသည် ပပ်ကြားအက်များ တော်တော်ကြီးကို ကြီးထွားလာသည်ဟု ဆိုရမလို ဖြစ် နေလေသည်။ လက်ရှိ သတင်းသဲ့သဲ့ ကြားနေရသည်က MDY ခေါ် မန်း PDF တို့၏ အတွင်းကြိတ် အက်ကွဲကြောင်းများပင်ဖြစ်သည်။ "အခုဆို MDY PDF  ရဲ့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေကြောင့် မျှော်လင့်ချက် မဲ့သွားစေတာတော့အမှန်ပဲ"ဟု ကြိမ်မီးအုံးသကဲ့သို့ အပူလုံးကြွ ပေါက်ကွဲလာနေကြသည်။ အကြောင်းက အထူးအထွေ အထွေအထူးရယ်တော့ မဟုတ်ဘဲ MDY PDF အချင်းချင်း၌ လုပ်ကွက်ခွင် တည့်သွားသူနှင့် ယခင်ကလည်း သူတောင်းစား သာသာ၊ ယခုလည်း ထိုနည်းနှင်နှင် ရှိသူတို့၏ ပွတ် တိုက်မှုပင် ဖြစ်သည်။ မန်း PDF လူလည်အချို့က သယံဇာတ ထွက်သည့်နေရာများကို စိုးမိုးထားပြီး ထိုနေရာမှ ငွေကြေးအမြောက်အမြား ရရှိပြီး တော်လှန်ရေးကို မေ့သွားခြင်းကြောင့်ဟု အခြေမဲ့ PDF တို့က စွပ်စွဲသံများ ညံလာနေသည်။" အကျဉ်းချုံးပြောရရင် ရွှေတွင်း ဖင်ခုထိုင်ပြီး ရောက် ရာနေရာမှာ ရပ်ပြီး ပျော်နေကြတာ"ဆိုသည့် ဝေဖန်သံက အခြေမဲ့ PDF တို့၏ စကားသံ ဖြစ်သည်။ "မင်းက ကြောက်ရူး။ မြေပြင်ကို လာကြည့်လှည့်"ဟု ခွင်တည့်နေ သူက အခြေနေမဲ့ PDF တို့ကို တုံ့ပြန်သံ ဖြစ်သည်။ ထိုကဲ့သို့ ပွတ်တိုက်မှု အက်ကွဲကြောင်းများ၏ အဓိကအ ချက်များထဲတွင် စစ်ရေးအရ အရေးနိမ့်မှုများလည်း ပါဝင်လာနေရာ တိုတိုပြောရလျှင် ရှုံးမဲမဲကာ အချင်းချင်း လက်ညှိုးထိုးကြခြင်းဖြစ်သည်။ ယခင်က လူမှုကွန် ရက်က မြှောက်ပင့်ပြောဆိုနေသူများကလည်း စစ်ရေးအရ အရေးနိမ့်လာမှုကြောင့် မျက်နှာမသာမယာ နှင့် တော်လှန်ရေးသမားများကို အပြစ်ဖို့ လာကြသည်။ လူမြတ်ကျော်တို့၊ စည်သူတို့ အစရှိသည့် သူများက တော်လှန်ရေး၏ အားနည်းချက်များ ဘာညာသာရကာ အာချောင်ကြတော့၏။ အာချောင်ခြင်းကိုက သူတို့ အလုပ်ဖြစ်သည်။ ထိုကဲ့သို့ အာချောင်နေခြင်းကို တော်လှန်ရေးသမားများက တော်လှန်ရေး ဆိုသည်ကိုပင်မေ့ကာ အပြန်အလှန် ဆဲကုန်ကြလေတော့သည်။ တော်လှန်ရေးလုပ်ရာတွင် တွက်ခြေမကိုက်၍ မူးယစ်ဆေး ကုန်ကူးသူကတစ်မျိုး၊ လက်နက်လေးရှိလာတော့ ပြည်သူကို ဓားပြတိုက်သည်က တစ်ဖွဲ့၊ ဂန့်ဂေါဘက်တွင်လည်း တော်လှန်ရေးအဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် အကျိတ်အခဲက ကြီး လာသည်က တစ်မှောင့်နှင့် တော်လှန်ရေးဆိုသူတို့ ဝုန်းဆန်နေကြလေသည်။ စစ်ရေးအရ အရေးနိမ့်လာ ခြင်းကြောင့် အလင်းဝင်လာသည့် PDF များလည်း အတော်ပင် များလာလေသည်။ ထိုကဲ့သို့ တော်လှန် ရေးဘက်တော်သားများ ဝရုန်းသုန်းကား ဖြစ်နေသဖြင့် သူတို့ကို ဦးဆောင်သည့်သူများ ဘာလုပ်နေလဲဟု ကြည့်လိုက်တော့ အလှူခံနေသည်တဲ့ခင်ဗျာ။ သည်အရပ်နှင့် သည်ဇာတ်အင်မတန်မှ လိုက်ဖက်နေမှုကြီး ပါလား"ဟုပင် ဆိုရတော့မည်။  (ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48075

© 2022 - 2025 News. All Rights Reserved.