အီရန်ရဲ့ နျူကလီးယားအနာဂတ် ဘယ်ကိုဦးတည်မလဲ

၂၀၂၅ ၊ ဇူလိုင် ၅

    အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် လေကြောင်းကနေ တိုက်ခိုက်ကြတဲ့ စစ်ရေးပဋိပက္ခကတော့ အမေရိကန်ရဲ့ ကြားဝင်မှုနဲ့အတူ ၁၂ ရက် အကြာမှာ ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန်က ဒီကိစ္စမှာ အစ္စရေးဘက်က ဝင်ကူပြီး အီရန်ရဲ့ ယူရေနီယံသတ္တု သန့်စင်စက်ရုံသုံးခုကို ဗုံးကြဲခဲ့တာကြောင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်လို့ နာမည်တပ်လို့တော့ မရပါဘူး။ တစ်နည်းအားဖြင့် အမေရိကန်ဟာ လက်နက်အင်အားနဲ့ နည်းပညာသာလွန်မှုကို အားကိုးပြီး အီရန်ကို စစ်ရေးအရ ဖိအားပေးခဲ့တဲ့ သဘောပါပဲ။
    အစ္စရေးရော၊ အမေရိကန်ကပါ အီရန်ကို စစ်ပြုတိုက်ခိုက်မှုမှာ အဓိက အကြောင်းပြချက်ပေးခဲ့တာက အီရန်ရဲ့ နျူကလီးယားနည်းပညာ ထိုးထွင်းအဆင့်မြှင့်တင်မှုတွေကို တားဆီးဖို့ဆိုတာပါပဲ။ အီရန်ဟာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယံ ဓာတ်သတ္တု သန့်စင်မှု ရာခိုင်နှုန်း ၉၀ ထဲက ရာခိုင်နှုန်း ၆၀ လောက်ကို ပြီးစီးအောင်မြင်နေပါပြီ။ အီရန်မှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်သွားပြီဆိုတာနဲ့ အစ္စရေး နိုင်ငံရဲ့ ရှင်သန်ရပ်တည်မှုကို ထိပါးလာနိုင်တယ်လို့ အစ္စရေးကစွပ်စွဲပြီး အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ကပါဝင်ပါပြီး လက်နက်တိုက်ထဲမှာရှိနေတဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲလေယာဉ်တွေ၊ မြေအောက် ဘန်ကာဖျက်ဗုံးတွေကို သုံးပြီး အီရန်ရဲ့ အဓိက နျူကလီးယားဆိုင်ရာ အဆောက်အအုံ သုံးခုကို တိုက်ခိုက်ခဲ့ပါတော့တယ်။
    အခုတော့ ဇွန်လ ၂၅ ရက်မှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲမှုနဲ့အတူ အီရန်နဲ့ အစ္စရေးကြား စစ်ပြေငြိမ်းထားပါပြီ။ ဒါပေမဲ့ နောက်ဆက်တွဲအဖြစ် ဖြေရခက်တဲ့ မေးခွန်းတွေ၊ မရေရာမှုတွေကတော့ ကျန်နေဆဲပါ။ အဲဒီထဲမှာ အဓိကအကျဆုံး မေးခွန်းတစ်ခုကတော့ အီရန်ရဲ့ နျူကလီးယားစီမံကိန်းတွေက ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာပါပဲ။
    အမေရိကန်ရဲ့ B-2 Spirit  မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေဟာ ကမ္ဘာတစ်ဝက်စာလောက် ခရီးကိုနှင်ပြီး ဇွန် ၂၂ ရက် မနက်ပိုင်းမှာ အီရန်နိုင်ငံ ပိုင် နက်ထဲက ဖော်ဒိုး၊ နန်တန့်ဇ်နဲ့ အစ်ဇ်ဖာဟန် နျူကလီး ယားဌာနတွေကို အလေးချိန် ပေါင် ၃၀၀၀၀ စီရှိတဲ့ ဘန်ကာဖျက်ဗုံးတွေ ကြဲချခဲ့ပါတော့တယ်။ အဲဒီစစ်ဆင်ရေးဟာ အင်မတန်အောင်မြင်ခဲ့ပြီး ပစ်မှတ်နေရာတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေခဲ့ တယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို အစက ပြန်စရင်တောင် အရင်းအမြစ်တွေ အများကြီးနဲ့ နှစ်တွေနဲ့ချီ အချိန်ယူရတော့မယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အီရန်ဘက်ကတော့ ထရမ့်ရဲ့ စကားတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် အမေရိကန် တိုက်ခိုက်မှုကြောင့် အပျက်အစီး အရမ်းမများခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သန့်စင်လက်စ ယူရေနီယံ ဓာတ်သတ္တုတွေကိုလည်း ကြိုတင်ပြီး အချိန်မီရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ အီရန် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ကီလိုဂရမ် ၄၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ အဲဒီယူရေနီယံတွေရဲ့ ကံကြမ္မာကို တိတိကျကျ မသိရသေးပေမယ့် အမေရိကန် ဗုံးကြဲလို့ ပျက်စီးသွားတာမျိုး ဖြစ်နိုင်ခြေ နည်းနိုင်ပါတယ်။
    အပစ်အခတ်ရပ်စဲသွားပြီး သိပ်မကြာခင်မှာပဲ စိတ်ဝင်စားစရာ သတင်းတွေကလည်း ဆက်တိုက် ထွက်ပေါ်လာပါတယ်။ အစောဆုံးအနေနဲ့ အမေရိကန် မီဒီယာတွေဖြစ်တဲ့ New York Times နဲ့ CNN တို့က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ထောက်လှမ်းရေး အေဂျင်စီ (DIA) ရဲ့ ကနဦး ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ကိုးကားပြီး အမေရိကန် ဗုံးကြဲဟာ အီရန် နျူကလီးယား အဆောက်အအုံတွေကို သိပ်ပြီး အထိမနာစေခဲ့ဘူးလို့ ဖော်ပြလာခဲ့ပါတယ်။ အဲဒီထောက်လှမ်းရေး အစီရင်ခံစာဟာ ထိပ်တန်းလျှို့ဝှက် အဆင့်ဖြစ်ပေမယ့် သတင်းဌာနတွေဆီ ပေါက်ကြားလာခဲ့ပါတယ်။ နောက်တစ်ခုက အစောပိုင်း လေ့လာသုံးသပ်ချက်သာ ဖြစ်တာကြောင့် အရမ်းတိကျမယ်လို့တော့ အာမခံချက်မရှိပါဘူး။
    ဘာပဲဖြစ်ဖြစ် အီရန်ရဲ့ နျူကလီးယားနည်းပညာ မြှင့်တင်နိုင်စွမ်းနဲ့ ယူရေနီယံ သန့်စင်နိုင်စွမ်းတွေကို ထိထိရောက်ရောက် ချေဖျက်ထားပြီးပြီလို့ ကြွေးကြော်ထားတဲ့ ထရမ့်နဲ့ အမေရိကန် အစိုးရကိုတော့ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတယ်။ ထရမ့်ရော၊ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်သ်ကပါ ဗုံးကြဲတိုက်ခိုက်မှု စစ်ဆင်ရေး အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်ဆိုတဲ့စကားကို အကြိမ်ကြိမ် ထပ်ပြီးပြောခဲ့ပါတယ်။ အိမ်ဖြူ တော်ကလည်း ထောက်လှမ်းရေး အစီရင်ခံစာ ပေါက်ကြားစေခဲ့တဲ့ ဖော်ကောင်တွေကို ဘယ်သူဘယ်ဝါ မသိသေးပေမယ့် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်။
    နောက်တော့ စစ်ရေးပဋိပက္ခ ကာလအတွင်း လုံခြုံရေးကြောင့် သိုသိုသိပ်သိပ် ရှောင်တိမ်းနေခဲ့တဲ့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက လူမြင်ကွင်းရှေ့ ပြန်ထွက်လာပြီး အီရန်ဟာ ပြီးခဲ့တဲ့စစ် ရေးပဋိပက္ခမှာ အောင်ပွဲခံနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ ထရမ့် ကြွေးကြော်နေသလိုမျိုး အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အီရန်အကြီးအကျယ် အထိနာသွားခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ခါမေနီက ဆိုတယ်။ အီရန်ရဲ့ စွမ်းဆောင်မှုတွေဟာ အမေရိကန်အတွက် မျက်နှာကို ဖြတ်အရိုက်ခံရသလို နာကျင်သွားစေ လိမ့်မယ်လို့လည်း သူက ပြောပါတယ်။
    ဒီစကားတွေက ထရမ့်ကို ဒေါပွသွားစေပုံပါပဲ။ နဂိုကတည်းက လူမှုကွန်ရက်တွေပေါ်မှာ စကားကို အထိန်းအကွပ်မရှိ ပြောတတ်သူအဖြစ် နာမည်ကြီးတဲ့ ထရမ့်က ခါမေနီကို ပစ်မှတ်ထားပြီး တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးက ခါမေနီ ပုန်းခိုနေတဲ့နေရာ ကိုသိရှိပြီး လုပ်ကြံဖို့ထိ စဉ်းစားထားပေမယ့် သူက ဝင်တားဆီးခဲ့ကြောင်း၊ သူက ညှာတာပေးခဲ့လို့သာ ခါမေနီဟာ အကျည်းတန်ပြီး သိက္ခာကင်းမဲ့တဲ့ အသေဆိုးမျိုးနဲ့ မသေရတာဖြစ်ကြောင်း ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Truth မှာ ရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ စကား အစတစ်ခု ထရမ့်ဆီက ထွက်လာပါတယ်။ အဲဒါကတော့ အီရန်သာ ယူရေနီယံသန့်စင်မှုတွေ ပြန်စတင်မယ်ဆိုရင် အမေရိကန်က နောက်တစ်ကြိမ် ဗုံးကြဲမယ် ဆိုတာပါပဲ။ သတင်းထောက်တွေက အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေ ပြန်စလာရင် အမေရိကန် အရေးယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့ အချိန်မှာ ထရမ့်က အဲဒီစကားကို ပြောခဲ့တာပါ။
    သူကိုယ်တိုင်ကပဲ အီရန်ရဲ့ နျူကလီးယားနည်းပညာ သုတေသန စွမ်းရည်တွေကို ထိထိရောက် ရောက် ဖျက်ဆီးပစ်ခဲ့ပြီးပြီလို့ပြောထားတဲ့ ထရမ့်ကအီရန်သာ ယူရေနီယံသန့်စင်မှုတွေ ပြန်စရင် ဗုံးထပ်ကြဲမယ်လို့ ခြိမ်း ခြောက်စရာ မရှိပါဘူး။ ထရမ့်ဟာ အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးအမြောက်အမြားကို အသုံးပြု အကောင်အထည်ဖော်တဲ့ စစ်ဆင်ရေးမျိုးနဲ့ အီရန်ကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီစစ်ဆင်ရေးသာ ထိ ရောက်အောင် မြင်မှု မရှိခဲ့ဘူးဆိုရင် သူ့အတွက် ဖိအားတွေ အများကြီး ကြုံလာနိုင်တာ အသေအချာပါပဲ။ ဒါကြောင့်လည်း ပစ်မှတ်နေရာတွေကို ပြင်းပြင်းထန်ထန် ချေမှုန်းနိုင်ခဲ့ပါတယ်လို့ သူက အကြိမ်ကြိမ် အထပ်ထပ် ပြောနေခဲ့တာပါ။
    ခါမေနီကတော့ လက်ရှိအခြေအနေမှာ အီရန် နျူကလီးယား ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အရင်လို ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အဲဒီစကားကလည်း ထရမ့်ကို အမျက်ထွက်စေဖွယ် ရှိပါတယ်။ သူက အီရန်ဟာ အမေရိကန်ဗုံးကြဲတာ ခံရပြီးချိန်မှာ ဦးကျိုးသွားပြီး စေ့စပ်ဆွေး နွေးမှုလမ်းကြောင်းဆီ ရိုရိုကျိုးကျိုး ရောက်လာနိုင်တယ် ဆိုတာမျိုးတွေ စကားလွန်ထားတာကြောင့်ပါ။ ဒါပေမဲ့ ခါမေနီဘက်က ကြည့်ရင်လည်း ရန်သူတော် နိုင်ငံနှစ်ခုက အီရန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတိုက်ခိုက်သွားတဲ့ အခြေအနေမှာ လိုက်လျော အလျှော့ပေးလွန်းနေတာမျိုး လုပ်လို့မရပါဘူး။ အဲဒီရွေးချယ်မှုမျိုးမှာ ပြည်သူကပါ အီရန်အစိုးရအပေါ် အထင်သေးစိတ်ပျက်သွားနိုင်ပါတယ်။
    အီရန်အစိုးရအနေနဲ့ မာန်ချစရာ မလိုဘူးဆိုတာ ပြသဖို့ဆိုရင် နျူကလီးယားအစီအမံတွေကို ဆက်လုပ်ဖို့၊ တစ်နည်းအားဖြင့် ယူရေနီယံသန့်စင်မှုတွေ ပြန်လည်ပတ်ပြဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အစောပိုင်းမှာ ပြောထားသလိုပဲ အီရန်ရဲ့ နျူကလီးယားအနာဂတ်က ဘယ်လိုဆက်ရှိမလဲဆိုတဲ့ မေးခွန်းက အခရာကျလာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ စိတ်ဝင်စားစရာ သတင်းအချက်အလက် အသစ်တစ်ခု ထပ်ပြီးထွက်ပေါ်လာ ပြန်ပါတယ်။ ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့်ရေးဆိုင်ရာ အစုအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA )က အီရန်ဟာ လအနည်းငယ်လောက် အကြာမှာတင် ယူရေနီယံသန့်စင်မှုတွေ ပြန်လည် အစပြုလာနိုင်တယ်လို့ ခန့်မှန်းလိုက်ခြင်းပါပဲ။ IAEA က အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ပေမယ့် ဒီလိုသတင်းမျိုးကို တော်ရိလျော်ရိ အထောက်အထားတွေအပေါ် အခြေခံပြီး ကြေညာဖို့ အကြောင်းမရှိပါဘူး။ IAEA ရဲ့ ထုတ်ပြန်ချက်ဟာ အီရန်ရဲ့ နျူက လီးယားစွမ်းရည်ကို ကောင်းကောင်းကြီး ချိုးနှိမ်ပြီးပြီလို့ လေလုံးထွားထားတဲ့ ထရမ့်ရဲ့ စကားတွေနဲ့တော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒီတော့ အီရန်ဟာ တကယ်ပဲ နျူကလီးယားနည်းပညာ မြှင့်တင်မှုတွေကို ဆက်လုပ်နိုင်မလား၊ ယူရေနီယံသတ္တုတွေကို ဆက်သန့်စင်နိုင်မလားဆိုတာက ဝိရောဓိတွေ ဖြစ်နေပါတယ်။ IAEA ရဲ့ အဆိုသာမှန်ကန်ပြီး တကယ်ပဲ အီရန်ဟာ ယူရေနီယံသန့်စင်မှုတွေကို လပိုင်း လောက်အတွင်း ပြန်လည်ပတ်လာရင် အစ္စရေးကရော ငြိမ်နေပါ့မလား။ အဲဒါကလည်း အန္တရာယ်ကြီးတဲ့ ဆင့်ကဲမေးခွန်းတစ်ခုပါပဲ။ အီရန်အစိုးရအတွက်တော့ ဘယ်လမ်းစဉ်ကို လိုက်မလဲဆိုတာကို ရွေးဖို့က လော လောဆယ်မှာ အရေးအကြီးဆုံး အချိုးအကွေ့မျိုး ဖြစ်လာနေပါတယ်။ 
    ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း အစ္စရေးဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်တွေကို ထိထိရောက်ရောက် ဖျက်ဆီးချိုးနှိမ်နိုင်ခဲ့ပါတယ်။ အီရန်ရဲ့ ဝေဟင်ဟာ လောလောဆယ်မှာတော့ အစ္စရေးရဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး တိုက်လေယာဉ်တွေကို ဟန့်တားဖို့ဆိုရင် အကာအကွယ်မဲ့လွန်းနေတယ်။ အမေရိကန်ရဲ့ B-2  ဗုံးကြဲလေယာဉ်တွေ ဝင်ရောက်လာချိန်တုန်းကလည်း အီရန်အနေနဲ့ တစ်ချက်ကလေးတောင် လက်တုံ့ပြန် ပစ်ခတ်နိုင်စွမ်း မရှိခဲ့ပါဘူး။ အီရန်က ယူရေနီယံသန့် စင်မှုတွေ ပြန်စတင်နေပြီလို့ အနံ့ရရုံနဲ့ အစ္စရေးဟာ လက်ရှိ ဝေဟင်စိုးမိုးမှု အသာစီးရထားမှုကို အသုံးချပြီး နောက်တစ်ကြိမ် တိုက်ခိုက် လာနိုင်ပါတယ်။ အီရန်ဟာ အဲဒီလမ်းကို ရွေးချယ်မှာ မဟုတ်ပါဘူး။
    တစ်ဖက်မှာလည်း ၂၀၁၅ ခုနှစ်တုန်းက သမ္မတ ဘာရတ်အိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရက အီရန် နျူကလီးယားထိန်းချုပ်ရေးအတွက် အီရန်နဲ့ ညှိနှိုင်းသဘောတူညီမှု ရယူခဲ့တဲ့ကိစ္စမျိုး အထမြောက်လာနိုင်ပါတယ်။ အဲဒီသဘောတူညီမှုကိုတော့ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းမှာ ပယ်ဖျက်ခဲ့ပါတယ်။ ထရမ့်က မတူကွဲ ပြားတဲ့ နောက်ထပ် နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ခုကို အီရန်နဲ့ ညှိ နှိုင်းရယူလိုကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုတွေ အားလုံးကိုတော့ ရာနှုန်းပြည့် စွန့်လွှတ်ရမယ်လို့ ထရမ့်က အကျပ်ကိုင်သတိပေး ထားပါတယ်။ အဲဒီတောင်းဆိုချက်ကို အီရန်ဘက်က လက်မခံနိုင်သေးပါဘူး။
    ဒီတော့ အီရန်ဟာ IAEA ပြောသလိုမျိုး တကယ်ပဲ လပိုင်းအတွင်း နာလန် ပြန်ထူပြီး ယူရေနီယံ သန့်စင်မှုတွေကို လုပ်ဆောင်ပြနိုင်ဦးမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ တကယ်လို့ လုပ်နိုင်စွမ်းရှိဦး တော့၊ လက်တွေ့လုပ်မလား ဆိုတာကတော့ ပိုပြီး အနုစိတ်တဲ့ မေးခွန်းပါ။ အီရန်က တကယ်ပဲ ယူရေနီယံ သန့်စင်မှုတွေ ပြန်လုပ်ဆောင်ရင် ဘယ်လိုအကျိုးဆက်တွေ ကြုံရမလဲဆိုတာကတော့ အန္တရာယ်အကြီးဆုံး နောက် ဆက်တွဲ မေးခွန်းလို့ပဲ သတ်မှတ်ရပါလိမ့်မယ်။
    ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခအတွင်းမှာတော့ အီရန်ဟာ ကျူးကျော်သူ ရန်ဘက်နှစ်နိုင်ငံကို အစွမ်းရှိသမျှ အကောင်းဆုံး လက်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့မှုဒဏ်ကို ခံထားရတဲ့ အခြေအနေမှာ အီရန်ဟာ နည်းပညာပိုင်း အကန့်အသတ်တွေ အများကြီး ကြုံခဲ့ရတာကြောင့် ရလဒ်ပိုင်းအရ ရှုံးနိမ့်ခဲ့တာကို အရှိအတိုင်း လက်ခံရပါလိမ့်မယ်။ တကယ်လို့ အီရန်မှာသာ ယူရေနီယံ သန့်စင်မှုတွေကို ပြန်စတင်နိုင်တဲ့ အခြေအနေမျိုး ရှိနေသေးရင်၊ ပြန်စဖို့လည်း တွေးထားမယ်ဆိုရင်တော့ အဲဒီလိုခါးသီး နာကျင်မှုမျိုးကို နောက်တစ်ကြိမ် ကိုင်တွယ်နိုင်မလား ဆိုတာကိုပါ တီဟီရန်မြို့တော်က အီရန်အစိုးရ အာဏာပိုင်တွေ ထည့်သွင်း စဉ်းစားကြရမှာဖြစ်ပါတယ်။ (ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46243

© 2022 - 2025 News. All Rights Reserved.