၂၀၂၅ ၊ ဇူလိုင် ၆
ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှု မရှိဖို့ လိုအပ်သလို ပြည်တွင်း အဖျက်အမှောင့် ပယောဂ ကင်းရှင်းအောင် လုပ်ဆောင်နိုင်ဖို့လိုကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၂၅ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားသွားသည်။ ဒီမိုကရေစီ ဖော်ဆောင်ရာတွင်လည်း တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးသည့် လိုအပ်ချက်ဖြစ်သလို တိုင်းရင်းသား ပြည်သူအားလုံးအတွက် ညီညွတ်မျှတသည့် လူမှုစီးပွားဘ၀ လုံခြုံရေးနှင့် အာမခံချက်ရရေးသည်လည်း အဓိကဖြစ်ကြောင်း၊ ပြည်သူလူထု အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဆိုလျှင်လည်း ၎င်းတို့၏ ဘ၀တိုး တက်မှုရရှိမည်ဖြစ်၍ ယင်းအခြေအနေမျိုးဖြစ်ဖို့ မျက်နှာချင်းဆိုင် တွေ့ဆုံကာ ရိုးသားပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြဖို့လည်း အမှန်တကယ် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းကို အဓိကစွဲကိုင်ပြီး လျှောက်လှမ်းလျက်ရှိနေသလို နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ ထူထောင်ဖို့ပင် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်၍လည်း ပြည်သူလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော်မည် ဖြစ်သလို ရှေ့လုပ်ငန်းစဉ်များ အတိုင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ရွေးကောက်ပွဲကို ဒီဇင်ဘာ တတိယပတ်၊ ၂၀၂၆ ဇန်နဝါရီ ပထမပတ် ယင်းကာလအတွင်း အသုတ်ခွဲ၍ ကျင်းပသွားမည်ဆိုသော ပြောကြားချက်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ငြိမ်းချမ်းရေးတံခါး ဖွင့်ထားကြောင်း ပြောဆိုချက်တို့မှာ ထူးခြားသည်ဟု မြင်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေများ၊ နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ Stakeholders များ၊ ပြည်တွင်းပြည်ပ မှပညာရှင်များ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။ အထူးသဖြင့် ပြည်ပ ခြောက်နိုင်ငံမှ Think Tank ပညာရှင်များ အပါအဝင် NCA ရေးထိုးထားသော တိုင်းရင်းသား အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ သုံးရက်ကြာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်တွင် တက်ရောက်လာကြသူများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အကြောင်းအရာများအပေါ် ခေါင်းစဉ်များအလိုက်သုံးသပ် ဆွေးနွေးခဲ့ကြသည်။ အချင်းချင်းအမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ခဲ့ကြပြီး အလွတ်သဘောကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။
သုံးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လေ့လာကြည့်ပါက Peace Forum -2025 ဖြစ်သော်လည်း ရွေးကောက်ပွဲဆိုင်ရာအသံများ ပို၍လွှမ်းမိုးသွားသည်ဟု မြင်ပြီး အထွေထွေရွေးကောက်ပွဲကိစ္စကိုသာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ကို တွေ့ရကြောင်း ဖိုရမ်တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)အထွေထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာက မှတ်ချက်ပြုသည်။
"ဒါက လက်တွေ့ ငြိမ်းချမ်းရေးဖိုရမ်မှာ မြင်ရကြားရတဲ့ ဆွေးနွေးချက်တွေပေါ့။ တကယ်လည်း အခြေအနေက ရွေးကောက်ပွဲက မကြာခင်မှာ ကျင်းပတော့မှာဆိုတော့ လွှမ်းမိုးလာတာ တွေ့ရပါတယ်။ အဓိကကတော့ လက်ရှိဖြစ်ပျက်နေတဲ့ လူထုရဲ့အဖြစ်အပျက်တွေ နိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကနေ လွတ်မြောက်ပြီးတော့ တိုင်းပြည်ကို ကောင်းတဲ့အရွေ့တစ်ခုဆီသွားဖို့၊ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် အားလုံးပါဝင်ဆောင်ရွက်ရမယ်ဆိုတာမျိုးကို ဆွေးနွေးခဲ့ကြတယ်။ ရွေးကောက်ပွဲဟာ အရေးကြီး တယ်ဆိုတာကို ဆွေးနွေးခဲ့ကြတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ အရွေ့တစ်ခု ရွေ့ဖို့အတွက် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ ငြိမ်းချမ်းမှပဲ ရွေးကောက်ပွဲရော တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရော လုပ်ကိုင်ဖို့က ရာခိုင်နှုန်းတော်တော်များများ ရနိုင်မှာပါ။ သို့သော်လည်းပဲ ငြိမ်းချမ်းမှပဲ ရွေးကောက်ပွဲ လုပ် မယ်ဆိုရင်တော့ ဘယ်အချိန် လုပ်မလဲဆိုတဲ့ ကိစ္စက ဖြစ်လာတာပေါ့။ ဒါကြောင့် ဘာပဲပြောနေပြောနေ ကြပါစေ၊ ကျွန်တော် မြင်လိုက်တာကတော့ ငြိမ်းချမ်းရေးကို အားလုံးရဲ့ရင်ထဲမှာ တော်တော်လေး လိုလို လားလားရှိ နေကြပါတယ်။ ငြိမ်းချမ်းမှလည်း အရွေ့တစ်ခုကို ရွေ့နိုင်မှာပေါ့"ဟူ၍ ၎င်းက မှတ်ချက်ပြုသည်။
ဒီမိုကရေစီအတွက် လွတ်လပ်ပြီး တရားမျှတရသည့် ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်မည် မှန်သော် လည်း အချို့ဒေသများတွင် လွတ်လပ်မှုရော တရားမျှတမှုပါ ရှိနေမည်ဖြစ်သလို အချို့သော ဒေသများတွင် မဲဆန္ဒရှင်များ၏ အခြေအနေ၊ နယ်မြေအခြေအနေများအပေါ်မူတည်ကာ လွတ်လပ်တရားမျှတမှု ရှိ၊ မရှိအ ပေါ် သက်ရောက်မှု ရှိနေမည်ဟုလည်း သုံးသပ်ကြသည်။
"လက်ရှိ နိုင်ငံအတွင်းဖြစ်နေတဲ့ လူထုရဲ့ အခက်အခဲတွေကတော့ ရွေးကောက်ပွဲလုပ်ခြင်းအားဖြင့် အဲဒါတွေက ကောင်းတဲ့ အပြောင်းအလဲဖြစ်မယ်လို့ ယုံကြည်တယ်။ တချို့ကလည်း ရနိုင်သမျှ တည် ငြိမ်အောင်လုပ်ပြီးမှ ရွေးကောက်ပွဲကျင်းပတာ ပိုသင့်လျော်တယ်လို့ အကြံပြုတာတွေ ရှိပါတယ်။ ရွေး ကောက်ပွဲကနေ ရလာနိုင်တာက အစိုးရသစ်တစ်ရပ် ပေါ်လာမယ်။ လွှတ်တော်လည်း ပေါ်လာပြီဆိုတော့ အနေအထားတွေ အားလုံးအပြောင်းအလဲတွေ ဖြစ်လာမှာပါ။ အဲဒီမှာ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးချက်တွေကလည်း တစ်မူထူးခြားပြီးတော့ အပြောင်းအလဲလေးတွေ ဖြစ်လာမယ်။ ငြိမ်းချမ်းရေးအရွေ့ကလည်း ပိုပြီးတော့ မြန်လာလိမ့်မယ်လို့ ထင်ပါတယ်"ဟူ၍လည်း ဦးမရစ်ကွမ်ဂျာက မှတ်ချက်ပြုထားသည်။
ငြိမ်းချမ်းရေးဖိုရမ် ပထမနေ့တွင် ပြည်ပပညာရှင်များ ပါဝင်ဆွေးနွေးအကြံပြုခဲ့သည်။ နိုင်ငံတကာရှိ ပြည်ပပညာရှင်များက ၎င်းတို့၏ လေ့လာဆည်းပူးမှု၊ ၎င်းတို့၏ အတွေ့အကြုံ၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အချက်အလက်ပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းက လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စ၊ အိန္ဒိယပညာရှင်များ ကလည်း ၎င်းတို့နိုင်ငံတွင် ကျင့်သုံးသည့် ဖက်ဒရယ်စနစ် ကျင့်သုံးပုံနှင့် ဘဏ္ဍာရေး ခွဲဝေမှုပုံစံတို့ကို အသီးသီး ဆွေးနွေးသွားခဲ့သည်။ အလားတူ အီတလီနိုင်ငံမှ ပါမောက္ခတစ်ဦးနှင့် တရုတ်ပညာရှင်တို့ကလည်း Globalization ၊ ဝင်ရိုးတစ်ခု ကမ္ဘာမှာဝင်ရိုးအများ ကမ္ဘာပြောင်းသွားစဉ် Civilization (လူ့ယဉ်ကျေးမှု)များ၏ အကြောင်းတို့ကို ဆွေးနွေးခဲ့သည်။ ရုရှားနိုင်ငံမှ ပညာရှင် တစ်ဦးကလည်း ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုလူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ခေတ်သစ်ဗဟု (Multipolar World) နှင့် ဒေသတွင်းဆက်ဆံရေး အရေးကြီးပုံ၊ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ယဉ် ကျေးမှု စရိုက်လက္ခဏာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
"ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာက ခိုင်မာတဲ့အခြေခံ သဘောတရားဖြစ်သည်ဆိုရင် ဖက်ဒရယ်ပုံစံတွေနဲ့ ပတ်သက်လို့ လေ့လာဖို့လိုတယ်။ အထူးသ ဖြင့်ကတော့ အိန္ဒိယက ဖက်ဒရယ်ကျင့်သုံးတဲ့ ပုံစံကိုလာပြီး ဟောပြောတဲ့ ပညာရှင်တွေကနေပြီးတော့ တော်တော်လေး ရှုထောင့်ပေါင်းစုံကနေပြီး ဆွေးနွေးသွားပါတယ်။ ဒါက တော်တော်လေး အကျိုးရှိပါတယ်။ ကျန်တဲ့ပညာရှင်တွေကလည်း ကျွန်တော်တို့နိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဒါကို အကြောင်းပြုပြီးတော့ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ဖို့ ဆွေးနွေးအကြံပြုခဲ့ကြတာတွေ ရှိပါတယ်။ နောက်တစ်ခုက နိုင်ငံတကာဖြစ်စဉ်တွေက အပြောင်းအလဲတွေ အင်မတန် ကြီးမားတဲ့အချိန်မှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံဘယ်လို ရပ်တည်သင့်တယ်၊ ဘယ်လို ဆောင်ရွက်သင့်လဲဆိုတာကို ဆွေးနွေးကြတာရှိတယ်။ ဆွေးနွေးပွဲရဲ့ အချုပ်မှာကတော့ ဖြစ်စဉ် တွေအားလုံးဟာ မြန်မာတွေကသာ ပိုင်ဆိုင်ပြီးတော့ မြန်မာရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ပြည်ပစွက်ဖက်မှု၊ ပြည်ပသြဇာ လွှမ်းမိုးမှုပုံစံမျိုး ဖြစ်လို့မရဘူး။ ဒါကိုလည်း ဆွေးနွေး ကြတာရှိပါတယ်။ တပ်ချုပ်ကလည်း ကျွန်တော်တို့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါမှာ ပြည်ပသြဇာခံဖြစ် လို့ မရဘူးလို့ ထည့်သွင်း ပြောသွားတဲ့ အခါကျတော့ ဒါတွေက တော်တော်လေးတော့ လိုက်လျောညီထွေ ဖြစ်တယ်လို့ ပြောရမှာပါ"ဟု ပြည်ပပညာရှင်များ၏ ဆွေးနွေးချက်အချို့နှင့်ပတ်သက် ၍ ဦးကိုကိုကြီးက မှတ်ချက်ပြုခဲ့သည်။
ဖိုရမ်တွင် "ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့"ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။ ယင်းခေါင်းစဉ်ပေးထားမှုမှာ အဓိပ္ပာယ်ရှိသည်ဟု သုံးသပ်ကြသည်။ "နိုင်ငံတည်ငြိမ်မှလည်း ဖွံ့ဖြိုးတိုး တက်လာမှာ။ ရွေးကောက်ပွဲပြီးရင် အရွေ့တစ်ခုဖြစ်လာလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးဆိုတာ တောက်လျှောက် လိုက်လာမှာပေါ့။ ဒါကြောင့် ပေးထားတဲ့ခေါင်းစဉ်က ဆက်စပ်မှုလည်းရှိတယ်၊ အဓိပ္ပာယ်လည်း ရှိပါတယ်"ဟူ၍ ငြိမ်းချမ်ရေး ဖိုရမ်တက်ရောက်ခဲ့သူ လူငယ်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
ငြိမ်းချမ်းရေးဖိုရမ် ခေါင်းစဉ်မှာ များစွာကျယ်ဝန်းပြီး ဆွေးနွေးပွဲကာလမှာ သုံးရက်တာ ဖြစ်သော်လည်း ပြည်တွင်းအင်အားစုများ၏ ဆွေးနွေးမှုမှာ နှစ်ရက်သာ ရှိခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးဖိုရမ် အခင်းအကျင်းမှာ အကောင်းဘက် ဦးတည်စေသည့် အစကောင်းသည့် အခင်း အကျင်းဟု ဦးကိုကိုကြီးက မှတ်ချက်ပြုသည်။
"တကယ်က ဒါဟာ အစကောင်းတဲ့ စမှတ်လို့ပဲ ပြောချင်ပါတယ်။ တကယ့်တကယ်ကတော့ ဒီထက် ကျယ်ပြန့်တာတွေကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အထူးပြုပြီး ဆွေးနွေးရင် ပိုပြီးပြည့်ပြည့်စုံစုံ ဖြစ်မယ်လို့ မြင်ပါတယ်။ အခုဟာကတော့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ ခေါင်းစဉ်တွေတော့ မှန်တယ်။ သို့သော် အရမ်းကျယ်ဝန်းအားကြီးပါတယ်"ဟူ၍ ၎င်းက မှတ်ချက် ပြုခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းကို NCA ရေးထိုးထားသည့် EAO အဖွဲ့များအပြင် ကိုယ်စားလှယ်တော်များ ဖြစ်ကြသည့် UWSA အဖွဲ့မှ ဦးညီရမ်း၊ SSPP အဖွဲ့မှ စဝ်နော်လိတ်၊ NDAA အဖွဲ့မှ ဦးချစ်ဆွေတို့ တက်ရောက်လာသည်ကို တွေ့ရသည်။ EAO များ၏အမြင်မှာ ငြိမ်းချမ်းဖို့ဖြစ်ပြီး တိုင်းပြည်အတွက် ငြိမ်း ချမ်းရေးသည် အရေးကြီးကြောင်း လက်ခံထားကြသလို ဒီမိုကရေစီအတွက် ရွေးကောက်ပွဲဖြစ်မြောက် အောင်မြင်ရေး အားပေးထောက်ခံကြသည့် အနေအထား တွေ့ရသည်။ ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူ၍ ခေါင်းစဉ်ပေးထားသလို ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ် စနစ်တို့ ပေါင်းစပ်မှုမှ နိုင်ငံတော်သစ်သို့ဟူ၍လည်း ခေါင်းစဉ်ပေး ဆွေးနွေးခဲ့ကြသည်ဟု ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။
"အဲဒီအထဲမှာဆိုရင် ကျွန်မတို့က ရွေးကောက် ပွဲဘက်ကို သွားရတယ်။ ကျွန်မတို့က ကိုယ့်ရဲ့ Subject မဟုတ်ပေမယ့်လည်း ရွေးကောက်ပွဲသည် ဒီနေ့ ဒီအနေအထားမှာတော့ နိုင်ငံရဲ့ ထွက်ပေါက်တစ်ခု၊ နိုင်ငံရဲ့အကျပ်အတည်းကနေ ထွက်ပေါက်တစ်ခုကို စဉ်းစားတဲ့အခါမှာ ရွေးကောက်ပွဲကလည်း လိုအပ်တယ်ဆိုတာ စဉ်းစားရမယ်။ နိုင်ငံကို မပြောင်းလဲလို့ မရတော့ဘူး။ ပြောင်းရမယ်ဆိုတဲ့ စဉ်းစားချက် တွေကလည်း လူတိုင်းရဲ့ ခေါင်းထဲမှာ ရှိနေကြတယ်ဆိုတော့ ပြောင်းလဲဖို့ ဘက်ကို သွားပေးတဲ့ပုံစံနဲ့ ဆွေးနွေးတယ်။ ပြီးတော့ အမတ်လောင်းတွေဆိုတာက အမတ်ဖြစ်မယ့်သူတွေ ဖြစ်တယ်။ သူတို့သည် ပြည်သူရဲ့ ကိုယ်စားပြုသူတွေ ဖြစ်တာကြောင့် ပြည်သူရဲ့ရှေ့မှာ ရှိရမယ်။ ပြည်သူအတွက် အလုပ်အကျွေး ပြုရမယ်။ လွှတ်တော်ဝင်ဖို့သက်သက် မဟုတ်ဘူးဆိုတာကို ဆွေးနွေးခဲ့တယ်။ ပြီးတော့ နိုင်ငံက အရွေ့ တစ်ခုကို သွားတဲ့နေရာမှာ ကိုယ်မပါလို့ဆိုပြီး အလေးမထားတာမျိုး မရှိဘူး။ ကိုယ်ကကျရာတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတော့ ရွေးကောက်ပွဲကဏ္ဍမှာ ပါဝင် ဆွေးနွေးဖြစ်ခဲ့တာပါ။ နိုင်ငံရေးထွက်ပေါက် တစ်ခုကို စဉ်းစားတာပဲ ဆိုတဲ့အမြင်နဲ့ ဆွေးနွေးဖြစ်ခဲ့တာပါ"ဟု ဒေါ်စောမြရာဇာလင်းကပြောသည်။
ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့သူများ၏ ပြောကြားချက်အရ ပွင့်ပွင့်လင်းလင်း လွတ်လပ်စွာ ဆွေးနွေးခွင့်ရခဲ့ပြီး ဆွေးနွေးခဲ့ရမှုတွင် အားရကျေနပ်မှုရှိသည်ဟု သိရသည်။ အစုအဖွဲ့အလိုက်ရရှိသည့် အကြံပြုဆွေးနွေးချက်များကို စုစည်းခဲ့မှုအရ အကြံပြုချက်ပေါင်း ၁၄၀ ခန့် ရရှိခဲ့သည်ဟုလည်း သိရသည်။ ထိုအချက်များအနက် တူရာတူရာများစုကာ အကြံပြုချက် စုစည်းမှုထွက်လာပြီး ထိုထွက်လာသည့် စုစည်းချက်များအား အဆုံးအဖြတ်ပေးနိုင်မည့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များထံ တင်ပြပေးမည်ဟုလည်း သိရသည်။ လတ်တလော ဆောင်ရွက်နိုင်သည့် အချက်များ၊ ရေရှည်ဆောင်ရွက်နိုင်မည့် အချက်များဟူ၍ အစုခွဲသတ်မှတ်ကာ ဆက်လက် ဖော်ဆောင်မည်ဟု NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခမ်း အနား အပိတ်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ဟု ဖိုရမ်တက်ရောက်သူများက ပြောသည်။
"ကဏ္ဍအသီးသီးကို ဆွေးနွေးတဲ့အခါမှာ Recommendations (အကြံပြုချက်) ပေးဖို့အတွက် ခေါင်းစဉ် ၁၀၀ ကျော် ထွက်လာတယ်။ ဒါပေမဲ့ ခေါင်းစဉ်အားလုံးထဲက ဆင်တူယိုးမှားဟာတွေကို ပေါင်းစပ်ပြီး တော့မှ လူကြီးဆီကို တင်ပြဖို့ စဉ်းစားချက်တွေ ဖြစ်သွားတယ်။ ဆွေးနွေးချက်တွေကတော့ တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ရှိခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ မှန်းထားတာထက်တော့ နည်းနည်း ကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေးဖိုရမ်မှာ ဆွေးနွေးအကြံပြု ချက်တွေကို စာရွက်ပေါ်မှာ မထားဘူး၊ Action လုပ်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောသွားတယ်။ ရထားတဲ့ အချက်တွေနဲ့ပတ်သက် ပြီး NSPNC က စိစစ်ရွေးချယ်မှာပေါ့။ ပြီးရင် နိုင်ငံ့ခေါင်းဆောင် အကြီးအကဲကိုလည်း တင်ပြမယ်လို့ သိရပါတယ်" ဟူ၍ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြည်သူကို သတင်းစကားပါးခဲ့သည်။
သုံးရက်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများစွာကို ကျယ်ကျယ်ပြန့်ပြန် ဆွေးနွေးခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ မြိုင်မြိုင်ဆိုင်ဆိုင် အသံထွက်သည်၊ နိုင်ငံရေးပါတီများအား ဦးစားပေးသည်ဟု အချို့ကရှုမြင်ကြ သည်။ ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ နိုင်ငံရေးဆိုသည်မှာ ဖြစ်စဉ် (Process)ဟု နားလည်ရ မည်ဖြစ်ပြီး ထိုဖြစ်စဉ်များတွင် ရွေးကောက်ပွဲသည် မဖြစ်မနေ ဖြတ်သန်းသွားရ မည့် မှတ်တိုင်တစ်ခုဟု ပြောသည်။
"အဲဒီတော့ ငြိမ်းချမ်းရေးဆိုတာလည်း တိုက် တာ နှစ် ၇၀၊ ဆွေးနွေးတာ နှစ် ၇၀ ပဲ။ အဲဒီတော့ ဒါကြီးက မပြီးပြတ်နိုင်အောင် ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီအတောအတွင်းမှာမှ ရွေးကောက် ပွဲ ဒီဇင်ဘာမှာ လုပ်မယ်ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာမှ ရွေးကောက်ပွဲက မဖြစ်မနေပေါ့။ ဖြတ်သန်းသွားရမယ့် မှတ်တိုင်တစ်ခုဖြစ်တော့ အဲဒီရွေးကောက်ပွဲကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လောက် အထောက် အကူဖြစ်နိုင်မလဲ။ အထောက်အကူဖြစ်အောင် ဘယ်လိုဆောင် ရွက်ကြမလဲဆိုတာကို ကျွန်တော်တို့က ချိတ်ဆက်ပြီးတော့ ဆွေးနွေးတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအထဲမှာ ရွေးကောက်ပွဲကိစ္စ သက်သက်မဟုတ်ဘဲနဲ့ အခြားနိုင်ငံပြု ပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သင့်တဲ့ အချက်တော်တော် များများလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်တော့ ဆွေးနွေးတဲ့ အဝန်းအဝိုင်းက တော်တော်လေး ကျယ်ပြန့်တယ်လို့ ပြောရမှာပါ"ဟု ဦးကိုကိုကြီးက မှတ်ချက်ပြုခဲ့သည်။
Peace Forum ၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အခင်းအကျင်းအပေါ် အမြင်များသုံးသပ်ချက်တချို့ သာဖြစ်ပါသည်။ ၂၀၂၅ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာဟု ဆိုလိုက်လျှင် လေးနက်ကျယ်ဝန်းနက်ရှိုင်းပါသည်။ များစွာကျယ်ပြန့်သလို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆွေးနွေးရမည့် တိုင်းပြည်အတွက် အရေးကြီးသည့် အကြောင်းအရာများ ဖြစ်ပါသည်။ ယခု ၂၀၂၅ အတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်အဖြစ် မတ်လအ တွင်း Peace Talk လုပ်ခဲ့သည်။ ယခု ဇွန်အတွင်း Peace Forum ဟူ၍ အဆင့်ဖြစ်လာခဲ့သည်။ များမကြာခင်ကာ လတွင်လည်း တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA ) ၁၀ နှစ်ပြည့် နှစ်ပတ် လည်အထိမ်းအမှတ် အခမ်းအနားရှိပြီး အလားတူ ဆွေးနွေးပွဲမျိုးများ ဆက်လက်ကျင်းပခွင့်ရှိ နေပါသည်။ Peace Forum 2025 ကျင်းပမှု အခြေအနေအရ တက်ရောက်ခဲ့သူများ၏ အမြင်များ သုံးသပ်မှုများအရ ကဏ္ဍအသီးသီးအလိုက် ဆွေးနွေးမှုတိုင်းသည်"ဘာ မဆွေးနွေးရဘူး၊ ဘာပဲပြောရမယ်"ဟူသည့် ကြိုတင် ကန့်သတ်ထားမှုမရှိ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ကြသည်။ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခွင့် ရခဲ့ကြသည်။ အထူးသဖြင့် သတင်းဌာန၊ မီဒီယာများကိုပါ သတင်းရယူဖို့ သက်သက်မဟုတ်ဘဲ ၎င်းတို့ကို ပါဝင် တက်ရောက်ဆွေးနွေးနိုင်သည့် ပရိသတ်အဖြစ် ထည့်သွင်းဖိတ်ကြားထားသည်။ ဌာနဆိုင်ရာအကြီး အကဲများကိုလည်း ၎င်းတို့၏ သက်ဆိုင်ရာ ဌာနအသီးသီး၌ ပြန်လည်အကောင် အထည်ဖော်နိုင်မည့် ကိစ္စများ၊ ကြားသိစေရန် ထည့်သွင်းထားမှု၊ ၎င်းကိုယ်တိုင် ဝင်ရောက်ဆွေးနွေးနိုင်မှုတို့ကြောင့် လေးနက် ကျယ်ပြန့် နက်ရှိုင်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်သည်ဟူ၍ မှတ်ချက်ပြုခဲ့ကြသည်။
ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေမှုများနှင့်ပတ်သက်၍ ဦးကိုကိုကြီး၏ အမြင်သဘောထားနှင့် အဆုံးသတ်လိုပါသည်။ ၎င်းက "ပစ်နေတာထက်စာရင် ပြောနေတာက ကောင်းတာပေါ့ဗျာ။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြေးရလွှားရတဲ့ ပြည်သူတွေရဲ့ အတိဒုက္ခတွေကြားထဲမှာ ကျွန်တော်တို့က ထွက်ပေါက်ရနိုင်မယ့် နည်းလမ်းကို ရှုထောင့်အသီးသီးကနေ ဆွေးနွေးကြတာက အများစုအကျိုးရှိပါတယ်" ဟူ၍ မှတ်ချက်ပြုခဲ့သည်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )