US ရဲ့ နိုင်ငံရေးပါတီသစ်

၂၀၂၅ ၊ ဇူလိုင် ၁၂

    ကမ္ဘာနဲ့တစ်ဝန်း နိုင်ငံတကာမှာ စစ်မီးတွေ တောက်လောင်နေပါတယ်။ ယူကရိန်းစစ်ပွဲ၊ အီရန်-အစ္စရေးစစ်ပွဲ၊ ဂါဇာကအစ္စရေး၊ ဟားမက်ခ်စစ်ပွဲတွေကြောင့်၊ လူသူပစ္စည်းတွေ ဆုံးရှုံးရတာ၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘဲ သောကမီးတွေ လောင်မြိုက်ကြရတာ စိတ်သက်သာစရာ မရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို စစ်တလင်းအဖြစ် မီးအမွှေးမခံဘဲ သူများတိုင်းပြည်ထဲ Proxy War တွေ ဆင်နွှဲနေကျဖြစ်တဲ့ အမေရိကန်ကြီးဟာ အခုတော့ မကြာခင်မှာ နိုင်ငံရေးအရှုပ်အထွေးနဲ့ ဝဋ်လည်ပါတော့မယ်။ ဒုတိယအကျော့ သမ္မတပြန်ဖြစ်တဲ့ Trump 2.0 မှာ 'အတ္တဗဟိုပြုတဲ့ မူဝါဒတွေကြောင့် America First သမ္မတကြီးဟာ ပြည်တွင်းမှာ နိုင်ငံရေးစစ်မီးကြီး စလာနိုင်ပြီး နှစ်ပေါင်းနှစ်ရာကျော် Republican နဲ့  Democrats ဆိုတဲ့ အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုအပြင် American Party ဆိုတဲ့ နိုင်ငံရေးပါတီအသစ်ပါ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

Department of Government Efficiency. 
    ထရမ့်ဟာ ဒုတိယကြိမ် သမ္မတရွေးကောက် ပွဲမှာအနိုင်ရရင် ကတိကဝတ်တွေပေးခဲ့တဲ့အထဲမှာ နိုင်ငံတော်မှာ တင်ရှိနေတဲ့ ကြွေးမြီ ၃၆ ထရီလီယံကို သက်သာအောင် အသုံးစရိတ်တွေ ကြီးကြပ်ဖို့၊ အစိုးရလုပ်ငန်းတွေ ထိရောက်ဖို့ ဌာနအသစ် Department of Governmenti Efficiency ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီဌာနကိုလည်း ထရမ့်က သူဌေးကြီးအီလွန်မက်ခ်ကို ဦးစီးစေခဲ့ပါတယ်။ မက်ခ်က ထရမ့်သမ္မတရွေးပွဲမှာ ရန်ပုံငွေတွေ အမြောက်အမြား ကူခဲ့သလို၊ မက်ခ်ရဲ့ စနစ်ကျတဲ့ အုပ်ချုပ်ရေးစွမ်းရည်ကို ယုံကြည်တာလည်း ပါပါတယ်။ ဒီဌာနကိုဖွဲ့တာရော၊ မက်ခ်ကို ဦးစီးခိုင်းတာမှာ တာဝန်ရှိသူတွေက အတော်ဝေဖန်ခဲ့ကြပါတယ်။ နှစ်ယောက်ပေါင်းလောင်းကျော် လုပ်လိုက်ကြတာ ထမင်းအိုးကွဲသွားသူတွေ Reuters နဲ့ VOX တို့ရဲ့ ထုတ်ပြန်ချက်အရ ပြည်နယ်အဆင့် အဖွဲ့အစည်းတွေရဲ့ ဝန်ထမ်း ၂၆၀၀၀၀ ရှိပြီး ငွေအားဖြင့် CBS News အရ ဒေါ်လာဘီလီယံ ၁၈၀ ရှိတယ်လို့ သိရပါတယ်။

ပြဿနာ ဘယ်ကစ
    ထရမ့်ဟာ နိုင်ငံရေးသက်တမ်းလေးရလာတော့ အတော်ပါးနပ်လာပါတယ်။ US အစိုးရမှာ DOGE ဌာန မဖွဲ့စည်းစဉ်ကတည်းက အခု DOGE လုပ်ရမည့်အလုပ်တွေလုပ်ဖို့ Office of Management and Budget တို့၊ Government Accountability Office တို့၊ lnspector General's Office တို့ ရှိနေပေမယ့် တကယ်တော့ ထရမ့်က မက်ခ်ကို အားကိုးသလို၊ ကျေးဇူးဆပ်သလိုနဲ့ ဗိုက်ငှား ဓားအထိုးခံခိုင်းလိုက်တာပါ။ ကိုရင်မက်ခ်ကလည်း အဆင်ပြေနေတုန်းတော့ ဆိုင်းသံကြားတာနဲ့ အမောဆိုက်အောင် ဝင်ကလိုက်ပြီး ဘုရင်တင်နေတဲ့ကြွေးကို ပြည်သူ့မေတ္တာခံပြီး ဝင်ဆပ်ပေးခဲ့ပါတယ်။ Tesla ကားတွေ မီးအရှို့ခံ၊ Tesla Stocks တွေ အကျခံပြီး မိုက်မိုက်ကန်းကန်း ထရမ့်ကိုယ်စား ဝင်ရပ်ပေးခဲ့ပါတယ်။

သူတော်ချင်းချင်း သတင်းလွေ့တဲ့အချိန်
    မက်ခ်ဟာ တကယ်တော့ လတ်တလော သူ့အကျိုးစီးပွားကို မကြည့်ဘဲ နိုင်ငံရဲ့ဝင်ငွေ၊ ထွက်ငွေ မမျှတာဟာ Recession ဝင်ပြီး US Economy ဟာ တစ်ချိန်မှာ လုံး၀အကျဘက်ရောက်တော့မှာ မြင်တတ်သူပါ။ သူက Visionary တစ်ယောက်ပါ။ သူ့လုပ်ငန်းမှန်သမျှဟာ အမြော်အမြင်အကြီးကြီးနဲ့ လုပ်ခဲ့တာချည်းပါ။ One time use Rocket တွေကို ပြန်သုံးလို့ရအောင် ကမ္ဘာကြီးမှာ လူတွေများ မလာမီ Mars မှာ လူတွေသွား အခြေချနိုင်အောင်အထိ ရည်မှန်းချက်အကြီးကြီးနဲ့ လုပ်ခဲ့တာပါ။ ကမ္ဘာမှာ ပါဝါအကြီးဆုံးသူနဲ့ ကမ္ဘာမှာ အချမ်းသာဆုံးသူ နှစ်ယောက် တရားသဘောအရ 'တဏှာနဲ့မာန' ပေါင်းစပ်ထားပြီး ရည်မှန်းချက်တူနေချိန်မှာတော့ ပေါင်းစည်းအား Cohesion ကောင်းနိုင်သလောက် အယူကွဲလွဲသွားပြီး သဟဇာတ ပစ္စယသတ္တိတွေ ကုန်သွားချိန်မှာတော့၊ တစ်ဦးနဲ့တစ်ဦး အညမည မဖြစ်နိုင်ကြတော့ပါဘူး။ DOGE ရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၃၀ ပဲ ရှိပါတယ်။ တာဝန်ကုန်ဆုံးသွားချိန်မှာ ထရမ့်ဟာ မက်ခ်ကို သူ့ရဲ့ Oval Office မှာ အခမ်းအနားနဲ့ မက်ခ်ရဲ့ကောင်းကြောင်းတွေ ဝေနေအောင်ပြောပြီး နှုတ်ဆက်ခဲ့ပါတယ်။ မက်ခ်ကလည်း သူ့ကိုယ်ပိုင်လုပ်ငန်းတွေ သူပြန်လုပ်မည့်အကြောင်း ပြောပါတယ်။ ဒီကြားမှာ ဘာဖြစ်သလဲဆိုတော့ ထရမ့်က သူ့ရဲ့ OBBBA (One Big Beautiful Bill Act) ဆိုတဲ့ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။

OBBBA ဥပဒေပြဋ္ဌာန်းခြင်း
    OBBBA ဟာ အကြမ်းဖျင်းကတော့ အခွန်တွေလျှော့လိုက်တာ၊ သုံးငွေတွေ ပိုတိုးလိုက်တာ၊ မူဝါဒပြင်ဆင်ချက်တွေ ထပ်ဖြည့်လိုက်တာတွေ အားလုံးကို တစုတစည်းတည်း ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်။ ထရမ့် ၂၀၁၇ က အခွန်လျှော့ထားတာကို ဆက်လျှော့ပေးတာ။ State and Local Tax ကို နောက် ထပ်ငါးနှစ် 10K - 40k တိုးကောက်ဖို့ ၂၀၂၈ အထိ Tips နဲ့ Over-time  အပေါ် အခွန်တိုးမကောက်ဖို့၊ ကားဝယ်ဖို့၊ ချေးငွေပေါ် အတိုးနှုန်းလျှော့ချဖို့၊ လူမှုရေးစောင့်ရှောက်မှု အစီအစဉ်မှာ Medicaid လုပ်သားတွေ အရည်အသွေး မြှင့်တင်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ် (Medic-aid) /SNAP အစားအသောက် အခမဲ့ဝေငှတဲ့ တံဆိပ်ခေါင်းတွေ (Food Stamp) ပေးဝေမှုလျှော့ချရေး၊ ရွှေ့ပြောင်းလာတဲ့ နိုင်ငံသားများနှင့် ပတ်သက်လို့ အသုံးစရိတ်တွေ လျှော့ချရေးတို့ ပါဝင်ပါတယ်။ B2 လေယာဉ်တွေ၊ Drones နဲ့ပတ်သက်တဲ့ ကာကွယ်ရေး အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲရေး၊ နယ်စပ်ကာကွယ်ရေးအတွက် ခြံစည်းရိုးခတ်ဖို့နဲ့ ICE စစ်ဆင်ရေး အသုံးစရိတ်ငွေတွေ ဒေါ်လာဘီလီယံ ၁၅၀ အထိ တိုးမြှင့်ရေးတို့ ပါဝင်ပါတယ်။

ပြဿနာအစ
    ဒီ ဥပဒေအရ ထရမ့်က National Garden of American Heroes ကို ဒေါ်လာ မီလီယံ ၄၀ အကုန် ခံ၍ ဆောက်လုပ်ဖို့ လယ်ယာစိုက်ပျိုးရေး အာမခံကြေးကိုပါ ထောက်ပံ့ရေးတို့ပါ ပါဝင်နေတဲ့အတွက် နောက် ၁၀ နှစ်အတွင်းမှာ  ဒေါ်လာ ၂ ဒသမ ၈ ထရီလီယံ လောက်တက်လာမှာ ဖြစ်သလို အောက်ခြေအလွှာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုအခွင့်အရေး အာမခံချက်တွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ Republican တွေက အင်အားကောင်းနေတဲ့အတွက်  Democrats တွေက ကန့်ကွက်သော်ငြားလည်း ဇူလိုင် ၄ ရက်မှာ ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်ပါတယ်။

ခံယူချက်နှင့် ကိုယ်ပိုင်အကျိုးစီးပွား
    အခု ထရမ့်ထုတ်ပြန်လိုက်တဲ့ ဥပဒေကို သုံးသပ်ကြည့်ရာမှာ မက်ခ်အနေနဲ့ အရင်က ရှိနေခဲ့တဲ့ IRA လို့ခေါ်တဲ့ Inflation Reduction Act  အရ EV တွေ၊ ဘက်ထရီတွေနဲ့ စွမ်းအင်အရင်းအမြစ်သစ် Renewables  လုပ်ငန်းတွေအပေါ်မှာ ပေးထားခဲ့တဲ့ အခွန်ဖြေလျှော့မှုတွေကို၊ ထိခိုက်တယ်လို့ ထင်စရာအကြောင်းရှိသလို၊ သူ့လုပ်ငန်းကြီးတွေဖြစ်တဲ့ Teslaနဲ့ Space X နဲ့ ပတ်သက်ပြီးတော့ EV ဝယ်ယူသူတွေအပေါ် Tax Credit တွေလျော့သွားမှာ၊ ဘက်ထရီထုတ်လုပ်သူတွေအတွက် ဖြေလျှော့မှုတွေ နည်းသွားမှာ၊ Clean Energy လုပ် ငန်းရှင်တွေအတွက် မက်လုံးတွေလျော့သွားမှာ စတာတွေဖြစ် လာနိုင်သလို Clean Technology  အတွက်လည်း အားပေးရာ မရောက်တာတွေအပေါ် မက်ခ်က ကျေနပ်နိုင်မှာ မဟုတ်ပါဘူး၊။
    နောက်တစ်ချက်ကတော့ အခုဥပဒေဟာ သမားရိုးကျ Fossil Fuel ထုတ်လုပ်သူ လုပ်ငန်းရှင်တွေ (ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်သူတွေ)ကို ဘိုင်ဒန်လက်ထက်က ကျပ်ထားတာတွေကို ထရမ့်က လွှတ်ပေးလိုက်သလို ဖြစ်တဲ့အတွက်လည်း သူခံပြင်းတာ ပါနိုင်ပါတယ်။ သူက (Pro Energy) ဖြစ်ရုံသာမက (Pro Renewables ဖြစ်တဲ့အတွက် သူ့မူနဲ့ ဆန့်ကျင်နေပါတယ်။ ပိုဆိုးတာက သူ့ Tesla အတွက် လိုတဲ့ ဘက်ထရီအပါအဝင် တခြားအပိုပစ္စည်းတွေ တင်သွင်းမှုသာမက (Export) အပေါ် အခွန်တွေ တက်လာမှာလည်း ပါပါတယ်။ ဒါကြောင့် သူက ထရမ့်မှတ်ချက်ကို ကန့်လန့်တိုက်ပြီး ရှေ့ရေးကိုလည်း မမြော်မြင်ထား ဘူး (Not Future Focused)၊ (Not Beautiful) မလှလည်း မလှပဘူး၊ (Not Aligned with Innovation - Driven America) တီထွင် ဆန်းသစ်မှုတွန်းအားနဲ့ ရှင်သန်နေတဲ့ အမေရိကန် သဘာဝနဲ့လည်း အံဝင်ခွင်ကျ မဖြစ်ဘူးလို့ တည့်တိုး ဝေဖန်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီဥပဒေဟာ မက်ခ်ရဲ့ ခံယူချက်နဲ့ မကိုက်ညီသလို၊ သူ့ရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။

နှစ်ဖက် ကြုံးဝါးကုန်ကြပြီ
    မက်ခ်က ဒီဥပဒေကြီးကို မကျေနပ်လို့ "ဒီဥပဒေသာ ဒီကနေ့ အတည်ပြုကြည့် နောက်တစ်နေ့ နိုင်ငံရေးပါတီထောင်မယ်"လို့ ကြုံးဝါးခဲ့ပါတယ်။ သူကပြောတာကတော့ အမေရိကန်တွေဟာ တစ်ပါတီ နိုင်ငံရေးလုပ်နေတာဖြစ်လို့ကနေ့ အမေရိကန်ပါတီကိုဖွဲ့စည်းပြီး နိုင်ငံရေးလွတ်လပ်ခွင့် ပေးလိုက်ပါပြီလို့ ကြေညာလိုက်ပါတယ်။ မက်ခ်ဟာ OBBBA ဥပဒေပြဋ္ဌာန်းလိုက်ပြီး နောက်တစ်နေ့ ဇူလိုင် ၅ ရက်မှာ သူ့ရဲ့ X (ယခင် Twitter) မှာ Post တင်လိုက်ပြီး ဆန္ဒခံယူလိုက်တာ ရာခိုင်နှုန်း ၈၀ က ပါတီဖွဲ့ဖို့ထောက်ခံတာနဲ့ ဇူလိုင် ၆ ရက်မှာ US Federal Elections Commission မှာ အမေရိကန်ပါတီကို မှတ်ပုံတင်ခဲ့ပါတယ်။ အခုအချိန်မှာ ပါတီနဲ့ပတ်သက်လို့ ပါတီရဲ့မူဝါဒ၊ သဘောထားတွေ မထုတ်ပြန်သေးပါဘူး။ သတင်းသမားတချို့ကတော့ နိုင်ငံရေးပါတီ ထောင်တယ်ဆိုတာ လွယ်တာမဟုတ်ကြောင်း သူ့ရှေ့ မှာသူဌေးကြီး Ross Perot ဆိုတာ ကိုယ်ပိုင်ပါတီထောင်ခဲ့သော်လည်း တကယ်တမ်း လူရဖို့၊ ငွေကြေးတတ်နိုင်ဖို့ဆိုတာ မလွယ်ကြောင်း မှတ်ချက်ပေးပါတယ်။
    ဒီကြားထဲမှာ ထရမ့်ကလည်း မက်ခ်ကို 'သူ အရင်တာဝန်ယူခဲ့တဲ့ DOGEနဲ့ ပြန်ကိုင်ပြီး ခြိမ်းခြောက် လိုက်ပါတယ်။ တစ်ချိန်ကတော့ 'ဘုတ်ကို ကျီးရိုသေ၊ ကျီးကို ဘုတ်က ရိုသေ' နိုင်ငံရေးစင်မြင့်မှာ အပေး အယူတွေ မျှနေကြရာက အခုတော့ ထရမ့်က မက်ခ်ကို "ဒီ (Clown) လူပြက် Twitter တောင် မ Run နိုင်တာ တိုင်း ပြည်ကိုအုပ်ချုပ်ဖို့ အသာထားပါဦး"လို့ပြောသလို "လူအများ ဂရုစိုက်ခံချင်တဲ့ အယောင်ဆောင်ကွန် ဆာဗေးတစ်"လို့လည်း ပြောပါတယ်။ ဒီတော့ ဂါဇာမှာ အသေအကျေတိုက်နေကြရာက တိုက်ပွဲကိုခဏ ရပ်၊ အီရန်- အစ္စရေးစစ်ပွဲကလည်း ခဏရပ်၊ သူများတွေ 'ဘွာတေး' လုပ်နေချိန်မှာ Immigrants တွေကို ပြည်နှင်ဒဏ်ပေး မယ်ဆိုပြီး တက်လာခဲ့တဲ့သမ္မတနဲ့ South African Immigrant ကိုယ့် အမေရိကန်မြေပေါ်မှာ ဘာလက်နက် တွေထုတ်ပြီး တိုက်ကြမလဲဆိုတာ စောင့်ကြည့်ကြရအောင်။                                  
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 12

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46733

© 2022 - 2025 News. All Rights Reserved.