ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းအတွက် EPS စနစ်နှင့် မြန်မာလုပ်သား ၄၀၀၀ ကျော် လျှောက်ထားခွင့်ရရှိ

ရန်ကုန်၊ ဇူလိုင် ၂၃
    ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်းအတွက် EPS ( Employment Permit System ) စနစ်နှင့် မြန်မာလုပ်သား ၄၀၀၀ ကျော် အလုပ်လျှောက်ထားခွင့်ရရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) မှ သိရ သည်။
    EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ်အောင်စာရင်း တွင် ပါရှိသူများအနေဖြင့် အလုပ်လျှောက်လွှာများ၌ ပါဝင်လျှောက် ထားသွားနိုင်မည်  ဖြစ်သည်။
    "အလုပ်လျှောက်လွှာတွေကို ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်းတွေနဲ့အတူ ပြသထုတ်ယူရမှာဖြစ်ပါတယ်"ဟု အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ (POEA) မှ ပြောသည်။
    ကိုရီးယားနိုင်ငံ ကုန်ထုတ်လုပ်ငန်း အလုပ်လုပ်ခွင့်အတွက် အလုပ်လျှောက်လွှာ လျှောက်ထားခွင့်ရှိသူများအနေဖြင့် EPS-TOPIK၊ ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ် အပြီး သတ်အောင်စာရင်းတွင် ပါရှိသူအရေအတွက် ၄၂၄၉ ဦးရှိကြောင်း သိရသည်။
    အလုပ်လျှောက်လွှာတင်သွင်းသူ အားလုံး ကိုရီးယားသမ္မတနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ရမည်ဟု POEA မှ အာမမခံကြောင်း ပြောကြားထားသည်။
    ကိုရီးယားသမ္မတနိုင်ငံ၏ EPS စနစ်နှင့် အလုပ်ခေါ်ယူမှုစနစ်သည် အလုပ် ရှင်မှ ၎င်းင်း၏ဆန္ဒအရ အလုပ်သမားများအား စိတ်ကြိုက်ရွေးချယ် ခေါ်ယူသောစနစ်ဖြစ်ပြီး တစ်ဦးတစ်ယောက်ကို ရွေးချယ်ပေးရန် တောင်းဆို၍မရကြောင်း သိရသည်။
    "ခေါ်ဖို့ကို စောင့်နေတာကြာပါပြီ။ လျှောက်လို့ရပြီဆိုတော့ လျှောက်လွှာသွား တင်ထားရမယ်။ လျှောက်လွှာတင်တိုင်းအလုပ်က ရတာမဟုတ်ဘူးဆိုတော့ လျှောက်ပြီးရင် အလုပ်ရဖို့ဆိုတာကတော့ကံပေါ့"ဟု ကိုရီးယားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသည့် EPS-TOPIK ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ် ဖြေဆိုအောင်မြင်ထားသူတစ်ဦးက ပြောသည်။
    ကိုရီးယားနိုင်ငံသို့ အလုပ်သွား ရောက်လုပ်ကြမည့် သူများအတွက် EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ် အောင်စာရင်းမှာ ပါရှိသူများ အား အလုပ်လျှောက်လွှာ ထုတ်ပေးခြင်း၊ လက်ခံခြင်းများကို ခုံနံပါတ်အလိုက် သတ်မှတ်ထားသည့် နေ့ရက်များတွင် စတင်လုပ် ဆောင်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
    EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်အတွက် အလုပ်လျှောက်လွှာ ထုတ်ပေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်အတွင်း သတ်မှတ် ခုံနံပါတ်များအတိုင်း ထုတ်ပေးသွားမည်ဖြစ်ပြီး အလုပ်လျှောက်လွှာလက်ခံခြင်းကို ဇူလိုင် ၂၈ရက်မှ သြဂုတ် ၁ ရက်အထိ နေ့ရက်အလိုက် သတ်မှတ်ထား သည့် ခုံနံပါတ်များအတိုင်း အသီးသီး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    အလုပ်လျှောက်ထားမည့်သူများသည်  စာမေးပွဲလျှောက်လွှာ တင်သွင်းခဲ့သည့် ဓာတ်ပုံ၊ နိုင်ငံကူး လက်မှတ်တွင် ပါရှိသည့်  ဓာတ်ပုံနှင့် ယခု အလုပ်လျှောက်လွှာ တင်သွင်းသည့် ဓာတ်ပုံများသည် တစ်ဦး တည်းဖြစ်ရန်လိုအပ်ပြီး အလုပ်လျှောက်လွှာ တင်ရာ၌ နိုင်ငံကူးလက်မှတ် PV ဖြစ်စေ၊ PJ ဖြစ်စေ သက်တမ်းအနည်းဆုံး တစ်နှစ်အထက် ရှိရမှာဖြစ်၍ အလုပ်ခေါ်စာရရှိပါက နိုင်ငံကူးလက်မှတ်တွင် PJ  အမျိုးအစားဖြစ် ရမည်ဖြစ်ကြောင်း သိရသည်။ ( ဖြူ)

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

47467

© 2022 - 2025 News. All Rights Reserved.