ကျောက်မဲမြို့က ထွက်ပြေးသွားတဲ့ TNLA အကြမ်းဖက်အဖွဲ့  အများပြည်သူပိုင်၊ နိုင်ငံတော်ပိုင်ပစ္စည်း၊ အဆောက်အအုံများကို မီးရှို့ဖျက်ဆီး၍ မစားရတဲ့အမဲ သဲနဲ့ပက်သွား

နေပြည်တော်၊ အောက်တိုဘာ ၉ 
    မြန်မာ့တပ်မတော်က အကြမ်းဖက် TNLA အဖွဲ့ကို ကျောက်မဲမြို့မှ တိုက်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖက်များက မြို့မှ ပြေးမသွားခင် အများပြည်သူပိုင်ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ 
    ပြည်သူလူထုအတွက် ကူညီကယ် ဆယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ခိုးယူခြင်းလုပ်ရပ်များက လူမဆန်သော လုပ်ရပ်များဖြစ်ကြောင်း ကျောက်မဲခရိုင် မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 
    ]]ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ ဌာနပိုင် ပစ္စည်းတွေ၊ နိုင်ငံတော်က ထုတ်ပေးထားတဲ့၊ ပိုလန်နိုင်ငံက ဝယ်ထားတဲ့ မီးသတ်ယာဉ်တွေ အဲဒီယာဉ်ကြီးတွေက တန်ဖိုးတော်တော်ကြီးတယ်။ နိုင်ငံတော်က ကျွန်တော်တို့ကို ပိုလန်နိုင်ငံမှာ တစ်လခွဲလောက် သင်တန်းသွားတက်ပြီးတော့ အဲဒီယာဉ်တွေ နဲ့ အလုပ်လုပ်ဖို့ ဝယ်ပေးခဲ့တာ။ ကျောက်မဲမှာ တစ်စီးရှိတယ်။ ပိုလန် နိုင်ငံထုတ်ယာဉ်။ အဲဒီယာဉ် ပျောက်ဆုံးသွားတယ်၊ မရှိတော့ ဘူး။ ကျွန်တော်တို့ အရမ်းခံစားရတယ်၊ မဖြစ်သင့်ဘူးဗျာ။ ကျွန်တော်က မီးသတ်မျိုးရိုး၊ မီးသတ်ကို ချစ်တယ်။ ကျွန်တော်တို့ ဌာနမှာ တိုးတက်လာတဲ့ ပစ္စည်းတွေ မရှိတော့တာ အရမ်းခံစားရတယ်။ ရှိတဲ့ပစ္စည်း လေးတွေကို ကျွန်တော်တို့ လူကြီးတွေက ပြန်လည်ဖြည့်တင်းပေးထားတယ်။ မရှိ ရှိတာနဲ့ လုပ်ငန်း ဆောင်ရွက်မယ်။ လက်အောက် ဝန်ထမ်းတွေလည်း တက်ညီလက်ညီနဲ့ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်။ ကျောက်မဲတစ်မြို့လုံးနဲ့ ပြောရရင် ဌာနဆိုင်ရာရုံးတွေ ပျက်စီးတာ အများကြီး။ ရုံးတွေ၊ အိမ်တွေ၊ လိုင်းခန်းတွေ မီးရှို့သွားတယ်။ ကျွန်တော်တို့ရဲ့ ခြောက်ခန်းတွဲ ဝန်ထမ်းလိုင်းခန်း မီးရှို့သွားတယ်။ ဂျပန် နိုင်ငံထုတ် မီးသတ်ယာဉ်တစ်စီး ရှိတယ်။ ဒါက ပြည်သူက လှူထားတာ။ အဲဒီပစ္စည်း၊ အဲဒီကားကို မီးရှို့တယ်။ ဒါတွေက မလုပ်သင့်ဘူး။ နိုင်ငံတော်က ဝယ်ပေးထားတဲ့ ယာဉ်တွေကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်။ ဒီမှာဆို သုံးစီး မီးရှို့သွားတယ်။ ရုပ်ဆိုးလွန်း အားကြီးတယ်။ ကျွန်တော်တို့ကတော့ တိုင်းရင်းသားပေါင်းစုံကို တစ်ပြေးညီ ကူညီ ဆောင် ရွက်ပေးသွားမှာ ဖြစ်တယ်။ ခွဲခြားမှု မရှိပါဘူး။ မီးရှို့ဖျက်ဆီးတဲ့ လုပ်ရပ်နဲ့ စိတ် ဓာတ်ကတော့ ဘယ်လိုမှမယုံနိုင်ဘူး။ မလုပ်သင့်တဲ့ကိစ္စ ဘာမှမဆိုင်ဘူး။ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ နိမ့်ကျတယ်လို့ ပြောချင်တယ်။ လူမဆန်တဲ့ လုပ်ရပ်လို့ မြင်တယ်။ သူတို့မရရင် ဖျက်ဆီးမယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ လုပ်ရပ်ပါပဲဟု ၎င်းင်းကပြောသည်။ 
    အလားတူ TNLA အကြမ်းဖက်အဖွဲ့ မီးရှို့ ဖျက်ဆီးသွားသည့် အဆောက်အအုံ အများအပြားရှိကြောင်း မျက်မြင်တွေ့ရှိသူ ကျောက်မဲမြို့ ဒေသ ခံတစ်ဦးက ပြော သည်။ 
    မီးသတ်ရုံးကို မီးရှို့တယ်။ ရဲစခန်း၊ တရားရုံး၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး၊ ကျောက်မဲကားကွင်း တော်တော်များပါတယ်။ မလုပ်သင့်တာတွေ လုပ်သွားတာ။ တပ်မတော်သာ အချိန်မီ ရောက်မလာရင်၊ တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုလုပ်ကြမလဲ။ အရင်တုန်းက ကျောက်မဲကားကွင်း၊ ကုန်ကားတွေနဲ့ အလုပ်သမားတွေနဲ့ စည်ကားခဲ့တဲ့ နေရာဖြစ်ခဲ့ တယ်။ ဆိုင်ကယ် ကယ်ရီ၊ သုံးဘီးတွေ အလုပ်ဖြစ်ခဲ့တယ်။ ပြည်သူတွေ ရှာစားတဲ့ ထမင်းအိုး ဖြစ်တယ်။ သူတို့က တာယာတွေ ပုံပြီး ဓာတ်ဆီလောင်း မီးရှို့ပစ်တယ်ဟု ၎င်းင်းက ပြောသည်။ 
    ပျက်စီးဆုံးရှုံးမှုများအတွက် နိုင်ငံတော်အနေဖြင့် ပြန်လည် ဖြည့်တင်းရန်မှာ တာဝန်ကြီးလေးကြောင်း ကျောက်မဲခရိုင် မီးသတ်ဌာနမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။ 
    ဒီဟာတွေကို နိုင်ငံတော်က ပြန်လည်ဖြည့်တင်းပေးဖို့ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့က နိုင်ငံတော်အနေနဲ့ တာဝန်ကြီးတယ်၊ ကျွန်တော်တို့ ပြန်ကြည့်ရမယ်။ အခုလည်း ဖြည့်ဆည်း ပေးနေတယ်။ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးကနေ ကျောက်မဲ အတွက်ရော၊ နောင်ချိုအတွက်ရော မီးသတ်ယာဉ်တွေ အလုပ်လုပ်နိုင်ဖို့ စက်သုံးဆီတွေ ပေးတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဖို့ မြက်ဖြတ်စက်တွေ ပေးတယ်။ မီးသတ်ယာဉ်တွေကိုလည်း ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ကားတွေထဲက ထုတ်နုတ်ပြီးတော့ ပေးတယ်။ မီးသတ်ယာဉ်နှစ်စီး ထပ်တိုးပေးပါတယ်။ လတ်တလောမှာရှိတဲ့ ပစ္စည်းတွေနဲ့ ဆောင်ရွက်ရမှာပေါ့။ ဘာပဲပြောပြော ဖျက်ဆီးသွားတဲ့ ဒီလိုလုပ်ရပ်တွေက မြို့ကိုလည်း ထိခိုက်တယ်၊ ပြည်သူတွေအတွက်လည်း နစ်နာတယ်။ ရုံးတွေဆိုရင် ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်တယ်။ နိုင်ငံတော်က ငွေကြေးတွေ အများကြီးဆုံးရှုံးတယ်။ အဲဒီတော့ ဒါတွေ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့က ပြောချင်တယ်ဟု ၎င်းင်းကပြောသည်။ 
    ကျောက်မဲမြို့ကို ပြန်လည်ထိန်း ချုပ်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ တပ်မတော်အရာရှိ ကြီးတစ်ဦးက ကျွန်တော်တို့က ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အကြင်နာတရားတွေအတွက် ပြည်သူက ပြန်လည်တုံ့ ပြန်တယ်။ အကြမ်းဖက်သတင်းတွေကို ပြည်သူက သတင်းပေးခဲ့တယ်။ သူတို့မြို့ရွာတွေ ငြိမ်းချမ်းအောင် လုပ်ပေးနိုင်တာ တပ်မတော်ပဲဆိုတာကို သူတို့သိတယ်ဟု ပြောသည်။
    ယခုအခါ ကျောက်မဲမြို့မှာ ယာယီစွန့်ခွာသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ပြည်သူများအနေဖြင့် အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန်၊ ဆေးရုံ၊ ဆေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် တယ်လီဖုန်းလိုင်းများ ပြန်လည်ရရှိရေးကိုလည်း တောင်း ဆိုထားကြောင်း သိရသည်။ 
    ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအနေဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်၍ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ် ပေးခဲ့သည်အတွက် မြန်မာ့တပ်မတော်ကို ကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသွားသည့် TNLA  အကြမ်းဖက်အဖွဲ့ကို မုန်းတီး ရွံရှာလျက်ရှိသည်။ ကွန်းဈာန်

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53909

© 2022 - 2025 News. All Rights Reserved.