တောင်ခမ်း၊ နောင်ချို၊ ကျောက်မဲဒေသ သတင်းမှန်များ တင်ဆက်ပေးနေသူ ကိုခိုင်ဇော်နှင့် တွေ့ဆုံခြင်း. . . .

၂၀၂၅ ၊ အောက်တိုဘာ ၉

အမေရိကန်နိုင်ငံသား ရုပ်သိမ်းမှာကြောက်တဲ့စိတ်ထက် ကျွန်တော်တို့ တပ်မတော်က စစ်သည်တွေ နိုင်စေချင်တဲ့ စိတ်၊ ပြည်သူတွေ တပ်မတော်အပေါ် အမှန်ကို အမှန်တိုး မြင်စေချင်တဲ့စိတ်က ပိုများနေပါတယ် . . . . 

    တောင်ခမ်းဒေသ စစ်ပွဲများမှသည် တပ်မတော်က ထိုးစစ်ဆင်နွှဲကာ ပြည်သူများ အေးချမ်းသာယာစွာ မိမိနေရပ် ပြန်လည်အခြေချ နေထိုင်စေရေး ဆောင်ရွက်ချက်များကို တပ်မတော်သားများအား ပံ့ပိုးကူညီဆောင်ရွက်ရင်း လူမှုကွန်ရက်တွင် ပြည်သူစိတ်ဝင်စားမှုများလာသည့် တောင်ခမ်း၊ နောင်ချို၊ ကျောက်မဲဒေသ သတင်းမှန်များ တင်ဆက်ပေးနေသူ ကိုခိုင်ဇော်နှင့် တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ပါသည်။

တောင်ခမ်း၊ နောင်ချို၊ ကျောက်မဲဒေသ သတင်းမှန်များ တင်ဆက်ပေးနေသူ ကိုခိုင်ဇော်နှင့် တွေ့ဆုံခြင်း

TREND  ။    ။ ပထမဆုံးသိချင်တာက ကိုခိုင်ဇော်ရဲ့ဘ၀ ဖြတ်သန်းမှုလေး သိချင်ပါတယ်။
KZ    ။    ။
ကျွန်တော်က ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ဗိုလ်သင်တန်းလျှောက်ပြီးတော့ တပ်ထဲကို ဝင်ခဲ့ဖူးတယ်။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် နှစ်အပိုင်းအခြားလေးတစ်ခုပဲ တပ်ထဲမှာ နေခဲ့ရတယ်။ ခဏပဲ နေခဲ့ရပေမယ့် တပ်မတော်ရဲ့ကောင်းမွန်တဲ့ စိတ်ဓာတ်၊ စည်း ကမ်းတွေ၊ အလေ့အကျင့်တွေရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်နိုင်ငံခြားကို ထွက်ခဲ့တယ်။ နိုင်ငံခြားကို ထွက်တဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုကို ရောက်သွားတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်ပြီးတော့ ဟိုမှာ နှစ်တော်တော်ကြာ နေခဲ့တယ်။ နေခဲ့ပြီးတော့ ၂၀၁၀ မှာ ကျွန်တော် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့တယ်။ အမေရိကန်နိုင်ငံသားဖြစ်ခြင်းကို အပိုင်းခွဲပြီး ပြောရမယ်ဆိုရင်တော့ အမေရိကန်နိုင်ငံသား ခံယူခြင်းသည် မြန်မာနိုင်ငံအပေါ် သစ္စာမဲ့ခြင်းလည်း မဟုတ်ဘူး။ မွေးထုတ်ထားတဲ့ မြန်မာနိုင်ငံအပေါ်မှာ ကျေးဇူးကန်းခြင်းလည်း မဟုတ်ဘူး။ ဘာဖြစ်လို့ ဟိုနိုင်ငံမှာ အမေရိကန်နိုင်ငံသား ခံယူတာလဲဆိုတော့ အမေရိကန်နိုင်ငံမှာ နေပြီးတော့၊ အမေရိကန်နိုင်ငံမှာ အခွန်ဆောင်ပြီးတော့ အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးမရဘူး။ ဧည့်နိုင်ငံသား အဖြစ်ပေါ့။ အဲဒီတော့ သူတို့နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေးရချင်ရင် သူတို့နိုင်ငံသား ဖြစ်မှရမယ်။ အဲဒီအတွက် သူတို့နိုင်ငံသားခံယူခဲ့တယ်။ သို့သော် သူတို့နိုင်ငံသားခံယူခြင်းက သက်သက်၊ မြန်မာနိုင်ငံအပေါ် သစ္စာရှိခြင်းနဲ့ မြန်မာနိုင်ငံအပေါ် ကျေးဇူးသိတတ်ခြင်းက သက်သက် ခွဲခြားထားပါတယ်။ အမေရိကန်နိုင်ငံသား ၂၀၁၀ မှာ ဖြစ်တယ်။ ၂၀၁၈ နှစ် ကုန်ပိုင်းလောက်မှာ အစ်ကို ဒီကိုပြန်လာတယ်။ ပြန်လာပြီးတော့ ခုချိန်ထိ အမေရိကားကို ပြန်မသွား ဖြစ်သေးတာပါ။ ဒါကျွန်တော်ရဲ့ ဘဝဖြတ် သန်းပုံ အကြမ်းဖျင်းလေးပါ။

TREND  ။    ။ ဆရာတော်ဦးဝီရသူကို Time မဂ္ဂဇင်းက မျက်နှာဖုံးဆောင်းပါးရေး ဝေဖန်တာကို  အမေရိကန်နိုင်ငံမှာ ဆန္ဒထုတ် ဖော်ခဲ့ပြီးတဲ့နောက်မှာ ကိုခိုင်ဇော်ကို သတင်းမီဒီယာတွေက စတင်စိတ်ဝင်စား လာခဲ့တယ်ပေါ့။ အဲဒီနောက်မှာ ကိုခိုင်ဇော် နိုင်ငံနဲ့လူမျိုးအတွက် ဘာတွေ ဆက်လက်ဆောင်ရွက်ခဲ့သလဲ။
KZ    ။    ။
အဲ့ဒါကိုပြောရမယ်ဆိုရင် ၂၀၁၃ ဇူလိုင်လမှာ အမေရိကားမှာထုတ်တဲ့ Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဆရာတော်ဦးဝီရသူကို ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်ဆိုပြီး စွပ်စွဲရေးသားတဲ့ ဆောင်းပါးကို ဆရာတော်ရဲ့ပုံနဲ့ ရေးသားလိုက်တယ်။ အဲဒီလိုရေးသားလိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံသာမက ဗုဒ္ဓဘာသာဝင်တွေအားလုံး ပွက်လောရိုက်သွားတယ်။ ကျွန်တော်လည်း မကျေနပ်ဘူး။ ကျွန်တော်တို့ဘာသာကို အကြမ်း ဖက်သယောင် ပုံဖော်လိုက်တာပေါ့။ ဒါတင်မကသေးဘူး ဗုဒ္ဓဘာသာကို အကြမ်းဖက်သယောင် ပုံဖော်လိုက်သလို အဲဒီအချိန်မှာ ဆရာတော်ဦးဝီရသူက  တပ်မတော်အပေါ် နားလည်နိုင်တဲ့ ဆရာတော် ဖြစ်နေတယ်။ သွယ်ဝိုက်သောအားဖြင့် တပ်မတော်ကိုလည်း စော်ကားလိုက်တာနဲ့ အတူ တူပဲ။ တပ်မတော်သားဖြစ်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ခံစားရတာက ဒါဟာ ဦးဝီရသူကိုစော်ကားတဲ့အပြင်၊ ဗုဒ္ဓဘာသာကို စော်ကားတဲ့တာ၊ တပ်မတော်ကိုပါ သူက သွယ်ဝိုက်သောနည်းနဲ့ စော်ကားတာ။ အဓိကကတော့ ဗုဒ္ဓဘာသာကို စော်ကားတာထက်၊ တပ်မတော်ကို စော်ကားချင်တဲ့စိတ်က အနောက်အုပ်စုမှာ ပိုပြီးတော့ ပေါ်လွင်နေတယ်။ ကျွန်တော်ကတော့ မခံနိုင်ဘူး။ မခံနိုင်တဲ့အခါကျတော့ အမေရိကားမှာရှိတဲ့ မြန်မာတွေပေါ့နော်၊ လူလေး၊ ငါးဆယ်လောက်စုတယ်။ နယူးယောက်ကိုသွားပြီး ဆန္ဒပြကြမယ်။ နယူးယောက်မှာ Time မဂ္ဂဇင်းရဲ့ ရုံးချုပ်ရှိတာကိုး။ အကုန်လုံးကလည်း ကျွန်တော့် ဦးဆောင်မှုနောက်က လိုက်ကြမယ်။ ဒါပေမဲ့ တစ်ခါမှ ဆန္ဒပြတဲ့ အတွေ့အကြုံမရှိဘူး။ ဒါပေမဲ့လည်း ဆန္ဒပြတဲ့သူတွေ ဘယ်လိုလုပ်တတ်လဲဆိုတာ သိတယ်။ ဒီအတွက် နယူးယောက်မြို့တော်ဝန်ဆီကို ဆန္ဒပြဖို့ စာလှမ်းတင်တယ်။ မြို့တော်ဝန်ဆီက ခွင့်ပြု ချက်ရတယ်။ ကျွန်တော့်အိမ်ကနေ နယူးယောက်ကို မိုင်ပေါင်း ၄၂၀ လောက်ဝေးတယ်။ ကျွန်တော် အရောက်သွားတယ်။ ဆန္ဒပြဖို့သေချာစီစဉ်ပြီး ဆရာတော်သံဃာတော် အပါး ၂၀ လောက် ပါဝင်လာတယ်။ ဆန္ဒပြဖို့ Time မဂ္ဂဇင်းရုံးချုပ်ရှေ့ကို ရောက်တော့ ရုံးချုပ်ကို စီတန်းပိတ်လိုက်ပြီး ဆန္ဒပြဖို့ လုပ်တဲ့အချိန်မှာ Time မဂ္ဂဇင်းက လူကြီးတွေ ဆင်းလာပြီး ကျွန်တော့်ကိုတွေ့တယ်။ ဆန္ဒပြပွဲကို မလုပ်ဖို့၊ ပြန်ဖို့ တောင်းပန်တယ်။ ကျွန်တော်တို့ လက်မခံဘဲ ဆန္ဒပြဖြစ်အောင် ပြခဲ့တယ်။ တစ်နာရီလောက် ကြာခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်တော့်ကို လူသိလာကြတယ်။ အဲဒီအချိန်ကစပြီး အဲဒီအချိန်တုန်းက သမ္မတ ကြီး ဦးသိန်းစိန်လက်ထက်မှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကို တစ်ဖက်အုပ်စုက အရမ်းကိုပဲ နှိပ်ကွပ်ရေး သားပြီး တစ်ဖက်သတ်လုပ်နေတဲ့အချိန် ကျွန်တော်မခံနိုင်ဘူး၊ တပ်မတော်သားတွေဘက်က မခံနိုင်တဲ့ အခါ စစ်သားဟောင်းဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာကနေ ပြန်လည်တုံ့ပြန်ရေးသားရင်း ကျွန်တော့်ကို လူသိများလာခဲ့တာပေါ့။

 

TREND  ။    ။ ကိုခိုင်ဇော်အနေနဲ့ တစ်ဖန်ပြန်ပြီးတော့ လူမှုကွန်ရက်မှာ ပြည်သူတွေ စိတ်ဝင်စားလာတာက ပလောင်အကြမ်း ဖက်တွေရဲ့ နယ်မြေချဲ့ထွင် ရေးစစ်ပွဲတွေထဲက တောင်းခမ်းဒေသ တိုက်ပွဲတွေမှာပေါ့။ ကိုခိုင်ဇော်အနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းဖြစ်တာလေး ပြောပြပေးပါဦး။
KZ    ။    ။
ကြားကာလမှာ လူမှုကွန်ရက်ပေါ်မှာ ငြိမ်သွားတာတော့ မဟုတ်ပါဘူး။ မြေပြင်မှာတော့ တပ်မတော်သားတွေနဲ့ တွေ့တဲ့နေရာတိုင်းမှာ အမြဲတမ်း တစ်သားတည်း ရှိနေခဲ့တယ်။ အမြဲတမ်းလူမသိ၊ သူမသိတဲ့ လုပ်ဆောင်ချက်တွေ အများကြီး ဆောင်ရွက်ခဲ့တယ်။ ဥပမာဆိုရင် မဝေးတဲ့ကာလက ဥပမာတစ်ခု ပြောရရင် AA နဲ့ ရခိုင်မှာ တိုက်ပွဲတွေ ဖြစ်တယ်။
AA နဲ့ ရခိုင်မှာ တိုက်ပွဲတွေဖြစ်တဲ့အချိန် ဗုဒ္ဓေါရွာမှာဆိုရင် ခမရ ၅၆၄ ပိတ်မိနေတယ်။ အဲဒီကာလက တပ်မတော်မှာရှိတဲ့ အကြီးအကဲတွေနဲ့  ပူး ပေါင်းချိတ်ဆက်ပြီးတော့  ဗုဒ္ဓေါရွာတိုက်ပွဲမှာ ကျွန်တော် ကောင်းကောင်း ကူညီပေးနိုင်ခဲ့ပါတယ်။ ခမရ ၅၆၄ ဗုဒ္ဓေါရွာ တိုက်ပွဲဆိုပြီး လူမှုကွန်ရက်မှာ အများပြည်သူ သတင်းမှန်သိအောင် အခန်းဆက်တွေ ရေးခဲ့တယ်။ ဒီလိုပေါ့။ တပ်မတော်က နိုင်ငံ့တာဝန်ကို ရယူလိုက်တဲ့ အချိန်မှာလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းမှာ ဒေသတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။ တချို့အရာတွေက လူမှုကွန်ရက်မှာ တက်ရေးလို့ အဆင်မပြေတဲ့ကိစ္စတွေပါ။ တောင်ခမ်းမှာ ပါဝင်တာကလည်း တောင်ခမ်းမှာ ဘာဖြစ်လဲဆိုတော့ ၁၁၄၊ ၁၁၅ နောင်ချို မှာ ခုခံရင်း စစ်သည်တွေက ပြင်ဦးလွင်ကို ယာယီဆုတ်ခွာလာတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တာလေးတွေ သွားပြီးကူဖြစ်တာပေါ့ဗျာ။ ကူညီပေးဖြစ်တာတွေကို လိုင်းပေါ်မှာတင်ရင်းနဲ့ တချို့ညီအစ်ကိုတွေက တောင်ခမ်းကိုလည်း ကူညီပေးပါဦးဆိုပြီး ပြောလာတော့ တောင်ခမ်းကို ကူညီရင်းနဲ့ တောင်ခမ်းရဲ့ အခြေအနေတွေကိုသိပြီး အဲဒီအချိန်မှာ ရန်သူလော်ဘီ မီဒီဟာတွေက တောင်ခမ်းကျပြီ၊ ကျတော့မယ် ရေးနေတဲ့အချိန်၊ အဲဒီအချိန်မှာ ပြည်သူတွေသိအောင် အဖြစ်မှန်ကို တိုတိုနဲ့လိုရင်း ပြန်လည်ရေးသားရင်း လူသိများလာပြီး တောင်ခမ်းကနေ နောင်ချို၊ နောင်ချိုကနေ ကျောက်မဲအထိ ကျွန်တော် ပါဝင်လာခဲ့တယ်။ အဓိကက တော့ ဘာလို့ ဒီလိုလုပ်နေသလဲဆိုတော့ ကျွန်တော့်ကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်၊ ကိုယ်ကျင့်တရားတွေ ကောင်းအောင် တပ်မတော်ကြီးက သင်ပေးခဲ့တာ။ ခုချိန်မှာ ကိုခိုင်ဇော်ဟာ လူတစ်လုံး သူတစ်လုံးဖြစ်ပြီး ပတ်ဝန်းကျင်မှာ ကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာ။ ဒါတွေကို တပ်မတော်ဆီက အမွေရခဲ့တာ။ ဒီကျေးဇူးက ဘာနဲ့မှမလဲနိုင်ဘူး။ အဲဒီအတွက် ကျွန်တော်က တပ်မတော်ကြီး အခက်အခဲဖြစ် လာတိုင်း ဖြစ်လာတိုင်းမှာ ကျွန်တော်တို့က အသက်ရှိနေသ၍ ပေါ်လာနေဦးမှာပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ကျွန်တော့် လုပ်ဆောင်ချက်တွေ ပျောက်သွားရင် တပ်မတော်ကြီးက အဆင်ပြေနေလို့ပါပဲ။ အခက်အခဲရှိရင်တော့ ထွက်လာမှာပါ။ ဒါပါပဲ။

TREND  ။    ။ တောင်ခမ်း၊ နောင်ချို လက်ရှိ ကျောက်မဲအထိ မြေပြင်မှာ တပ်မတော်နဲ့အတူလက်တွဲ ဆောင်ရွက်နေတဲ့အတွက် မြန်မာ့တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေအပေါ် ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ။
KZ    ။    ။
လက်ရှိ တပ်မတော်ရဲ့ ထိုးစစ်ဆင်နေတဲ့ အချိန်မှာ တပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်း ရည်ကတော့ တော်တော်ကြီးကို ကောင်းမွန်နေတာ တွေ့ရတယ်။ စနစ်ကျတယ်၊ ပူးပေါင်းဆောင်ရွက် မှုတွေ ကောင်းတာ တွေ့ရတယ်။ ခုဆိုရင် ပြည်သူ့စစ်မှုထမ်းက လူငယ်တွေအများကြီး သင်တန်းဆင်း လာတယ်။ ကျွန်တော် ရှေ့တန်းအထိ ရောက်တဲ့အချိန်မှာ သူတို့ကိုတွေ့ တဲ့အချိန်တော်တော်ကို ဝမ်းသာတယ်။ တကယ့်စစ်သားကောင်းတစ်ယောက်လို သန္ဓေရင့်မာ စစ်သားကြီးတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်တဲ့ အနေအထားရှိတယ်။တချို့လူငယ်တွေဆိုရင် အတွေး အခေါ် တော်တော် ကောင်းတာတွေရှိတယ်။ ကြည့်လိုက်ရင် တကယ်တင်းရင်းနေပြီး နိုင်ငံတကာအဆင့်မီတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ တိုက်ရည်ခိုက်ရည်တွေလည်း ကောင်းကြတယ်။ အကြီးအကဲတွေ လာရောက် စစ်ဆေးတဲ့အခါမှာ တစ်ခါတလေ လိုက်သွားရတာ ရှိတယ်။ အဲဒီအချိန်ဆိုရင် တပ်မတော်အကြီးအကဲတွေနဲ့ ပြည်သူ့စစ်လေးတွေရဲ့ ဆက်ဆံရေးက သားအဖတွေလို ဆက်ဆံကြတာ အင်မတန်ကြည်နူးစရာ ကောင်းတယ်။ တိုက်ခိုက်ရေးပိုင်းကို ပြောရရင် တော်တော်လေး စနစ်ကျတယ်။ နောက် ဒရုန်းတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ အရမ်းကောင်းတယ်။ တချို့ဒရုန်းစစ် သည်တွေဆိုရင် ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်တာ တွေ့ရတယ်။ ဒရုန်းဆိုတာက ဒီအတိုင်း မောင်းနှင်ပစ်ခတ်လို့ မရဘူးလေ။ လေတိုက်နှုန်းတွေ ဘာတွေချိန်ဆပြီး ဆောင်ရွက်ရတာလေ။
    တကယ့်ကို ပစ်မှတ်တိတိကျကျ ချနိုင်တဲ့စစ်သည်တွေ ပေါ်ထွက်လာတယ်။ ခုချိန်မှာ ဒရုန်းတပ်ဖွဲ့တွေရဲ့စွမ်းရည် အရမ်းကောင်းတယ်။ တောင်ခမ်းမှာ ဆိုရင်လည်း လက်နက်ကြီးရဲ့ ပစ်ခတ်တိကျမှုအားကလည်း အရမ်းကောင်းတယ်။ ဒါတွေ အကုန်လုံးကလည်း ခုချိန်မှာ ပလောင်အကြမ်းဖက်တွေ စစ်ရှုံးရတဲ့ အဓိက အကြောင်းအရင်းပဲ။ တောင်ခမ်းအပြီး နောင်ချိုကနေ ကျောက်မဲကို သိမ်းတဲ့အချိန်မှာဆိုရင် စကခ-၁၂ ကဆို ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးတို့ ပါလာတယ်။ သူဆိုရင် ကရင်လူမျိုး။ နောက်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲထွန်းဦးဆိုရင် မွန်လူမျိုး။ နောက် စကခ-၁ က ဦးစီးပြီးတိုက်နေတဲ့ ဗိုလ်မှူးကြီး ဆန်းလင်းဆိုရင် ဗမာလူမျိုး၊ ခုကျောက်မဲကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ တိုင်းရင်းသားပေါင်းစုံပါတဲ့ တပ်မတော်သားတွေ တိုက်နေကြတာပါ။ တိုက်ရည်ခိုက်ရည်နဲ့ပတ်သက်လို့ အပြစ်ပြောစရာမရှိဘူး။ နောက်တပ်မတော်အကြီးအကဲတွေရဲ့ ထောက်ပံ့မှုက ဘာမှပြောစရာမရှိဘူး။ ရှေ့တန်းမှာ စားစရာ သောက်စရာဆိုရင် ပုံနေတာပဲ။

TREND  ။    ။ အကြမ်းဖက်သောင်းကျန်းသူတွေအပေါ် တပ်မတော်အနေနဲ့ ဘယ်အတိုင်းအတာထိ ဆက်လက်ဆောင်ရွက်သင့်လည်းဆိုတာ အကြံပြုစေချင်ပါတယ်။
KZ    ။    ။
အကြမ်းဖက်သောင်းကျန်းသူဆို တာကတော့ အခါအခွင့်သင့်တိုင်း အကြမ်းဖက်နေဦးမှာပဲ။ ဘယ်သောအခါမှ ရိုးသားတဲ့စိတ် ရှိမှာမဟုတ်ဘူး။ ဒါကြောင့် တပ်မတော်က လက်ရှိမှာလည်း အကြမ်းဖက် သောင်းကျန်းသူတွေကို သူရဲ့ စစ်နယ်မြေအသီးသီးမှာ ဖိဖိစီးစီး ကိုင်တွယ်နေတာလည်း တွေ့ရတယ်။ တပ်မတော်ရဲ့ လုပ်ဆောင်ချက်အပေါ် ကျွန်တော့်အနေနဲ့ ဘာမှသံသယဖြစ်ဖွယ် မရှိပါဘူး။ အချိန်တန်ရင် အဆင် ပြေသွားမှာပါ။

TREND  ။    ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာပြောချင်တာ ရှိပါသလဲ။
KZ    ။    ။
ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့နိုင်ငံ ဟိုရှေးဘုရင် အဆက် ဆက်ကတည်းကရှိခဲ့တာ မဟုတ်ဘူး။ ဘုရင်ခေတ်အဆက်ဆက် တိုက်ပွဲတွေ၊ စစ်ပွဲတွေရှိခဲ့တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပဒေသရာဇ် စနစ် ကြီးစိုးခဲ့တဲ့နိုင်ငံ ဖြစ်တာကြောင့်ပါ။ အဲဒီတော့ တပ်မတော်အုပ်ချုပ်လို့ ဒီဘက်ခေတ်မှာ မငြိမ်းချမ်းတာ မဟုတ်ဘူး။ ဘယ်သူအုပ်ချုပ်အုပ်ချုပ်  သမိုင်းအဆက်ဆက်မှာ မငြိမ်းချမ်းခဲ့တဲ့ တိုင်းပြည်။ အဲဒီတော့ ငြိမ်းချမ်းရေးကို လိုချင် တယ်ဆိုရင်တော့ လုပ်ရမှာတစ်ခုပဲရှိတယ်။ မငြိမ်းချမ်းအောင် လုပ်တဲ့သူတွေကို ချေမှုန်းပစ်ဖို့ပဲလိုတယ်။ မငြိမ်းချမ်းအောင် လုပ်နေတဲ့သူတွေရှိနေသရွေ့ ငြိမ်းချမ်းရေးဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ မငြိမ်းချမ်းအောင် လုပ်နေတဲ့သူတွေကို ဦးနှိမ်ချိုးပေးလိုက်မှပဲ ကျွန်တော်တို့ ငြိမ်းချမ်းရေးရမှာပဲ။ ဆွေးနွေးတာက ဆွေးနွေးတာ တစ်ကဏ္ဍပေါ့။ ငြိမ်းချမ်းရေးဆွေးနွေးတာကို လက်မခံဘူး ဆိုရင်တော့ လက်မခံတဲ့သူကို ချန်ထားခဲ့ရမှာပါပဲ။ အခုလည်း နိုင်ငံတော်အကြီး အကဲဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ် သက်ရင် တော်တော်ကို ပျော့ပျော့ပျောင်းပျောင်းနဲ့၊ စေတနာပါပါနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လက်နက် ကိုင်တွေအကုန်လုံးကို ဖိတ်ခေါ်ပြီး လုပ်နေတာ သိသာမြင်သာတာပဲလေ။ ဒီလို လုပ်နေတာကို လက်မခံဘူး၊ မငြိမ်းချမ်းချင်တဲ့သူကို ဖယ်ထုတ်လိုက်မှပဲ ကျွန်တော်တို့က ငြိမ်းချမ်းရေးရမှာပါ။

TREND  ။    ။ မြန်မာလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ လတ်တလော ဆောင်ရွက်ချက်တွေအပေါ် အမေရိကန်နိုင်ငံက နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှာကို စိုးရိမ်မိသလား။
KZ    ။    ။
ဒါကို အမှန်တိုင်းပြောပြမယ်။ ကျွန်တော် အမေရိကန်နိုင်ငံသား ဖြစ်ခဲ့တယ်ဆိုတာ ပိုက်ဆံပေးပြီး ဖြစ်ခဲ့တာမဟုတ်ဘူး။ ပိုက်ဆံပေးပြီးဖြစ်လို့လည်း မရဘူး။ ရော့အင့်ဆိုပြီး နိုင်ငံသားပေးခဲ့တာလည်း မဟုတ်ဘူး။ ဟိုနိုင်ငံမှာ စည်းကမ်းကောင်းကောင်းမွန်မွန်နဲ့ အခွန်ကောင်း ကောင်းမွန်မွန် ဆောင်ခဲ့လို့၊ ဥပဒေကို ချိုးဖောက်မှုမရှိခဲ့လို့ အမေရိကန်နိုင်ငံသားဖြစ်တာ။ ဟိုနိုင်ငံကို ရောက်လာသူ အားလုံးလည်း အမေရိကန်နိုင်ငံသားဖြစ်ချင်လို့မရဘူး။ ရောက်လာသူအားလုံးလည်း နိုင်ငံသား မဖြစ်ဘူး။ စည်းကမ်းကောင်းကောင်းမွန်မွန်နဲ့ သူ့နိုင်ငံရဲ့ တရားဥပဒေကို လေးစားလိုက်နာမှု ရှိရမယ်။ ကောင်းမွန်သော အခွန်ဆောင်ရမယ်။ များသောအားဖြင့်ကတော့ ဥပဒေဘောင်ထဲမှာ ကောင်းကောင်းမနေဘဲ ဥပဒေချိုးဖောက်တာများတော့ လူတစ်ရာမှာ ဆယ်ယောက်လောက်ပဲ အမေရိကန်နိုင်ငံသား ဖြစ်တာပါ။ ကျွန်တော် အမေရိကန်နိုင်ငံသားဖြစ်တာဟာ လွယ်လွယ်ကူကူနဲ့ဖြစ်တာ မဟုတ်ဘူး။ လွယ်လွယ်ကူကူ ဖြစ်လာတာမဟုတ်တော့ ဆုံးရှုံးရမှာလည်း နှမြောတယ်။ ဒါပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကျွန်တော်ဆို ရင် ၂၀၂၁ တပ်မတော်က နိုင်ငံ့တာဝန်ယူပြီးတဲ့ အချိန်ကစပြီး တပ်မတော် ထောက်ခံပွဲတွေ၊ ကုလသမဂ္ဂ ရှုတ်ချပွဲတွေ စင်ပေါ်မှာတက်ပြီး ဟောပြောရတာ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ လူမှုကွန်ရက်ပေါ် မတင်ခဲ့ဘူး။ ဟိုမှာ မိသားစုရှိတော့ ပြည်ဝင်ခွင့်မပေးရင် ဒုက္ခပဲဆိုပြီးတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ နောက်ပိုင်း ကြတော့ ၁၀၂၇ ဖြစ်စဉ်တွေဖြစ်ပြီး တောင်ခမ်းကိစ္စတွေ လိုက်လုပ်ရင်းနဲ့ လူတွေအကုန် သိသွားတဲ့အတွက် မထူးတော့ဘူးလေ။ ကြောက်စရာအကြောင်းလည်း မရှိတော့ဘူး။ အမေရိကန်နိုင်ငံနိုင်ငံသား ဖြစ်ခွင့် ရုပ်သိမ်းလိုက်ပြီဆိုရင်လည်း ကျွန်တော်မကြောက်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန် နိုင်ငံသား ရုပ်သိမ်းမှာ ကြောက်တဲ့စိတ်ထက် ကျွန်တော်တို့ တပ်မတော်ကစစ်သည်တွေကို နိုင်စေချင်တဲ့ စိတ်၊ ပြည်သူတွေ တပ်မတော်အပေါ် အမှန်ကိုအမှန်တိုင်း မြင်စေချင်တဲ့စိတ် ပိုများနေပါတယ်။

TREND  ။    ။ မကြာမီလပိုင်းမှာ ကျွန်တော်တို့နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ဒီရွေး ကောက်ပွဲကြီးကနေ ဘာတွေမျှော်လင့်ထားပါသလဲ။
KZ    ။    ။
ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲပြီးပြီဆိုရင် ဆိုင်ရာဆိုင်ရာ အစိုးရအဖွဲ့တစ်ခု ပေါ်ပေါက်လာမှာပဲလေ။ မည်သို့ပင်ဆိုစေကာမူ ဆိုင်ရာ အစိုးရအဖွဲ့ တက်လာပြီဆိုရင်လည်း တပ်မတော်က နိုင်ငံတော်ကို ကာကွယ်တဲ့ အခန်းကဏ္ဍ လျှော့ချသွားမှာ မဟုတ်ပါဘူး။ ကြိုက်တဲ့အစိုးရ တက်လာပါစေ တပ်မတော်ကြီးက နိုင်ငံတစ်ဝန်းလုံးက နေထိုင်ကြသူတွေ အေးချမ်းစွာနေထိုင်ဖို့အတွက် ကာကွယ်ပေးနိုင်တဲ့ အင်အားတောင့်တင်းတဲ့ တပ်မတော်ကြီးဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။

TREND  ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ထူးမြတ်)   

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 54

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53906

© 2022 - 2025 News. All Rights Reserved.