ချန်ပီယံ ခန့်မှန်းရခက်ခဲသော MFF Carabao Futsal Champion Cup 2025 ပြိုင်ပွဲ ဇူလိုင် ၁၀ ရက် စတင်မည်

ရန်ကုန်၊ ဇူလိုင် ၇
    ပြည်ပကစားသမားခေါ်ယူမှုမြင့်တက်လာပြီး ချန်ပီယံခန့်မှန်းရခက်ခဲသော MFF Carabao Futsal Champion Cup 2025 ပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ သိရသည်။
    ပြိုင်ပွဲဝင်အသင်းအရေအတွက် များပြားလာသလို ဖူဆယ်အားကစားနည်းကို မြန်မာနိုင်ငံပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် ပြိုင်ပွဲဝင်အသင်းများ ပွဲကြိုပြင်ဆင်မှုများကို အကောင်းဆုံးပြုလုပ်လျက်ရှိသည်။ ပြည်ပကစားသမား ခေါ်ယူမှုများကိုလည်း ပြုလုပ်လျက်ရှိရာ ကနဦးတရားဝင် ပြည်ပ ကစားသမားခေါ်ယူမှုကို YCDC MH Dream Team က ထုတ်ပြန်ရာ ယခုပြိုင်ပွဲအတွက် ဘရာဇီလ်း ကစားသမားနှစ်ဦးကို ခေါ်ယူထားသည်။ ထို့အပြင် မြန်မာဖူဆယ် သမိုင်းတစ်လျှောက် နာမည်ကြီးအသင်းများ ဖြစ်သော လက်ရှိချန်ပီယံ MIU နှင့် ချန်ပီယံဟောင်း VUC တို့ကလည်း ပြည်ပကစားသမားအား ဖြည့်သွားရန် ရှိနေသည်။ ထို့အပြင် ပြည်တွင်းလက်ရွေးစင်ကစားသမားအများစုဖြင့် စုဖွဲ့ထားသော YRG FC အနေနှင့်လည်း ၎င်းတို့အားထားရသော ဘရာဇီးကစားသမား TOTA ကို ပြန်လည်ခေါ်ယူထားပြီး ပြည်ပကစားသမားသစ် ပြန်လည်ခေါ်ယူ အားဖြည့်ဖွယ်ရှိနေသည်။
    "အရင်ကတော့ ဗိုလ်လုပွဲဆိုရင် MIU နဲ့ VUC ပဲလေ၊ ခုပြိုင်ပွဲကတော့ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ အသင်းအားလုံးက ချန်ပီယံပစ်မှတ်ထားတော့ ပြည်တွင်းက အကောင်းဆုံးဆိုတဲ့ ကစား သမားတွေနဲ့ လူငယ်တွေစုဖွဲ့တယ်။ ပြည်ပကစားသမားတွေ ထပ်အားဖြည့်ထားတော့ ဘယ်အသင်း ချန် ပီယံရမလဲဆိုတာ မှန်းမရဘူး။ YRG ဆိုရင်လည်း အချိန်ခဏလေးအတွင်းမှာ ဖူဆယ်ပရိသတ်အင်အား တောင့်တင်းလာတယ်။ ဒီနှစ်ကတော့ ဘယ်သူ့ဖလားဆိုတာ စောင့်ကြည့်ဖို့ခက်တယ်"ဟု ဖူဆယ်ပရိသတ်တစ်ဦးက ပြောသည်။
    MFF Carabao Futsal Cham-pion Cup 2025 ပြိုင်ပွဲတွင် League-1 ပြိုင်ပွဲမှအသင်းများ၊ League-2 ပြိုင်ပွဲမှ အသင်းများ၊ Mandalar Futsal League မှ အသင်းများ၊ Amateur Cup အသင်းများ အပါအဝင် စုစုပေါင်း အသင်းပေါင်း ၂၈ သင်းဖြင့် ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။
    MFF Carabao Futsal Champion Cup 2025ပြိုင်ပွဲကို အသင်းလေးသင်းစီပါဝင်သော အုပ်စုခုနစ်စုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက်အဆင့်ပြိုင်ပွဲသို့ အုပ်စုတစ်ခုချင်းစီ၏ အုပ်စုပထမနှင့် ဒုတိယရရှိသော အသင်းများ၊ အကောင်းဆုံးအုပ်စု တတိယရရှိသော အသင်းနှစ်သင်းတို့ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46550

© 2022 - 2025 News. All Rights Reserved.