ရန်ကုန်၊ သြဂုတ် ၂၇
ရှမ်းပြည်နယ်၏ အထင်ကရ နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်း တံတားဖျက်ဆီးခံခဲ့ရ၍ စိတ်မကောင်းဖြစ်နေကြပြီး ဒေသခံများ ဒေါသထွက်နေကြောင်း သိရသည်။
"ဖျက်ဆီးတဲ့ လုပ်ရပ်အပေါ် ရှုတ်ချပါတယ်။ ကျွန်တော်တို့ဒေသမှာ ဒီလိုလာလုပ်တဲ့ ပလောင်တွေကို ရှုတ်ချတယ်။ ဘာလို့လဲဆိုတော့ မလုပ်သင့်တာကို လုပ်သွားလို့ပါ။ စိတ်လည်း ဆိုးတာပေါ့ဗျာ။ ဒေသရဲ့ အထင်ကရလည်းဖြစ်တဲ့ ကမ္ဘာ့အမွေအနှစ်ကို ဒီလိုဖျက်ဆီးတဲ့အတွက် ရှုတ်ချပါတယ်။ ဒီလူတွေက အခုလိုလုပ်လိုက်တဲ့အတွက် နောက်နောင်လည်း သူတို့ရဲ့အလားအလာ မကောင်းပါဘူး။ သူတို့ရဲ့ အကျိုးကို သူတို့ခံစားရမှာပါ"ဟု နောင်ချိုမြို့နယ်တွင် ပရဟိတလုပ်ငန်းလုပ်ကိုင်သူ ဦးနေဝင်းက ၎င်း၏ခံစားချက်ကို ပြောပြသည်။
ဂုတ်ထိပ်တံတားကြီးသည် ပြည်တွင်းသာမက ပြည်ပခရီးသွားများ စိတ်ဝင်စားမှုရှိခဲ့ကြသည့် ရှမ်းပြည်နယ်၏ အထင်ကရ ကမ္ဘာ့အမွေအနှစ် တံတားတစ်ခုဖြစ်သည်။ တံတားကြီးနှင့်ပတ်သက်၍ အနာဂတ်အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်များရှိသည့်အတွက် ယခုကဲ့သို့ ဖျက်ဆီးခံရမှုအပေါ် နှမြောတသ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဒေသခံများက ပြောသည်။
"ဒါက ဂုဏ်တစ်ခုလို့ သတ်မှတ်ထားတာကိုး။ အခုလို ဖြစ်သွားတော့ နှမြောတယ်။ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုယ့်ဒေသက ကမ္ဘာ့အမွေအနှစ်ကြီးဆိုတော့ တကယ်နှမြောတာပေါ့။ ကမ္ဘာ့အမွေအနှစ် ဖြစ်တယ်။ ကျွန်တော်တို့ ဒေသမှာလည်း အဲဒါနဲ့ မျှော်ကိုးပြီးတော့ မှန်တံတားတွေလည်း ဆောက်ဖို့ရည်ရွယ်ချက်တွေရှိတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ရှိတာတွေရော အများကြီးဆုံးရှုံးရတယ်။ နဂိုကအဲဒီမှာ မှန်တံတား တွေလည်း လုပ်ဖို့ အစီအစဉ်ရှိခဲ့တာကိုး။ Plan တွေ ဆွဲထားတာရှိတယ်လေ။ ဂုတ်ထိပ် တံတားကြီးရှိနေတာနဲ့ အစီအစဉ်တွေနဲ့ဆိုရင် ကျွန်တော်တို့ဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အများကြီးစည်ကားမှာ။ ဂုတ်ထိပ်တံတားကြီးနဲ့ မှီငြမ်းပြီးတော့ နောင်ချိုမှာ သာယာစည်ပြောမယ်ပေါ့။ အခု တော့ အဲဒါတွေက ဖျက်ဆီးခံရတော့ ဒေသအတွက် အများကြီး ဆုံးရှုံးရပါတယ်။ စိတ်လည်းမကောင်းသလို နှမြောလည်းနှမြောမိတယ်။ ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်နယ်ထဲမှာ ရှိနေတယ်ဆိုတဲ့ ဂုဏ်မျိုးကိုတော့ ရင်ထဲ၊ စိတ်ထဲမှာ ရှိနေပါတယ်။ အခုကတော့ ရှမ်းပြည်နယ်အတွက်ရော၊ နိုင်ငံအတွက်ရော ဆုံးရှုံးမှုတစ်ခုလို့ ခံစားနေရပါတယ်"ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။
ဂုတ်ထိပ်တံတား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုမှာ TNLA အကြမ်းဖက် များလက်ချက်ဟု ဒေသခံတစ်ဦးက ပြောသည်။ တံတားကျိုးသည့်နေရာသည် TNLA များရှိသည့် ကျောက်မဲဘက်အခြမ်းတွင် ဖြစ်ပွားခဲ့မှုကို ထောက်ပြသည်။
"တံတားကျိုးတာက ကျောက်မဲ ဘက်အခြမ်းမှာ ကျိုးတာ။ ဟိုဘက်ဒီဘက် ပြောနေပေမယ့် ဖြစ်နိုင်ခြေကတော့ တအာင်း(ပလောင်)တွေလုပ်တယ်လို့ပဲ ထင်ပါတယ်။ အဲဒီအနားထိတော့ မရောက်ပါဘူး။ ကျိုးသွားတဲ့ပုံပဲမြင်တာ၊ အနီးကပ်သွား ကြည့်လို့မရဘူး။ ဒါပေမဲ့ သူတို့က ဂူထဲမှာ အောင်းနေတယ်လို့ ပြောနေကြတယ်။ အဲဒီလို ဂူထဲမှာရှိနေတော့ ဖြစ်နိုင်ခြေကတော့ တအာင်း(ပလောင်)ဘက်က လုပ်တာဖြစ်နိုင်တယ်။ အဲဒီလိုလုပ်တဲ့အတွက် သူတို့က ဆိုးကျိုးပဲပေးတာ များပါတယ်။ သူတို့ ဖျက်ဆီးတယ်လို့ပဲ မြင်တယ်။ ဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး၊ သူတို့အတွက်လည်း အကျိုးမရှိဘူး။ ကျွန်တော်တို့ အတွက်လည်း အကျိုးမရှိဘဲနဲ့ အဖျက်အဆီးသက်သက် အဲဒီလိုမျိုးပဲ မြင်တာပဲ။ တံတားရဲ့တန်ဖိုးကို သိတာ၊ မသိတာထက် သူတို့က ဘာမှ မစွမ်းဆောင်နိုင်ဘူး။ ဒါကို ဒီလိုလုပ်ရင် ဘာဖြစ် မယ်ဆိုတာ အဲဒီလောက်အထိ သူတို့မတွေး လောက်ဘူး။ နောက်ဆက်တွဲတွေ သူတို့ မစဉ်းစားဘူး။ သူတို့ဖြစ်ချင်တာပဲ သူတို့လက်နက်ကိုင်ပြီးတော့ လုပ်ချင်ရာလုပ်နေတာ။ ဒီလိုဖျက်ဆီးခဲ့တာ။ ဝမ်းနည်း မိပါတယ်။ သက်တမ်းလည်း ကြာပြီ။ စိတ်မကောင်းတာကတော့ ကျိုးပြီဆိုတော့ နှမြောမိတယ်"ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောပြသည်။
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA အကြမ်း ဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း နိုင်ငံတော်အစိုးရ သတင်းထုတ် ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ယင်းသို့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်း တံတား၏ကမ်း ကပ်ခုံ(AB-2)နှင့် တံတားတိုင်အမှတ် (P 16) နှင့်ကမ်းကပ်ခုံ (AB-2)နေရာတို့အ ကြား ပေ ၆၀ အရှည်ရှိတံတားသံပေါင်နေရာတို့ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။ ဂုတ်ထိပ် တံတားဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးက ကြေညာချက်များ ထုတ်ပြန်၍ ပြင်းပြင်း ထန်ထန်ကန့်ကွက်ခဲ့ကြသည်။ နဒီ