ဆန့်ကျင်သူများ ရှိလျှင်လည်း ရွေးကောက်ပွဲက ပြည်သူအတွက် ဟုဆို

နေပြည်တော်၊ ဇွန် ၁၀ 
    အစိုးရကို ဆန့်ကျင်သူများ ရွေးကောက်ပွဲအပေါ် မည်သို့ပင် ယူဆချက်ရှိ သည်ဖြစ်စေ အားကောင်းသည့် အရပ်သားအစိုးရ ဖြစ်လာစေရန်အတွက် လမ်းစဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နန့်ခင်အေးဦးက ပြောသည်။ 
    "အခု ဒီရွေးကောက်နဲ့ပတ်သက်လို့ တစ်ဖက်က အစိုးရကို ဆန့်ကျင်တဲ့သူတွေက စစ်အာဏာရှင်ကို အသက်ရှည်အောင်၊ ထွက်ပေါက်ရအောင် လုပ်ပေးတယ်လို့ ပြောတယ်။ ရေရှည်အတွက် စဉ်းစားကြည့်တော့ ဒီပွဲက တိုင်းသူပြည်သားတွေအတွက် ထွက်ပေါက်။ အစိုးရရဲ့ ထွက်ပေါက် မဟုတ်ဘူး။ အဓိကတော့ လက်နက်ကိုင်ပြီး တိုက်ခိုက်နေလို့ လူငယ်တွေသေရတာက တစ်ပိုင်း၊ လူထုကို ထိခိုက်တာကျတော့လည်း မကောင်းဘူး။ ရွေးကောက်ပွဲနဲ့ အရပ်သားအစိုးရ ဖြစ်လာရင် အဲဒီတစ်ခုကနေ ချက်ချင်းကြီးတော့ သွားလို့ရချင်မှ ရဦးမယ်။ မရခင်တော့လည်း ထိန်းကျောင်းပေးတာမျိုး ရှိကောင်းရှိနိုင်တာပေါ့။ သို့သော် ဒီနည်းကတော့ သွေးထွက်သံယို အနည်းဆုံးနဲ့ အားကောင်းတဲ့ အရပ်သား အစိုးရဖြစ်လာဖို့ လမ်းစပဲ။ အဲဒါကြောင့် ဒီဇင်ဘာမှာတော့ ဖြစ်စေချင်တယ်။ ပါတီတွေထဲမှာလည်း အမျိုးမျိုးရှိနေတယ်။ ဒါပေမဲ့ သူတို့လည်း လူထုအတွက် ထွက်ပေါက်လို့ မြင်ကြတယ်။ အခု ဖြစ်နေတာတွေက စိတ်မချမ်းသာစရာတွေချည်းပဲလေ"ဟု ၎င်းက ပြောသည်။
    နိုင်ငံတကာအနေဖြင့်လည်း ရွေးကောက်ပွဲဖြစ်မြောက်စေချင်သည့် ဆန္ဒရှိပြီး နိုင်ငံရေးပါတီများ အနေဖြင့်လည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်စေချင်သည့် ဆန္ဒရှိကြောင်း နန့်ခင်အေးဦးက ပြောသည်။ 
    "နိုင်ငံတကာဘက်ကလည်း ရွေးကောက်ပွဲကို လုပ်စေချင်တဲ့ အမြင်ရှိတယ်။ အခုလုပ်မယ့် ငြိမ်းချမ်းရေးဖိုရမ်မှာ ခြောက်နိုင်ငံပါတယ်။ အာဆီယံဘက်ကလည်း တည်ငြိမ်အေးချမ်းတဲ့ဘက်ကို ဖြစ်ဖို့ ရွေးကောက်ပွဲကို အားပေးတဲ့ ရောင်ခြည်လေး သန်းလာတယ်။ ပါတီတွေကတော့ အကောင်းဘက်ကို မျှော်လင့်ထားကြတယ်။ ဝင်ပြိုင်ကြမယ်။ တိုင်းပြည်ကို ဘယ်လိုဖွံ့ဖြိုးအောင် ပြန်လုပ်ကြမလဲ။ အဓိကတော့ ငြိမ်းချမ်းရေးစကား ပြောရမှာပေါ့။ လက်နက်ကိုင်တွေဘက်ကလည်း သူတို့လိုချင်တဲ့ ဟာနဲ့ ဒီဘက်က လိုက်လျောနိုင်တဲ့ဟာနဲ့ ဆွေးနွေးအဖြေရှာမှ လူမသေဘဲ၊ သွေးထွက် သံယိုမဖြစ်ဘဲ အဖြေရှာဖို့ပဲ ပါတီတွေက မျှော်လင့်တယ်"ဟု ၎င်းက ပြောသည်။ 
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူ စနစ် (FPTP)နှင့် အချိုးကျကိုယ်စားပြုစနစ်(PR) နှစ်မျိုးလုံးအသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက အသေးစိတ် သိရှိရမည်ဖြစ်ကြောင်း သိရ သည်။ ကွန်းဈာန်

Total Views ~ 74

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.