ရန်ကုန်၊ ဇူလိုင် ၉
ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက် ၂၈ လုံးတွင် နေရောင်ခြည်စွမ်းအင်ကို တိုးမြှင့်သုံးစွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီ ၁၇ခုနှင့် ဇူလိုင် ၅ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်စက် ၂၈ လုံးတွင် ၄၁ ဒသမ ၉ မဂ္ဂါဝပ်ရှိ Solar Energy တပ်ဆင်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လမှစတင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများ စိုက်ပျိုးရေ ရရှိရေးအတွက် Solar နှင့် ဆောင်ရွက်နိုင်မည့် အလားအလာများကိုပါ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းရေးဆွဲ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက "ဆန်စက်များမှလည်း ထပ်မံတိုးမြှင့် အဆိုပြုလာပါသောကြောင့် ယင်းအစီအစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မှ ဦးဆောင်သော ဆန်စပါးကဏ္ဍဖွံ့ဖြိုးမှု (Export-led Growth)ကို အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy)နှင့်အညီ ပုဂ္ဂလိကအပိုင်းရှိ ကုမ္ပဏီ/အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းလျက်ရှိရာ ယခုနှစ် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန်သုံးသန်း တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Solar လုပ်ငန်း နည်းပညာနှင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အကြံဉာဏ်ပေးနိုင်ရေးအတွက် Smart Power Myanmar နှင့် အသင်းချုပ်တို့အကြား Letter of Intent - LoI လက်မှတ်ရေးထိုးခြင်း၊ Solar ကုမ္ပဏီများဖြစ်ကြသည့် Danayarzar Construction Co., Ltd ၊ Asia Mega Link Co., Ltd ? ACEE Co., Ltd တို့နှင့် နားလည်မှု စာချွန်လွှာ(MoU) ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ပြင် နိုင်ငံတကာဈေးကွက် အသီးသီးတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် Market Insights, Sustainability Drive, Best Practices and Global Trends များဆိုင်ရာ အတွေ့အကြုံများ မျှဝေပေးသည့် MRF Rice Export Exchange တွေ့ဆုံဆွေးနွေးပွဲကိုလည်း လစဉ်ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။ သက်မှူး