ဇိုမီးအမျိုးသားပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ကော်မရှင်သို့ လျှောက်ထား

ရန်ကုန်၊ ဇူလိုင် ၉
    ဇိုမီးအမျိုးသားပါတီ (Zomi National Party)က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။
    ဦးထန်ရှင်းခိုင် ခေါင်းဆောင်သည့် ဇိုမီးအမျိုးသားပါတီ (Zomi National Party) ၏ ပါတီတည်‌ထောင်ခွင့် လျှောက်ထားမှုနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ကော်မရှင်က ဇွန် ၂၃ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုခဲ့သည်။
    နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့ တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဇူလိုင် ၃ ရက်အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၉ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။
    အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၉ ပါတီအနက် ဇိုမီးအမျိုး သားပါတီကလည်း ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ဇူလိုင် ၃ ရက်‌တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခဲ့ခြင်း ဖြစ်ကြောင်း ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် ယင်းသို့ မှတ်ပုံတင်ခွင့် ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၈ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ညီသစ်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46531

© 2022 - 2025 News. All Rights Reserved.