တက္ကသိုလ်ဝင်ခွင့် စက်တင်ဘာ ၂ ရက်မှ စတင်လျှောက်ထားနိုင်

ရန်ကုန်၊ သြဂုတ် ၂၇
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့်များကို စက်တင်ဘာလ ၂ ရက်မှစ၍ စက်တင်ဘာလ ၁၉ ရက်အထိ ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေး ကြေညာထားသည်။
    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် သက်ဆိုင်ရာစာမေးပွဲ ဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို စက်တင်ဘာ ၂ ရက် (အင်္ဂါနေ့) မှစ၍ ကိုယ်တိုင်ထုတ်ယူနိုင်ပြီဖြစ်ပြီး  စာစစ်ဌာနတွင် ထုတ်ယူရန် အခက်အခဲရှိပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် သွားရောက် ထုတ်ယူနိုင်သည်။
     တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို စက်တင်ဘာ ၂ ရက်မှစ၍ စက်တင်ဘာ ၁၉ ရက်အထိ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) ဖြင့် မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော် တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်း တက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်တို့တွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    သီးခြားခေါ်ယူသည့် တက္ကသိုလ်များမှအပ မည်သည့်တက္ကသိုလ်ကိုမဆို လျှောက်ထားလိုသူသည် ကြေညာချက်ပါ တက္ကသိုလ် ၂၄ ခုအနက် အဆင်ပြေ နီးစပ်ရာ တက္ကသိုလ်များတွင် လျှောက်လွှာတင်သွင်း နိုင်ပြီး သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများနှင့် ဖော်ပြပါတက္ကသိုလ် ၂၄ ခုတွင် လျှောက်ထားရန် အဆင်မပြေသောသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50048

© 2022 - 2025 News. All Rights Reserved.