နေပြည်တော်၊ သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်တချို့တွင် နိုင်ငံရေးပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သော်လည်း တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်မည့်သူများကိုသာ နေရာရစေချင်ကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မဲဆန္ဒနယ်ကတော့ ပန်းတနော်က့ USDP၊ တစညနဲ့ ကျွန်မတို့ပါတီ ကျန်တာတွေ သိပ်မတိုးနိုင်ဘူး။ မြောင်းမြလည်း အဲဒီလိုပဲ။ ဝါးခယ်မကတော့ တစည ပိုအားကောင်းတယ်လို့ သိရတယ်။ ပြင်းထန်နိုင်တယ်ဆိုပေမယ့် ပါတီတွေ ရန်ဖြစ်လို့တော့ မရဘူး။ နားလည်မှုတော့ လုပ်ရမှာပဲ။ တကယ်အရည် အချင်းရှိတဲ့သူတွေ၊ တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူတွေပဲ ရသွားစေချင်တယ်။ မျိုးချစ် စိတ်ရှိတဲ့သူ၊ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့်သူ၊ တိုင်းချစ်ပြည်ချစ် ရှိတဲ့သူတွေ ရစေချင်တယ်။ တစ်ခါလာလည်း မဲပြာပုဆိုးနဲ့တော့ မဖြစ်ဘူး"ဟု ၎င်းက ပြောသည်။
ကရင်ပြည်သူ့ပါတီသည် ရွေးကောက်ပွဲဝင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၀ ခန့် လျာထားပြီး လူထုစည်းရုံးရေးကို စက်တင်ဘာ၊ အောက်တိုဘာလများတွင် ပြုလုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း နမ့်ခင်အေးဦးက ပြောသည်။
"နဂိုကတည်းက မှန်းထားတာ ခရိုင်သုံးခု၊ လေးခုလောက်ဝင်မယ်လို့ မှန်းထားတာ။ ကိုယ်စားလှယ်လောင်း အများဆုံး ၃၀ လောက် ဖြစ်မယ်။ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့မှာတော့ အကုန်ဝင်နိုင်ချင်မှ ဝင်နိုင်မယ်။ ခရိုင်မှာ သုံးဦးစီလောက်တော့ ဝင်နိုင်အောင် ကြိုး စားမယ်။ အကုန်တော့ မသိရသေးဘူး။ ထပ်တိုးတွေ ရှိတယ်။ ထပ်တိုးမြို့နယ်တွေမှာ ဝင်ချင်တာတွေရှိတော့ စိစစ်ရဦးမယ်။ မလို အပ်တာတွေတော့ ဖျက်ချရမှာပဲ။ မဲဆန္ဒနယ်တိုင်းကို အပြည့်မဝင်နိုင်ဘူးလို့ ထင်တယ်။ အတပ်တော့ ပြောလို့မရသေးဘူး။ စောစောပိုင်းကတော့ နည်းနည်း အေးနေ ကြတာပါ။ ဥပဒေတွေ၊ နည်းဥပဒေတွေကိုလည်း လေ့လာရတဲ့ အခါကျတော့ အခု မြန်မြန်ဆန်ဆန် လုပ်ရမယ့်ကိစ္စတွေ ဖြစ်လာတာ။ အခုကပါတီ စည်းရုံးရေးပဲ ရသေးတယ်။ နဂိုကတည်းက ဆင်းထားပါတယ်။ တစ်ခုရှိတာက တွက်ရေးနဲ့စက်သူဌေး ဖြစ်လို့တော့မရဘူး။ လူထုစည်းရုံးရေးကိုတော့ ကိုယ်တိုင်ဆင်းကြရမယ်"ဟု ၎င်းက ပြောသည်။ ကွန်းဈာန်