‌ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားသည့် အရေအတွက် ၄၇၀၀ ကျော်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု ရာခိုင်နှုန်း ၇၀ ရှိ

ရန်ကုန်၊ သြဂုတ် ၂၇
    My Ro Website တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိမှု ၄၇၀၀ ကျော်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု ရာခိုင်နှုန်း ၇၀ ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
    ၂၀၂၅ ခုနှစ် သြဂုတ် ၁၈ ရက် အထိ My Ro Website တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံထားရှိသူ ၄၇၈၁ ရုံရှိပြီး  ရာခိုင်နှုန်း ၇၀ ပူးပေါင်းဆောင်ရွက်မှုရှိသည့် အနေအထားဖြစ်ကြောင်း သိရသည်။
    "၂၀၂၄ ခုနှစ် အောက်တိုဘာက‌စပြီး စားသုံးသူရေးရာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနကနေ ဆန်တန်ချိန် ၂၅ တန်နဲ့အထက်၊ စပါးတင်း ၂၅၀၀ နဲ့အထက် စပါးသို လှောင်ရောင်းချနိုင်တဲ့ ဆန်စပါးသိုလှာင်ရုံတွေကို မှတ်ပုံတင်ဖို့ အသိပေးထုတ်ပြန်ခဲ့ရာ ကနေ ၂၀၂၅ ခုနှစ် သြဂုတ် ၁၈ ရက်အထိ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထားတဲ့အရေအတွက် ၄၇၈၁ လုံး ရှိပါတယ်။ အခုလို My Ro Website မှာ မှတ်ပုံတင်ဖို့ တကယ်လို့ နည်းပညာအခက်အခဲရှိတယ်ဆိုရင် စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးရုံး၊ မြို့နယ်ဦးစီးရုံးတွေမှာ ဆက်သွယ်ဆောင်ရွက်သွားနိုင်ပါတယ်}}ဟု စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    မှတ်ပုံတင်ထားသည့် ဆန်စပါးသို‌လှောင်ရုံ ၄၇၈၁ လုံးထဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ဒုတိယနဲ့ ရန်ကုန်တိုင်းဒေသကြီးမှ တတိယအများဆုံး ဖြစ်ကြကြောင်း သိရသည်။ ယခုကဲ့သို့ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းကြောင့် ပြည်တွင်းမှာရှိသည့် သိုလှောင်ရုံ အရေအတွက်၊ ဆန်စပါး လက်ကျန် စသည်များအား သိရှိသွားနိုင်မည့် အကျိုးကျေးဇူးရရှိစေမည် ဖြစ်ကြောင်း သိရသည်။
    ဆန်စပါးသို‌လှောင်ရုံ မှတ်ပုံတင်သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး သက်တမ်းတိုး‌ ဆောင်ရွက်မည် ဆိုပါကလည်း တစ်နှစ်သက် တမ်းဖြစ်ကြောင်း သိရသည်။
    ဆန်တန်ချိန် ၂၅ တန်နှင့်အထက်၊ စပါးတင်း ၂၅၀၀ နှင့်အထက် စပါးသိုလှောင် ရောင်းချနိုင်သည့် ဆန်စပါးသိုလှာင်ရုံများ အနေဖြင့် မှတ်ပုံတင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာ ဦးစီးဌာနတွင် ဆက်သွယ် အကူအညီ တောင်းခံသွားနိုင်ကြောင်း သိရသည်။
    သိုလှောင်ရုံများအနေဖြင့် မှတ်ပုံ တင်ထားခြင်းမရှိပါက နောက်ပိုင်းတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ သတိပေးခြင်း၊ သိုလှောင်ရုံ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း စသည်များကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ ပြောကြားချက်များအရ သိရသည်။  Phyu

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50050

© 2022 - 2025 News. All Rights Reserved.