၂၀၂၅ ၊ ဩဂုတ် ၂၇
မကြာမီ ပြီးစီးတော့မည့် ဒလတံတား ခံ့ညားနေမှု လှုမှုကွန်ရက် အသုံးပြုသူများ နှစ်ခြိုက်လျက်ရှိသည်။ အထူးသဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းကို ဝါသနာထုံ သူများက တံတားကြီး၏ အလှတရားကို ၎င်းင်းတို့၏ လူမှုကွန်ရက်အသီးသီးတို့တွင် ဂုဏ်ယူစွာ တင်ထားကြသည်။ တံတားမြင် ကွင်းအပေါ် ပုံစံမျိုးစုံဖြင့် ခံစားရေးဖွဲ့လာကြသည်။ တံတားအလှကို နောက်ခံထား၍ ရုပ်သံ၊ Vlog များ တည်းဖြတ်တင် ဆက်ကြသည်။ ရှုထောင့်ပေါင်းစုံ ပုံသဏ္ဌာန်မျိုးစုံကို တွေ့မြင်ရသည်။ အဝေးမှတစ်မျိုး၊ အနီးကပ်တစ်သွယ် တံတားအလှကို ဖန်တီးရိုက်ကူးကြသည်၊ ပို့စ်တင်ကြသည်။
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ် ကြည်ရေးအထိမ်းအမှတ် ရန်ကုန်-ဒလတံတား တည်ဆောက်ရေး စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်၊ ဗိုလ်မင်းရောင် လမ်းတို့ကို ဆက်သွယ်တည်ဆောက်သည့် ရန်ကုန်မြစ်(လှိုင်မြစ်)ကူးတံတားဖြစ်သည်။ တံတားအရှည် ၆၁၂၇ ပေ (၁၈၆၇ ဒသမ ၅ မီတာ)ရှိပြီး သံမဏိကြိုးဆိုင်းတံတားအမျိုးအစား ဖြစ်သည်။ ယာဉ်သွားလမ်း အကျယ် ၅၇ ပေ လေးလမ်းသွားဖြစ်ပြီး တစ်ဖက်လျှင် လူသွားလမ်းများ ပါရှိကာ ခံနိုင်ဝန် ၇၅ တန် (ယာဉ်တစ်စီးချင်း - ၇၅ တန်) ဖြစ်သည်။ စီမံကိန်းကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှုရန် ပုံငွေ ချေးငွေနှင့် အစိုးရ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက် နေခြင်းဖြစ်သည်။ စီမံကိန်းတန်ဖိုး (ချေးငွေ) အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာအစိုးရ ထည့်ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းနှင့်ညီမျှ သောမြန်မာကျပ် စုစုပေါင်း စီမံကိန်းတန် ဖိုး အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ GS Enginee-ring Group (Korea)မှ အဓိက ကန်ထရိုက်တာအဖြစ် တာဝန်ယူတည်ဆောက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
တံတားတစ်စင်း၏ တန်ဖိုးကို လူတိုင်းသိရှိထားကြသလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံနေရသည့် ဒေသခံများက ပို၍တန်ဖိုးထားတတ်ကြသည်။ ဒလတံတား စီမံကိန်းလုပ်ငန်းများအားလုံး ယခုနှစ် ဒီဇင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး တံတားစီမံကိန်း မကြာမီပြီးစီးတော့မည် ဖြစ်၍ ဒလမြို့ခံများက ဝမ်းသာပျော်ရွှင်နေကြသည်။ ဒေသခံများက ရေကြောင်းခရီး အားကိုးကာ ရန်ကုန် တစ်ဖက်ကမ်းကို အသွားအလာ ပြုကြရသည်။ ၎င်းင်းတို့အတွက် ကျန်းမာရေး၊ လူမှုစီးပွားအစ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ထို့အတွက်ကြောင့်လည်း တံတား ကြီးတစ်စင်းမှာ ၎င်းင်းတို့အတွက် အိပ်မက်ဖြစ် ခဲ့ရသည်။ လက်ရှိအနေအထားအရ ၎င်းတို့၏ မျှော်လင့်ချက် အိပ်မက်ရောင်နီ သန်းလာပြီဟု ဆိုရမည်ဖြစ်သည်။
ဒလဒေသခံများ နည်းတူ တံတားကြီးကြောင့် အပျော်ကူးစက်ပြီး ဝမ်းသာနေ ကြသူအချို့သည် အနယ်နယ်အရပ်ရပ်မှ ရေလမ်းအသုံးပြု ခရီးသွားပြည်သူများပင်ဖြစ်သည်။ ၎င်းင်းတို့က တံတားစီမံကိန်း နောက်ခံထား၍ ဗီဒီယို၊ ဓာတ်ပုံများ ရိုက်ကူးကြသည်။ ရန်ကုန်ဘက်ကမ်း ဒလဘက်ခြမ်း အနီးတစ်ဝိုက် နေထိုင်သူများကလည်း ချဉ်းကပ်တံတားအပိုင်း၊ တံတားမြင်ကွင်း မှတ်တမ်းများကို ၎င်းတို့၏ လူမှုကွန်ရက်တွင် တင်ကြသည်။ တံတားအောက်မှ နိုင်ငံခြားကုန်တင် သင်္ဘော ဖြတ်သန်းမောင်းနှင်နေစဉ် ရန်ကုန်မြစ်အတွင်းမှ မြင်ရသည့်မြင်ကွင်းကို ပြသည်။ နံနက်ခင်းမိုးတိမ်အလှကို တံတားအလှဖြင့် တွဲပြကြပြီး သာယာသောနံနက်ခင်းနှင့် ချိတ်ဆက်သွားပြီဟု ရေးသားကြသည်။ သမ္ဗန်စီးရင်း ရိုက် ကူးထားသော ဗီဒီယိုများတွင် တံတားစီမံကိန်းကို နောက်ခံထားသည်။ တံတားလုပ်ငန်းခွင်အနီး သမ္ဗန်ပေါ်မှာ ရိုက်ကူးထားသောမြင်ကွင်းကို အများဆုံးတွေ့ရသည်။
ရန်ကုန်ဘက်ခြမ်း ကမ်းနားနေရာ အပါအဝင် တံတားနောက်ခံထား အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်းထက် ရုပ်သံ၊ ဗီဒီယို ရိုက်ကူးမှုက ပိုများနေခြင်း ဖြစ်သည်။ မြင်ကွင်း မြင်တွေ့ရမှုအရ ခံစားမှုမျိုးစုံ ရေးဖွဲ့ကာ လူမှုကွန်ရက်ပေါ်တွင် တင်နေကြခြင်း ဖြစ်သည်။ စီမံကိန်းလုပ်ငန်းအတွင်း အပေါ်စီးမှ ရိုက်ကူးထားပုံများလည်း တွေ့ရသည်။ ညနေ နေဝင်ဆည်းဆာအလှနှင့် တံတား၏ အလှထင်ဟပ်မှုကို ပြသည်။ တံတား ညအလှတရားကိုပြသပြီး "နောက်ဆိုရင် အိမ်ပြန်ချိန်မှာ အခုလို တံတားနောက်ခံ View လှလှလေးတွေ မြင်ရတော့မယ်"ဟု မှတ်ချက်ပြုထားသည်။
တေးသံရှင် မိုးသူ ၏ 'မျက်ရည် မြစ်'သီချင်းထဲက စာသားတစ်ခုကလည်း လူမှုကွန်ရက်အသုံးပြု သူများ နှစ်ခြိုက်လျက်ရှိသည်။ 'ဒလမြစ်ကြီး ခြားနေလဲ တံတားပြီးရင် နီးပါပြီလေ'ဟူ၍ သီချင်းစာသား ပြောင်းပြီး ရေးသားကာ ရန်ကုန်မြစ်လယ်မှ တံတားနောက်ခံထား ရိုက်ကူးထားသော ရုပ်သံဖြင့် ပို့စ်တင် သည်။ တံတားစီမံကိန်းအကြောင်းပြ အိမ်ခြံမြေ ပေါက်ဈေး သိန်းသောင်းချီ ဈေးခေါ်နေမှုများ ရှိနေသည်။ လူမှုကွန်ရက် အသုံးပြုသူများကလည်း မကြာမီ ပြီးစီးတော့မည့် ဒလတံတား အလှတရားကို ခံစားရေး ဖွဲ့နေကြသည်။ ညီသစ်