နေပြည်တော်၊ ဇူလိုင် ၉
PDF ဖြစ်စေ၊ NUG ဖြစ်စေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲလမ်းကြောင်းကိုသွားရန် လိုအပ်နေပြီဖြစ်ကြောင်း ပအိုဝ်း (PNO) ပြည်သူ့စစ်ခေါင်းဆောင် ခွန်ထွန်းရွှေက ပြောကြားသည်။
" PNO ပဲဖြစ်ဖြစ်၊ NUG ပဲဖြစ်ဖြစ် ကျွန်တော်တို့ စားပွဲမှာ တွေ့ကြဖို့တော့ လိုတယ်။ ကျွန်တော်တို့ PNO ကတော့ မည်သည့်အဖွဲ့အစည်းကိုမှ ဆိုးခြင်း၊ ကောင်းခြင်း မပြောဘူး။ အားလုံးပါဝင်စေချင်တယ်။ နိုင်ငံတော် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့နိုင်ငံ အခြေအနေအရ အဲဒီလမ်းကြောင်းကို သွားဖို့လိုနေပြီ။ ရွေးကောက်ပွဲသွားဖို့ လိုနေပြီ။ ညီညွတ်ဖို့လိုနေပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးက အဓိကလေ။ ဘယ်သူ့ကိုမှ ဆိုးခြင်း၊ ကောင်းခြင်း ခွဲခြားဖို့မလိုဘူး"ဟု ၎င်းကပြောသည်။
ပကတိနိုင်ငံရေး အခင်းအကျင်းအရ လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည် ဖြစ်စေ ပြည်သူများ၏ ထိခိုက်နစ်နာမှုများအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ဦးတည်လှုပ်ရှားသင့်ပြီဖြစ်ကြောင်း ဦးခွန်ထွန်းရွှေက ထပ်မံပြောကြားသည်။
"အခုအချိန်က နေရာဒေသ အနှံအပြားမှာ ပြည်သူတွေ မျက်ရည်နဲ့မျက်ခွက်ရှိတယ်။ ပျက်စီးဆုံး ရှုံးမှုတွေရှိတယ်။ အဲဒါကို ကျွန်တော်တို့အားလုံးက လက်နက်ကိုင်သည်ဖြစ်စေ၊ မကိုင်သည်ဖြစ်စေ အားလုံးက တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဦးတည်လှုပ်ရှားသင့်ပြီ။ အမှိုက်ကလေး တစ်စကနေ ပြာသာဒ် မီးလောင်သွားတဲ့ အဖြစ်မျိုး တိုင်းပြည်ကို မဖြစ်စေချင်ဘူး။ အခု ဆန့်ကျင်နေတဲ့သူတွေကတော့ တိုင်းပြည်ကို မချစ်လို့ပေါ့ဗျာ။ နိုင်ငံကိုချစ်ရင် ပြီးခဲ့တာတွေကို ပြည်ဖုံးကားချလိုက်။ လက်ရှိ နိုင်ငံအနေအထားအရ ပြန်လည်တည်ဆောက်ဖို့လိုနေပြီ။ သူတို့ ဆန့်ကျင်တယ်ဆိုရင်လည်း တိုင်းပြည်ကို မချစ်လို့ပေါ့ဗျာ။ ဒါက တပ်မတော်ကို ထောက်ခံဖို့ပြောတာ မဟုတ်ဘူး။ နိုင်ငံကိုချစ်ရင် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို တက်ရမယ်။ ရွေးကောက်ပွဲလုပ်ရမယ်။ ပြည်သူ့အစိုးရတစ်ရပ်အဖြစ် သွားရမယ်။ ဆန့်ကျင်နေရင် ပြည်သူက ရွေးချယ်တင်မြှောက်မယ့် အစိုးရကို မသွားချင်ဘူး။ စစ်အစိုးရကိုပဲ အားပေးသလို ဖြစ်မှာပေါ့။ အတန်တန် ပြောပြီးပြီ။ နှစ်ဖက်လက်နက်ကိုင် တိုက်ခိုက်နေတာကတော့ ပြုတ်မှာမဟုတ်ဘူး။ ပြုတ်စရာရှိရင် တိုင်းပြည်ပြုတ်မယ်။ လူထုပြုတ်မယ်။ အဲဒီလိုပဲ မေတ္တာရပ်ခံချင်တာ။ ပြည်သူတွေ စားရေး သောက်ရေးတွေ ခက်ခဲနေကြတယ်။ ချက်ရေးပြုတ်ရေး မလွယ်တော့ဘူး။ ပြောရရင် ကုန်မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အားလုံးကလျှော့ပါ။ ဆွေးနွေးညှိနှိုင်း အဖြေရှာပါလို့ ပြောချင်ပါတယ်။ တင်းလွန်းရင် ပြတ်မယ်။ လျှော့လွန်းရင်ပတ်မယ်။ ပြိုင်တူ အသံကောင်းအောင် အလျှော့အတင်းနဲ့ အဖြေရှာ ရမှာပေါ့ဗျာ။ တိုင်းပြည်အတွက် အားလုံးကြိုးစားပေးပါ။ တိုင်းပြည်က အစစအရာရာ ချွတ်ခြုံကျနေပြီ။ နောက်လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အခုထက်ပိုပြီး အင်အားစုတွေ ပိုမို ပါဝင်လာနိုင်ပါတယ်။ တိုင်းပြည်ကို တိုး တက်စေချင်တယ်။ ပြည်သူရွေးချယ်တဲ့ အစိုးရနဲ့ လွှတ်တော်တွေ ပေါ်ပေါက်စေချင် တယ်။ တိုင်းပြည်ကိုချစ်ရင် အားလုံးပါဝင်ဖို့ တော့လိုတယ်"ဟု ၎င်းက ပြောသည်။
PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော် ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကွန်းဈာန်