တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ညမီးကြီး၊ စိန်နားပန် အလုံး ၇၀ ကျော်၊ နေ့လွှတ်အရုပ်အဖွဲ့ပေါင်း ၁၀၀ ကျော် စာရင်းပေးသွင်းထား

နေပြည်တော်၊ အောက်တိုဘာ ၈
    ၂၀၂၅ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညမီးကြီး၊ စိန်နားပန် မီးပုံးပျံနှင့် နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲဝင် အသင်းအဖွဲ့များကို ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရာမီး ပုံးပျံပညာရှင်များအသင်းက စာရင်းသွင်းရန်  ဖိတ်ခေါ်ထားရာ ညမီးကြီးနှင့် စိန်နား ပန် မီးပုံးပျံ အပြီးသတ်စာရင်းအရ အလုံးရေ ၇၀ ကျော် လွှတ်တင်မည်ဖြစ်ပြီး နေ့လွှတ်အရုပ် အဖွဲ့ ၁၀၀ ကျော် စာရင်းပေးသွင်းထားကြောင်း သိရသည်။
    ၂၀၂၅ ခုနှစ် ရိုးရာမီးပုံးပျံပြိုင်ပွဲအား အဝေရာမီးပုံးပျံကွင်းကြီးတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၄ ရက်ထိ ပြိုင်ပွဲကျင်းပပြီး နိုဝင်ဘာ ၅ ရက်တွင် ဆုပေးပွဲအခမ်းအနား ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
    အဆိုပါ တောင်ကြီးတန်ဆောင်တိုင် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲစာရင်း ပေးသွင်းရမည့်ရက်ကို အောက်တိုဘာ ၁ ရက်မှ ၅ ရက်အထိကို ကန်အရှေ့ရပ်ကွက်ရုံးတွင်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်မှ ၁၅ ရက်အထိကို အိမ်အမှတ်(ရ/၁၉၀) ရတနာ သီရိရပ်ကွက် အနောက်မြို့ပတ်လမ်း ပါရမီဆေးဆိုင်ဘေး ဦးတင်အေးနေအိမ်တွင် ရုံး ဖွင့်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာရင်းလက်ခံ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 
    "ဒီနှစ်ကတော့ စံချိန်တင်တယ် ပြောရမယ်ဗျ။ နေ့လွှတ်အရုပ်ဆိုရင် စာရင်းမပိတ်သေးဘူး အဖွဲ့ပေါင်း ၁၀၀ ကျော် စာရင်းပေးထားပါတယ်။ ညမီးကြီးနဲ့ စိန်နား ပန်ကတော့ စုစုပေါင်း အလုံးရေ ၇၀ ကျော် စာရင်းပေးသွင်းထားပါတယ်"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    အောက်တိုဘာ ၁၇ ရက်တွင် ပြိုင်ပွဲဝင် နေ့လွှတ်အရုပ် မီးပုံးပျံအဖွဲ့များ မွန်း လွဲ ၁ နာရီခန့်တွင် ကန်ရှေ့ရပ်ကွက်ရုံးတွင် မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
    ၂၀၂၅ခုနှစ် မီးပုံးပျံပွဲတော်၌ နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းနှင့် အရုပ်အုပ်စု မီးပုံးပျံ များကို လွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံပျံများကို လွှတ်တင်သွား မည်ဖြစ်ကြောင်းနှင့် ယခုနှစ်ပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံအရေအတွက် များပြားလာနိုင် ကြောင်း ရှမ်းပြည် (တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။
    တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှစ၍ နှစ်နှစ်ကြာ ရပ်နားထားခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53841

© 2022 - 2025 News. All Rights Reserved.