ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာ့ဒူးရင်းသီးကို ပြည်ပနိုင်ငံဈေးကွက် တစ်ခုဖြစ်သည့် တရုတ်နိုင်ငံသို့ အမြောက်အမြား တင်ပို့သွားနိုင်ရန်အတွက် General Administration of Customs of China - (GACC) လက်မှတ်ရရှိရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူ များအသင်းမှ သိရသည်။
ပြည်ပဈေးကွက်ကို လက်ရှိ ဒူးရင်းတင်ပို့မှုရှိသော်လည်း အနည်းအကျဉ်းသာဖြစ်ပြီး အလုံးအရင်းနှင့်အမြောက်အမြား တင်ပို့သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
"GACC လက်မှတ်ရဖို့ ကျွန်တော် တို့ ကြိုးစားနေပါတယ်။ ဘယ်တော့ရမယ် ဆိုတာမျိုးတော့ အတိအကျ ပြောလို့မရသေးပါဘူး။ GACC ရတာနဲ့ တင်ပို့နိုင်ဖို့ သက်ဆိုင်သူများ အားလုံးလက်တွဲ ဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌက ပြောသည်။
ယခုကဲ့သို့ ဒူးရင်းသီး ပြည်ပနိုင်ငံဈေးကွက်သို့ အမြောက်အမြား တင်ပို့သွားနိုင်ရန်အတွက် လက်ရှိမှာ GACC လက်မှတ်လျှောက်ထား ရယူထားသကဲ့သို့၊ ဒူးရင်းစိုက်ဧက တိုးချဲ့ခြင်းများလည်း လုပ်ဆောင်ထားကြောင်း သိရသည်။
"ဒူးရင်းသီးနဲ့ပတ်သက်လို့ လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ဒူးရင်း စိုက်ပျိုးမှု ဧက ၄၀၀၀ နဲ့ ၆၀၀၀ ကြား စိုက်ပျိုးထားပါတယ်။ တကယ့်မျိုးကောင်းမျိုးသန့်တွေ မြန်မာပြည်မှာ တော်တော်များများ စိုက်ပျိုးထားပါတယ်"ဟု ဒူးရင်းစိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒူးရင်းသီးမှာ စနစ်တကျစိုက်ပျိုး ပါက၊ ရေခံ၊ မြေခံရှိ၍ ဈေးကောင်းရနိုင်သည့် သီးနှံအမျိုးအစား တစ်ခုဖြစ်ကြောင်း သိရသည်။ ယခုနှစ် ပြည်တွင်းဈေးကွက်၌ ဒူးရင်းသီး 1kg ကို ကျပ် ၁၅၀၀၀ နှင့် ၂၀၀၀၀ ကြား အနိမ့်ဆုံးရောင်းရ၍ အသားခွာထားသည့် ဒူးရင်းသီး ဆိုပါက 1kg ကို ကျပ် ၉၀၀၀၀ မှ ၁၀၀၀၀၀ ကြား ဈေးနှုန်း အသီးသီး ဈေးရရှိကြကြောင်း ဒူးရင်းသီးဈေး ကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ General Administr-ation of Customs of China - (GACC) လက်မှတ်ကို ဖရဲ၊ သခွားမွှေး၊ သရက်၊ ဆီးသီး၊ လိုင်ချီး၊ လောင်တန်၊ မင်းကွတ်၊ ကြက် မောက်၊ ငှက်ပျော၊ နာနတ် စသည့် သီးနှံ ၁၀ မျိုးမှ ရရှိထားပြီးဖြစ်ပြီး ဆက်လက်၍ GACC လက်မှတ်ရရှိရန် လျှောက်ထားသည့် သီးနှံအမျိုးအစား စုစုပေါင်း ၂၀ ကျော်ရှိကြောင်း သိရှိရပါသည်။ ( ဖြူ )