နေပြည်တော်၊ ဇူလိုင် ၉
နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့အကျိုးကို ဖန်တီးပေးနိုင်သည့် အစိုးရတစ်ရပ်ဖြစ်အောင် လုပ်မည်ဆိုသော ယုံကြည်ချက်မျိုးကို ပေးနိုင်ရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"ပြည်သူလူထုပါဝင်မှုရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ပြည်သူပါဝင်မှ ရွေးကောက်ပွဲက အောင်မြင်မယ်။ ကောင်းမွန်တဲ့ ရလဒ်တွေရရှိမယ်။ ပြည်သူလူထု ပါဝင်ဖို့ဆိုတာကတော့ ကျွန်တော်တို့ တည် ဆောက်ရမှာက ယုံကြည်ချက်ပဲ။ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာမယ်။ ဒီအစိုးရက တကယ်ပြည်သူကို ကိုယ်စားပြုပြီးတော့ ပြည်သူ့အကျိုးကို ဖန်တီးပေးနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုးကို ပေးနိုင်ဖို့လိုတယ်။ အဲဒီလိုပေးနိုင်မှ ပြည်သူလူထုက ပူးပေါင်းပါ ဝင်ချင်စိတ်ရှိမယ်။ ပူးပေါင်းပါဝင်လာမယ့် အနေအထားရှိမယ်။ ဒါကြောင့် အခုအချိန်ကတည်းက ယုံကြည်မှုရအောင် တည်ဆောက်ရမယ်။ ပြောရဆိုရမယ်။ ခိုင်မာတဲ့ကတိတွေ ပေးရမှာပေါ့ဗျာ။ ကျွန် တော်တို့ ဥက္ကဋ္ဌဆိုရင်လည်း ပြောနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကြိုတင်သဘောတူညီချက် ကတိကဝတ်တွေ ရှိသင့်တယ်ဆိုတာ ပြောတယ်။ အဲဒါတွေကို လက်တွေ့မှာ ဖန်တီးပေးပြီးတော့ ပြည်သူကို အသိပေးဖို့လိုအပ်တယ်"ဟု ၎င်းကပြောသည်။
လက်ရှိအခြေအနေအရ ပြည်သူ့ပါတီအနေဖြင့် အခက်အခဲများကြားမှ ပါတီရုံးခန်းများ ဖွင့်လှစ်လျက်ရှိပြီး ရွေးကောက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဦးလှဌေးက ပြောသည်။
"ကျွန်တော်တို့ ပါတီအင်အား ပြည့်လုနီးနီးရှိပြီဗျ။ နောက်လဆို အပြီးသတ်ပါမယ်။ သြဂုတ်လ လယ်ဆိုရင် အပြီးသတ်ဖြစ်ပါပြီ။ အဆင်သင့်ဖြစ်နေပါပြီ။ ပါတီကြီးတွေက အခက်အခဲတွေက ရှိပါတယ်။ ရုံးနေရာရရှိရေး ငှားရမ်းရတဲ့ အခက်အခဲတွေရှိတယ်။ သုံးရတဲ့ငွေကြေးအခက်အခဲတွေ အများကြီးရှိပါတယ်။ ငွေကို လှိုင်လှိုင်သုံးနိုင်ရင်တော့လည်း အမြန်ဆုံး သွက်သွက်လက်လက် အကောင်အထည် ဖော်နိုင် တာပေါ့ဗျာ။ ငွေရေးကြေးရေး အခက်အခဲရှိတော့လည်း ပါတီဝင်တွေရဲ့ အိမ်တွေမှာပဲ ရုံးခန်းဖွင့်ရတာတွေ လုပ်ရတာများတယ်။ ကျွန်တော်တို့ မှန်းထားတဲ့ ရည်မှန်းချက်ကာလနဲ့ ဖွင့်ရမယ့် ရုံးခန်းအနေအ ထားကတော့ ဖွင့်နိုင်ပါတယ်"ဟု ၎င်းကပြောသည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားကြောင်း နစက အစိုးရက ပြောကြားထားသည်။ ကွန်းဈာန်