နေပြည်တော်၊ ဇူလိုင် ၆
နိုင်ငံရေးအကျပ်အတည်းကို တစ်ခါတည်းဖြေရှင်းရန် လိုအပ်ချက်များရှိဦးမည် ဖြစ်သော်လည်း ခေါင်းပါးပျောက်ကွယ်နေသည့် ကာလတစ်ခုအောက်တွင် ငြိမ်းချမ်းရေးစကားဝိုင်းနှင့် ဖိုရမ်ပြန်လည်ပြု လုပ်လာခြင်းက တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းကို တစ်ဆင့်တက်လှမ်းရန် လမ်းစဖြစ်ကြောင်း KNU / KNLA – Pc မှ ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောသည်။
"ကျွန်တော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို တစ်ခါတည်း ဖြေရှင်းနိုင်လောက်တဲ့ အခင်းအကျင်းဖြစ်ဖို့တော့ အများကြီးလိုအပ်မှုရှိဦးမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာကတော့ အရင်ကနဲ့ မတူဘူးလေ။ အရင်တုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်က သူ့ရဲ့ Background အနေနဲ့က NCA သဘော တူစာချုပ်လည်းရှိတယ်။ NCA စာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး မပါဝင်နိုင်သေးပေမယ့် လက်မှတ်မရေး ထိုးနိုင်သေးပေမယ့်လည်း ကျွန်တော်တို့က NCA စာချုပ်အရသွားနေတဲ့ ငြိမ်းချမ်းရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းတွေက ချိတ်ဆက်မှုတွေရှိတယ်။ နောက်ပြီးတော့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲဆိုရင်လည်းပဲ NCA စာချုပ်အရ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုတာက လည်း တိတိကျကျ သတ်သတ်မှတ်မှတ် ရှိခဲ့တယ်လေ။ အခုကတော့ Peace Talk လည်း လုပ်ခဲ့တယ်။ Peace Forum လည်း တစ်ခါလုပ်ခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခင်းအကျင်းအရ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးပဋိပက္ခတွေ စစ်ရေးဘောင်က အရမ်းကို ကြီးမားကျယ်ပြန့်တဲ့ အခင်းအကျင်းအောက်မှာ နှစ်ဖက်ကြိုတင် ညှိနှိုင်းထားတဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်လည်း မရှိဘူး။ အပစ်အခတ်ရပ်စဲနိုင်တဲ့ အခြေအနေကိုလည်း မဖန်တီးနိုင်ဘူး။ ဒီအခြေအနေ တစ်ခုအောက်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေ၊ ငြိမ်းချမ်းရေး စကားဝိုင်းတွေ၊ ငြိမ်းချမ်းရေးဖိုရမ်တွေကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းတွေကို တစ်ခါတည်း ဖြေရှင်းနိုင်လောက်တဲ့ အခင်းအကျင်းဖြစ်ဖို့တော့ အများကြီးလို အပ်မှုရှိဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးနိုင်ငံရေးဆွေးနွေးမှုတွေ တော်တော်လေး ခေါင်းပါးပျောက် ကွယ်နေတဲ့ ကာလတစ်ခုအောက်မှာ ဒီလိုမျိုး Peace Forum တို့၊ Peace Talk တို့ ပြန်လည်လုပ်ဆောင်ခြင်းအားဖြင့် သက်ဆိုင်သူများအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းကို တက်လှမ်းဖို့ လမ်းစတစ်ခု၊ လှေကားထစ် တစ်ခုလေးများ ဖြစ်နိုင်မလား"ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးခေါင်းစဉ်အောက်တွင် နိုင်ငံအတွက် အမှန်တကယ်လိုအပ်သည့် ပစ်ခတ်တိုက်ခိုက်မှု လျှော့ချ၊ ချုပ်ငြိမ်းနိုင်အောင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် အထူးအရေးတကြီး လိုအပ်ကြောင်း KNU/KNLA – Pc မှ ဗိုလ်မှူးကြီး စောကျော် ညွန့်ကပြောသည်။
"ငြိမ်းချမ်းရေးဆွေးနွေးပွဲပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖိုရမ်ပဲဖြစ်ဖြစ် နောက်ထပ် ဖိုရမ်လို့ပဲ ခေါ်ခေါ် နောက်ထပ်တစ်ကြိမ်ကျရင် ငြိမ်းချမ်းရေးဖိုရမ်လို့ ခေါ်မလားတော့ မသိဘူး။ အရင်တုန်းကတော့ စခဲ့တာ Peace Talk ပေါ့နော်။ ဒုတိယတစ်ကြိမ်မှာ Peace Forum ဆိုတာ ဖြစ်လာတယ်။ ပြောရရင် ပထမအကြိမ် ထက်စာရင်တော့ ပါဝင်မှုအရရော၊ အခင်းအကျင်းအရရော တိုးတက်မှုတွေ ရှိတယ်ဆိုတာကို လက်ခံပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ်လာရင်တော့ Peace Forum လား၊ Peace Talk လား ပြောဖို့ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Peace ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ Talk အနေနဲ့သွားသွား၊ Fourm အနေနဲ့သွားသွား ငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လျှော့ချနိုင်အောင်၊ ချုပ်ငြိမ်းနိုင် အောင် နှစ်ဖက်လုံးက ညှိနှိုင်းဆောင်ရွက်ဖို့ကတော့ အထူးအရေးတကြီး လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလိုမျိုးပဲ ကျွန်တော်တို့က ပစ်ခတ်တိုက် ခိုက်မှုတွေကြားမှာ လက်နက်ကိုင်ပဋိပက္ခ ကြားမှာ ငြိမ်းချမ်းရေး ဖိုရမ်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးစကားဝိုင်းပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ပွဲတွေကတော့ ရှေ့ဆက်လည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိဦးမယ်လို့ ထင်ပါတယ်"ဟု ၎င်းကပြောသည်။
ဒီမိုကရေစီ လိုလားချက်များကို လက်နက်ကိုင်လမ်းစဉ်နှင့် တောင်းဆိုနေကြသည်မှာ မှားယွင်းသည့် လမ်းစဉ်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက် ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော် ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကွန်းဈာန်