နေပြည်တော်၊ သြဂုတ် ၂၇
လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ ပါတီတစ်ခုခုနှင့် အပေးအယူလုပ်၍ မရကြောင်းနှင့် မိမိပါတီကို မဲပေးနိုင်သည့် နေရာမှန်သမျှ ဝင်ရောက် ယှဉ်ပြိုင်မှသာ အနိုင်ရရှိမည်ဖြစ်ကြောင်း ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။
" PRပါတဲ့အတွက် နေရာတိုင်းမှာ ဝင်ပြိုင်မှ ရမယ်ဆိုရင်တော့ ရှမ်းပြည်နယ် (တောင်ပိုင်း)ဆိုရင် ၁၃ မြို့နယ်ရှိတယ်လေ။ ရှမ်းတောင်က မဲဆန္ဒနယ် ၁၃ ယောက်ဆိုရင် ၁၃ ယောက်လုံးကို နာမည်စာရင်း ပေးရမယ်။ နေရာအစုံအတွက် အနည်းဆုံးတော့ ၃၅ ယောက်လောက် အမည်စာရင်း တင်ပြရမယ်ထင်တယ်။ အဲဒီ ၃၀ ကျော်က ရွေးကောက်ပွဲဝင်ရမှာ။ ကျွန်တော်တို့ ရနိုင်တာတော့ အဲဒီလောက်တော့ မရှိဘူးပေါ့။ အနိုင်ရဖို့ မသေချာတဲ့နေရာတွေလည်း ထည့်ရတယ်။ ဥပဒေက ပြဋ္ဌာန်းထားတာ ရှိတယ်။ ဥပမာဆိုပါစို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာ နှစ်နေရာဆိုရင် နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ကိုယ်စားလှယ်လောင်း နှစ်ယောက်တော့ ထည့်ရမယ်။ မပြောင်းလဲတာက ပြည်သူ့လွှတ်တော်ပဲလေ။ ကျန်တာက အပြောင်းအလဲ ရှိတယ်ဆိုတော့ အကုန်လုံး ထည့်ရမှာ။ အဓိက ကော်မရှင်က သတ်မှတ်တဲ့ ခရိုင်၊ သတ်မှတ်တဲ့ဧရိယာမှာ ကျွန်တော်တို့အတွက် အကျုံးဝင်တဲ့ နေရာကိုတော့ ဝင်ပြိုင်မယ်။ ပြိုင်ဆိုင်မှု ကတော့ လောလောဆယ် မသိနိုင်သေးဘူး။ ဘယ်ပါတီက ဘယ်နေရာမှာဝင်မလဲ မသိသေးဘူး။ ဥပဒေအရဆိုရင် အရင်လို နိုင်ငံရေးအရ ပါတီတစ်ခုနဲ့ အပေးအယူလည်း လုပ်လို့မရတော့ဘူး။ ပြည်သူ့ လွှတ်တော်က ပေးလို့ရတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်မှာက အပေးအယူ လုပ်လို့မရဘူး။ အကုန်လုံး ဝင်ပြိုင်မှရမယ်။ ဘယ်နေရာမှ ချန်ထားလို့ မရဘူး။ ကိုယ့်ကိုမဲပေးနိုင်တဲ့ လူထုကို စည်းရုံးလို့ရတဲ့ နေရာမှန်သမျှ အကုန်လုံး ဝင်ပြိုင်မှရမယ်။ တစ်မြို့နယ် ဝင်မပြိုင်ရင် ဥပမာမဲတစ်သောင်းက ကျွန်တော်တို့ ကိုယ်စားလှယ်အတွက် လျော့နည်းသွားနိုင်တယ်။ မဲတွေက နေရာတိုင်းမှာ တန်ဖိုးရှိတယ်။ မင်းက ဟိုမြို့နယ်မှာပြိုင်၊ ငါက ဒီမြို့နယ်မှာ ပြိုင်မယ် အဲဒီလိုသွားလုပ်ရင် မဲကွဲသွားနိုင်တယ်။ မရနိုင်ဘူး"ဟု ၎င်းင်းကပြောသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီအနေဖြင့် ယခု သြဂုတ်လအကုန်တွင် ကိုယ်စားလှယ်လောင်းများ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။
"ဒီလကုန်လောက်ကို ကိုယ်စား လှယ်လောင်းတွေ သတ်မှတ်နိုင်မှာပါ။ ၈ ရက်နေ့ မတိုင်ခင်တော့ အပြီးလုပ်ရမှာ။ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ရတာ အချိန်က နည်းနည်းကပ်တယ်ဗျာ။ ရွေးကောက်ပွဲကော်မရှင်က ဒီလောက်မြန်မယ် မထင်ဘူး။ ကိုယ်စားလှယ်လောင်းကတော့ အမှန်က ကျွန်တော်တို့ နဂိုသွားတဲ့ Plan က မြို့နယ်ကနေ အားလုံးကိုယ်စားလှယ်လောင်း တွေရပြီဆိုရင် EC နဲ့ပြန်ညှိပေါ့။ ပြီးရင် ဗဟိုကော်မတီကို ပြန်တင်ပြ။ ပြီးရင် ညီလာခံပေါ့။ ညီလာခံပြီးမှ အတည်ပြုသွားမယ်ဆိုပြီး လုပ်ဆောင် ထားတာ။ ဒီပုံစံအတိုင်းဆိုညီလာခံ မတိုင်ခင်ဘဲ ကိုယ်စားလှယ်လောင်းတွေက EC ကနေ တာဝန်ခံပြီး တော့မှ ကော်မရှင်ကို တင်ပို့ရမယ့် အနေအထားရှိတယ်။ ဒီလကုန်လောက်ကို ကိုယ်စားလှယ်လောင်းတွေ သတ်မှတ်နိုင်မှာပါ။ ၈ ရက်နေ့ မတိုင်ခင်တော့ အပြီးလုပ်ရမှာ။ လောလောဆယ် မြို့နယ်တွေက ကိုယ်စားလှယ်လောင်းကို သူတို့ဖြစ်စေချင်တဲ့လူအားလုံးကို တင်သွင်းပေးဖို့ ပြောထားတယ်"ဟု ၎င်းက ပြောသည်။
လူထုစည်းရုံးရေးအတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် စည်းရုံးရေးကာလအဖြစ် ရက်ပေါင်း ၉၀ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကွန်းဈာန်