ရန်ကုန်၊ သြဂုတ် ၂၇
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း၌ ပြည်ပနိုင်ငံများကို လုပ်သားစေလွှတ်ထားသည့် အေဂျင်စီ ၃၅၀ ကျော်ကို အလှည့်ကျ စစ်ဆေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့သည့် အေဂျင်စီများအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြ ရန်စိစစ်မှုကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၅ ရက် မှစတင်၍ နေပြည်တော်ရုံးချုပ်တွင် စိစစ်သွားမည် ဖြစ်သည်။
"အလှည့်ကျ စစ်ဆေးသွားမယ်ဆိုတာ ဟုတ်ပါတယ်။ အေဂျင်စီ တော်တော်များများကတော့ လုပ်သားတွေဘက်က မပို့ပေးရင် မိမိဘာသာ ငွေစိုက်ပြီး အလွှဲပြပေးရပါတယ်။ အေဂျင်စီတွေအနေနဲ့ မိသားစု လွှဲပို့ငွေမပြည့်မီရင် မိမိငွေနဲ့စိုက်ပြီး အလွှဲပြကြရပါတယ်။ ပြင်ပပေါက်ဈေးထက်နည်း တော့ အရှုံးခံရပါတယ်။ အခွန်ဆောင်ဖို့လည်း ရှိနေတယ်ဆိုရင်တော့ မိသားစုလွှဲပို့ငွေပြည့် မီအောင်သာ အရင်ကြိုးစားကြစေချင်ပါတယ်။ အခွန်က ၁၂ လပိုင်းအထိဆိုတော့ ချိန်ဆပြီးလုပ်ကြပါ"ဟု MOEAA သတင်းနှင့် ပြန်ကြားရေး၏ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ပြည်ပနိုင်ငံများကို စေလွှတ်ခဲ့သည့် အေဂျင်စီ ၃၅၉ ခု ရှိခဲ့ပြီး ၎င်းအေဂျင်စီများအနေဖြင့် နေပြည်တော်၌ အလှည့်ကျ စစ်ဆေးခံရယူသွားရမည် ဖြစ်သည်။
အေဂျင်စီများအနေဖြင့် သတ်မှတ်ထားသည့်နေ့ရက်များအတိုင်း မပျက်မကွက် လာရောက်တင်ပြကြရန်နှင့် မနက်ပိုင်းစစ်ဆေးခံရမည့် အေဂျင်စီများအနေဖြင့် မနက်ပိုင်းတွင်သာ လာရောက်တင်ပြရန်နှင့် နေ့လယ်ပိုင်းစစ်ဆေးခံရမည့် အေဂျင်စီများအနေဖြင့် မွန်းလွဲပိုင်းတွင်သာ လာရောက်တင်ပြကြရန် လိုအပ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ပြောကြားထား သည်။
အေဂျင်စီများအနေဖြင့် မိမိတင် ပြရမည့်နေ့ရက်များတွင် မပျက်မကွက်လာ ရောက်တင်ပြကြရ မည်ဖြစ်ပြီး အကယ်၍ လာရောက်တင်ပြရန် ပျက်ကွက်သည့် အေဂျင်စီများရှိပါက ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ Demand Letter အသစ်တင်ပြခွင့် ဆိုင်းငံ့ခြင်းများဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနဘက်မှ ဆက်လက်အသိပေးပြောကြားသည်။ Phyu