ပြည်ပနိုင်ငံသားများ ပြန်လည်လွှဲပြောင်းနိုင်ရေး သုံးနိုင်ငံ ကိုယ်စားလှယ်များ ဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၉
    ပြည်ပနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး မြန်မာ-တရုတ်-ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
    မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေး ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Wen Feng နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ Pol. Col. Chinakorn Atsawaphum နှင့် တာဝန်ရှိသူများ မြဝတီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
    သုံးနိုင်ငံ ပူးပေါင်းအဖွဲ့သည် မြ၀တီမြို့-ရွှေကုက္ကို၊ မဲထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူနေမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံမှ ကိုယ်စားလှယ်များသည် မြ၀တီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသား များကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကာ မြဝတီဒေသရှိ အွန် လိုင်းလိမ်လည်မှု (Telecom Fraud) များ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၉၈ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့ အနက်မှ ၈၉၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၁ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ရှိနေပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46550

© 2022 - 2025 News. All Rights Reserved.