နေပြည်တော်၊ ဇွန် ၂၇
နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဘီလာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် ညနေပိုင်းတွင် ဘီလာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသား အရာရှိများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဘီလာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ ဘီလာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသား အရာရှိများ တက်ရောက်ခဲ့ကြသည်။
ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ်စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးချင်းစီ သင်ကြားရသည့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်းသွားရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများ ကိုလည်း စဉ်ဆက်မပြတ် လေ့လာအားထုတ်သွားကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြသူများ ဖြစ်ကြကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိကိုယ်ကိုယ်တန်ဖိုးထားပြီး မိမိတို့ဘ၀တိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကိုယ် ထိန်း ထိန်းသိမ်းသိမ်းနေထိုင်ကာ ကြိုးစားအားထုတ် နေထိုင်သွားလာခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘီလာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား မှာကြားခဲ့သည်။
ထို့အပြင် မိမိတို့အနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အား တာဝန်ယူဆောင် ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရ အကောင်းဆုံး ဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီ ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းပြင် ဒီမိုကရေစီကို တန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင်ပါဝင်လာကြမည်ဖြစ်ပြီး မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံရေးဖြစ်စဉ် ဖြစ်ရပ်များကို မှန်မှန်ကန်ကန် သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပြီး နိုင်ငံတော်၏နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ နဒီ