ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ပဲခူးတိုင်းရှိ မြို့နယ်ပေါင်း ၂၀ ကျော်တွင် ကိုယ်စားလှယ်လောင်း ၇၀ ကျော်ဖြင့်  ရွေးကောက်ပွဲဝင်မည်

ရန်ကုန်၊ သြဂုတ် ၂၇
    ပဲခူးတိုင်းဒေသကြီး အခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက မြို့နယ်ပေါင်း၂၀ ကျော်တွင် ဘွဲ့ရပညာတတ် ကိုယ်စားလှယ်လောင်း ၇၀ ကျော်ဖြင့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီမှသိရသည်။
    "ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဖွဲ့က မြို့နယ်ပေါင်း ၂၀ ကျော် လောက်အတွက်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်လျာထားနေပါတယ်။ မြို့နယ် ၂၀ ကျော်မှာ ကိုယ်စား လှယ်လောင်း ၇၀ ကျော် ဝင်ပြိုင်ဖို့ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းတွေကိုတော့ ပညာတတ်ဘွဲ့ရတွေကို ဦးစားပေး ရွေးချယ်ထားပါတယ်"ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပရန် မြို့နယ် ၂၈ မြို့နယ်အတွက်   ပြည်သူ့လွှတ်တော်(FPTP) မဲဆန္ဒနယ် ၂၈ ခု၊ အမျိုးသားလွှတ်တော်လွှတ်တော်(FPTP) မဲဆန္ဒနယ်ခြောက်ခုနှင့် PR မဲဆန္ဒနယ် ခြောက်ခု၊ တိုင်းဒေသကြီး လွှတ်တော် (FPTP) မဲဆန္ဒနယ် ၂၈ ခုနှင့် PR မဲဆန္ဒနယ် ၂၈ ခုနှင့် ရခိုင်ပြည်နယ်လွှတ်တော် ချင်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တစ်ခုဟူ၍ မဲဆန္ဒနယ် စုစုပေါင်း ၉၆ နေရာရှိကြောင်း သိရသည်။
    "ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းတွေအတွက် ရွေးချယ်ပြီးပါပြီ။ ကျွန်တော်ကတော့ ကြို့ပင်ကောက်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်‌အရွေးခံမယ်။ အန်တီဒေါ်ချိုချိုကျော်ငြိမ်းကတော့ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်‌အရွေးခံမယ်။ ပါတီအတွင်းရေးမှူး ဒေါ်စောဥမ္မာကတော့ နတ္တလင်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်‌အရွေးခံမယ်။ အမျိုးသားလွှတ်တော်အတွက်လည်း အရှေ့ပိုင်း ခြောက်ဦး၊ အနောက်ပိုင်း ခြောက်ဦး ရွေးချယ်လျာထား ပြီးပြီ။ ၁၂ နေရာပြိုင်မယ်။ တိုင်းဒေသကြီး လွှတ်တော်အတွက် ၁၅ နေရာ ရှိမယ်။ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်လည်းရှိထားပြီဆိုတော့ အားလုံး နေရာ ၇၀ ကျော်ဝင်ပြိုင်ဖို့လျာ ထားပါတယ်"ဟု ဦးရန်နိုင်ဝင်းက ပြောသည်။
    ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ပါတီရုံးချုပ်ဖွင့် လှစ်ထားရှိထားပြီး လက်ရှိတွင် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ပဲခူး၊ ဝေါ၊ ကဝ၊ သနပ်ပင်၊ ဒိုက်ဦးနှင့် ပဲခူးတိုင်း အနောက်ခြမ်းတွင် ကြို့ပင်ကောက်၊ သာယာဝတီ၊ ပြည် စသည့် မြို့နယ်ရှစ်ခုတို့တွင် ပါတီရုံးများ ဖွင့်လှစ်ထားပြီး ထပ်မံ၍လည်း မြို့နယ်ရုံးများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။  ညီသစ်

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50048

© 2022 - 2025 News. All Rights Reserved.