ရန်ကုန်၊ ဇူလိုင် ၇
မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံနှင့် ပင်လောင်းလမ်းကြောင်းအား အပြီးတိုင် ရှင်းလင်းပြီးပါက မြေမြှုပ်မိုင်းအန္တရာယ်ကင်းရှင်းရေး ဦးစားပေး ရှင်းလင်းဖော်ထုတ်ပေးပြီး နယ်မြေလုံခြုံရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်ချက်အရ KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၌ စစ်ရေးပစ်မှတ် မဟုတ်သည့် လွိုင်ကော် တက္ကသိုလ်အား လက်နက်ကြီးများ အကူအညီဖြင့် တပ်မတော်စစ်ကြောင်းများ၏ အလစ်အငိုက်ရယူ ၍ ဝင်ရောက်ပစ်ခတ်ခြင်း၊ ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများပြုလုပ် ဆောင်ရွက်ခဲ့ပြီး တစ်ဆင့်ပြီးတစ်ဆင့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲအား စတင်ဆောင်ရွက်ခဲ့သည်။
လွိုင်ကော်မြို့ အကြမ်းဖက်သောင်း ကျန်းသူများလက်အောက် မကျရောက်စေရေး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပါ ပူးပေါင်းပါဝင်၍ တိုက်ပွဲဝင်စဉ် အုပ်ချုပ်မှုဆိုင်ရာများ ဖြည့်ဆည်းပေးရသည့် ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော် လမ်းကြောင်းနှင့် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းကြောင်းကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။ တပ်မတော်စစ် ကြောင်းများက ဆီဆိုင်မြို့၌ ပိတ်ဆို့ထားသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အား ၂၀၂၄ ခုနှစ် ဇန် နဝါရီ ၁ ရက်မှစ၍ ရှင်းလင်းခဲ့ရာ မေ ၁၅ ရက်တွင် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဆက်လက်၍ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော်လမ်းကြောင်းအား ၂၀၂၄ ခုနှစ် မေ ၂ ရက်မှစ၍ ရှင်းလင်းခဲ့ရာ မေလ ၂၉ ရက်တွင် လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် တပ်မ တော်စစ်ကြောင်းများက လွိုင်ကော်မြို့ တစ်မြို့လုံးအား ထိန်းချုပ်နိုင်ခဲ့သည်။
ဆက်လက်၍ မိုးဗြဲမြို့၏ နောက်ဆုံး အခြေအနေအား နည်းလမ်းမျိုးစုံဖြင့် သတင်းဖော်ထုတ်ခဲ့ရာ KNPP ၊ KNDF အဖွဲ့ များနှင့် PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် Free Burma Ranger အဖွဲ့ ဝင်အချို့ ကိုယ်တိုင်ပါဝင်ပြီး လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ဆေးကုသ ရေးအဖွဲ့များပါ ပူးပေါင်း၍ မိုးဗြဲမြို့နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ကျေးရွာသူ၊ ကျေးရွာသားများအသွင်ဖြင့် စိမ့်ဝင်ပုံဖျက်ဝင်ရောက်ပြီးနောက် ဒေသအချို့ရှိ အင်အားနည်း တပ်မတော်တပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အချက်အချာ လမ်းဆုံတစ်ခုဖြစ်သည့် မိုးဗြဲမြို့တစ်မြို့လုံးအား ထိန်းချုပ်ခြင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ကာ ဒေသခံတိုင်းရင်းသားများအား အဓမ္မနှင်ထုတ်ခြင်း၊ အခိုင်အမာခံစစ် ပြုလုပ်တပ်စွဲခြင်းနှင့် နိုင်ငံတော်အစိုးရ အုပ်ချုပ်မှုယန္တရား တစ်စိတ်တစ်ပိုင်း ပျက်ပြားစေခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မိုးဗြဲဒေသ တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter Terrorism Operation) ကို ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းမှစ၍ အဆင့်ဆင့် ခြေကုပ်ယူ၍ ချေမှုန်းဆောင်ရွက်ခဲ့ရာ မိုးဗြဲမြို့အား ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အဓိကအုပ်ချုပ်ထောက်ပံ့မှုပြုသည့် ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနှင့် မိုးဗြဲမြို့၏ အရှေ့ဘက်ခြမ်းတို့အား ထိန်းချုပ်လျက် အဓိကစစ် ကြောင်းများက မြို့၏မြောက်ဘက်ခြမ်းသစ် ရာကုန်းရပ်ကွက်နှင့် စည်ကား(၂)ရပ်ကွက် တို့မှစ၍ လက်နက်ကြီးပစ်ကူနှင့် လေကြောင်း ပစ်ကူအချို့ရယူ၍ စနစ်တကျ အဆင့်ဆင့် ခြေကုပ်ယူခဲ့ပြီး ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဇူလိုင် ၆ ရက်တွင် အကြမ်းဖက် KNPP ၊ KNDF နှင့် ၎င်းတို့၏ မဟာမိတ်အကြမ်းဖက်အဖွဲ့ တပ်ပေါင်းစုများ အပါအဝင် အဆိုပါတိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သည့် Free Burma Ranger အဖွဲ့များကို မြန်မာ့တပ်မတော်မှ အပြီးတိုင်ချေမှုန်း၍ မိုးဗြဲမြို့တစ်မြို့လုံးအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ စစ်ဆင်ရေးတစ်ခုလုံးတွင် တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်စစ် ကြောင်းများက မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့တို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ ရှင်းလင်းရန် ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာ အကွာအဝေးအား အပြီးတိုင် ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်