မဲဆန္ဒနယ်မြေတစ်ခုတွင် မည်သည့်လက်နက်ကိုင်အဖွဲ့  ရှိသည်ဖြစ်စေ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးနိုင်

နေပြည်တော်၊ ဇွန် ၁၀
    မဲဆန္ဒနယ်မြေတစ်ခုကို မည်သည့် လက်နက်ကိုင်အဖွဲ့က စိုးမိုးထားသည်ဖြစ်စေ ရွေးကောက်ပွဲအတွက် ကိုယ်စားပြု ရွေးကောက်ခံပိုင်ခွင့်ရှိသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
    "ပထမတစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးထားချက်ဆိုတာ ရှိတယ်။ ဒုတိယတစ်ချက်က လွှတ်တော် ရွေးကောက်ပွဲ ဥပဒေရှိတယ်။ လက်ရှိနိုင်ငံရေး၊ စစ်ရေးအခြေအနေကိုလေ။ အဲဒီနှစ်ခုနဲ့ ချိန်ဆရမှာ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားရဲ့မူလအခွင့်အရေး မဆုံးရှုံးရအောင်၊ ဒီမိုကရေစီအခွင့်အရေး မဆုံးရှုံးရအောင် အခြေခံဥပဒေအရ နိုင်ငံသားတိုင်းကို အခွင့်အရေးပေးတယ်။ အဲဒီအတိုင်း မဲပေးခွင့်ရအောင် ရွေးကောက်ပွဲဥပဒေမှာ ထည့်သွင်းပေးရတယ်။ မဲပေးခွင့် မဆုံးရှုံးဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားတဲ့ ဧရိယာဆိုတာ ဧရိယာကတော့ ရှိတာပေါ့။ ဒါပေမဲ့ အခြေခံဥပဒေအရ အစိုးရရဲ့ အချုပ်အခြာအာဏာရှိတယ်။ နိုင်ငံနယ်နိမိတ် အတွင်းမှာရှိတဲ့ သူပုန်ပဲ အုပ်ချုပ်ချုပ်၊ လက်နက်ကိုင်အဖွဲ့အစည်းပဲ အုပ်ချုပ်ချုပ်မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ရွေးကောက်ပွဲ ဥပဒေက လုပ်ပေးရတော့မှာ။ အဲဒါက နိုင်ငံရေးအားဖြင့် အခွင့်အရေးဗျ။ အဲဒီအခွင့်အရေးကို နိုင်ငံရေးအရ သုံးရင် ဘယ်လိုပဲ လက်နက်ကိုင်အဖွဲ့အစည်းက နယ်မြေနဲ့ မြို့နယ်ကို ရနေသော်လည်း အဲဒီမြို့နယ်ကို ကိုယ်စားပြုတဲ့ ရွေးကောက်ခံပိုင်ခွင့်ဆိုတာ အခြေခံဥပဒေရဲ့ ပေးထားချက် ဖြစ်တယ်။ အဲဒီဘက်က လူတွေက တည်ငြိမ်အေးချမ်းတဲ့ ဧရိယာမှာရှိရင် သူ့မြို့နယ်၊ သူ့ဧရိယာကို မဲပေးပိုင်ခွင့်ရှိ တယ်။ ဒီဘက်ကို ရောက်တဲ့လူတွေကလည်း အဲဒီဧရိယာကို ကိုယ်စားပြုပြီး ရွေးချယ်ခံမယ်။ အဲဒီအခွင့်အရေးနှစ်ခုကို အသုံးပြုမယ်ဆိုရင် အခြေခံဥပဒေအရ မြို့နယ်တစ်ခု ဆုံးရှုံးသွားတယ် ဆိုတာက နိုင်ငံ ရေးအားဖြင့်တော့ မဆုံးရှုံးဘူး။ အဲဒီနိုင်ငံရေး ရပိုင်ခွင့်ကို အစိုးရက ရွေးကောက်ပွဲ ဥပဒေနဲ့အတူ လာမယ့်ကာလမှာ အသုံးပြုနိုင်ရ မယ်"ဟု ၎င်းကပြောသည်။ 
    ထို့အပြင် မငြိမ်းချမ်းသည့် နယ်မြေဒေသမှ အခြားသောနေရာတစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ကြသည့် တိုက်ပွဲရှောင်များအနေဖြင့်လည်း ၎င်းတို့ မဲဆန္ဒနယ်မြေအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောသည်။ 
    "ရွေးကောက်ပွဲဥပဒေထွက်လာမှ ကြည့်ရမယ်။ ရွေးကောက်ပွဲ ဥပဒေက ချန်လှပ်မှာလား။ မချန်လှပ်ဘဲ မဲဆန္ဒနယ်အကြီးကြီး သတ်မှတ်မှာလား။ ရွေးကောက်ပွဲ စနစ်က ဘာနဲ့လုပ်မှာလဲ။ အဲဒီ သုံးခုနဲ့ဆိုင်တယ်။ ဦးစားပေး တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ရှိနိုင်တာပေါ့။ ဧရိယာလိုက် ငါးကြိမ် သို့မဟုတ် ခြောက်ကြိမ်ပေါ့ဗျာ။ သတ်မှတ်တဲ့ကာလ ၂၀၂၆ ဇန်နဝါရီ သတ်မှတ်တဲ့ ရက်အထိ။ ပထမဦးစားပေး ကတော့ တည်ငြိမ်တဲ့၊ ရာခိုင်နှုန်းများတဲ့ ရန်ကုန်၊ မန္တလေး ဖြစ်နိုင်တယ်။ ဒုတိယက အဲဒီလို တည်ငြိမ်တဲ့ဧရိယာကို လုပ်တဲ့အခါမှာ မတည်ငြိမ်ဘူးလို့ ယူဆတဲ့ ပြည်နယ်တို့၊ ဘာတို့က နောက်ချန်ခဲ့ မှာပေါ့။ ရွေးကောက်ပွဲ ဥပဒေထွက်မှာပဲ တိတိကျကျ ပြောနိုင်မယ်။ ရခိုင်ဒေသ၊ ချင်း၊ ကယား တချို့ကရင်ဒေသနဲ့ ရှမ်းမြောက် စသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းတွေ ရွေးကောက်ပွဲကာလအထိ ရယူထားတဲ့ နယ်မြေတွေရှိနိုင်တယ်။ အဲဒီနေရာတွေကနေ တိုက်ပွဲရှောင်ပြီး အေးချမ်းတဲ့နေရာမှာ လာရောက်ခိုလှုံတဲ့သူတွေရှိမယ်။ အဲဒီလိုလူတွေ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် မဲပေးပိုင်ခွင့်တွေက ရှိလာနိုင်တယ်။ ရွေးကောက်ပွဲ ဥပဒေအပေါ်မှာပဲ သုံးသပ်နိုင်မယ်။ ရွေးကောက်ပွဲ ဥပဒေ ထွက်တဲ့အခါမှာ ဘာစနစ်နဲ့ ကျင်းပမှာလဲ။ PR ကတော့ အားလုံးသိထားပြီး ဖြစ်တယ်။ မဲဆန္ဒနယ်က ကျယ်ပြန့်တယ်။ နစကအစိုးရ ထိန်းချုပ်တဲ့ ဧရိယာရော။ မထိန်းချုပ်တဲ့ ဧရိယာက လူ ထုအတွက်ရော မဲဆန္ဒနယ်အ ကြီးကြီးဆိုရင်လေ။ တိုက်ပွဲရှောင်တွေအတွက်ကလည်း ကိုယ့်ဒေသကို ကိုယ်စားပြုပြီးမှ ဒီဘက်က မဲပေးနိုင်မယ်။ အဲဒီလို လုပ်မှာလား။ ရခိုင် ဒေသတို့၊ ကယားတို့ ဘယ်လိုပြင်ဆင်ထား တာလဲ။ ဒါပေမဲ့ ကျွန်တော်တို့ထင်ထားတာ တိုင်းရင်းသားဒေသတွေ နောက်ချန်ထားခဲ့ မယ်ထင်တယ်။ တစ်ပြိုင်တည်း ကျင်းပနိုင်မှာလား၊ အကြိမ်ကြိမ်လား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အလီလီ ကျင်းပတာကလည်း တစ်ကြိမ်ကျင်းပသလိုပဲ အကုန်အကျုံးဝင်တဲ့ သဘောဖြစ်တယ်။ အဲဒီတော့ အထမြောက်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်နိုင်တယ်"ဟု ၎င်းကပြောသည်။ 
    ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍ ရခိုင် ပြည်လွတ်မြောက် ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက "AA ရှိတဲ့နေရာ ရွေးကောက်ပွဲလုပ်ဖို့ မလွယ်နိုင်ဘူး။ လူသွားလူ လာလုပ်ဖို့ မလွယ်ဘူး။ အစိုးရနဲ့ AA နဲ့ဘယ်လို စကားပြောကြမှာလဲတော့ မသိဘူး။ AA ရှိတဲ့နေရာကို တခြားသူတွေ သွားလာလို့ ကောင်းတဲ့နေရာလို့ မမြင်ဘူး။ ရခိုင်မှာ ကျောက်ဖြူရယ်၊ စစ်တွေရယ်၊ မာန်အောင်ရယ်။ သုံးမြို့နယ်ပဲရှိတယ်"ဟု ပြောသည်။
    ပြောင်းလဲ ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲဆန္ဒနယ်များကို သတ်မှတ်ပေးမည် ဖြစ်ပြီး နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း မဲဆန္ဒနယ်အလိုက် သတ်မှတ်ထားသည့်  မဲရုံများတွင် မဲပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။  ကွန်းဈာန်

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.