ရန်ကုန်၊ ဇွန် ၃၀
မြန်မာနှင့် ဘီလာရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။ နစကဥက္ကဋ္ဌသည် ဇွန် ၂၇ ရက် မွန်းလွဲပိုင်းတွင် ဘီလာရုစ်သမ္မတ နိုင်ငံသမ္မတ H.E. Mr. Alexander Gregory-evich Lukashenko နှင့် ဘီလာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
ဦးစွာ တွေ့ဆုံဆွေးနွေးရာတွင် ဘီလာရုစ်သမ္မတနိုင်ငံသမ္မတက အဆွေတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယခုအကြိမ် တွေ့ဆုံမှု၌ ယခင်က တွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဘီလာရုစ်သမ္မတက ပြောကြားခဲ့သည်။ မြန်မာနှင့် ဘီလာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan) ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဘီလာရုစ် သမ္မတနိုင်ငံ သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့ တွင်သာမက စီးပွားရေး အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း ၎င်းအနေဖြင့် ဆန္ဒရှိနေပြီး မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားရန် ဘီလာရုစ်နိုင်ငံအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘီလာရုစ်သမ္မတက ပြောကြားခဲ့သည်။
ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးကလည်း မြန်မာနိုင်ငံနှင့်ဘီလာရုစ်နိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 - EEF 2025) အား အိမ်ရှင်အဖြစ်ကျင်းပနေချိန် လုပ်ငန်းတာဝန်များ များပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သလို မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး ဖြစ်ပေါ်ခဲ့စဉ်တွင် ဘီလာရုစ် နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ အမြန်ဆုံး စေလွှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်း ပြောကြားခဲ့သည်။
ထို့အပြင် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် EAEU အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့ကြောင်း၊ မြန်မာနှင့်ဘီလာရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဘီလာ ရုစ်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြန်လည်ဆွေးနွေး ပြောကြား ခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘီလာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံအကြား ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နဒီ