ရန်ကုန်၊ ဇူလိုင် ၁၆
မြန်မာ့ပင်လယ်ပြင်အတွင်း လုပ်ကိုင်နေသော ရေလုပ်သားများ ဥပဒေနှင့်အညီ လုပ်ငန်းခွင် ဝင်ရောက်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း နိုင်ငံရေးပါတီ အချို့နှင့် ပရဟိတ လုပ်ဆောင်နေသူများက အကြံပြုပြော ကြားသည်။
ရေလုပ်ငန်းဆောင်ရွက်မှုမှာ လုပ်သားအင်အား လိုအပ်ချက်မြင့်မားလာပြီးနောက် လုပ်သားခေါ် ယူရာတွင် ကြားပွဲစားများဖြင့် လူကုန်ကူးမှုသဖွယ် ခေါ်ယူခြင်း၊ လုပ်ငန်းရှင်များမှ တာဝန်ယူမှု တာဝန်ခံမှု အားနည်းခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှု အားနည်းချက်များကြောင့် ပင်လယ်ပြင်လုပ်သား များအတွက် ဥပဒေအကာအကွယ်များ ဆောင်ရွက်ပေးသင့်ကြောင်း NDF ပါတီအတွင်းရေးမှူး ဦးကျော်ထက်က ဆိုသည်။
"ခုလတ်တလော နာမည်ကြီးနေတဲ့ ကျားဖောင်ကိစ္စက ဘာနဲ့ဆင်တူသလဲဆိုတော့ အရင်က ထိုင်းငါးဖမ်းစက်လှေတွေမှာ လုပ်သားခေါ်ယူတာမျိုးနဲ့ တူတယ်ဗျာ၊ ထိုင်းမှာဖြစ်တာတွေဆိုရင် ပိုဆိုးတာပေါ့လေ။ နောက်ပြီး လုပ်သားလိုအပ်ချက်ပေါ့။ ဧရာ၀တီတိုင်းမှာက ရေလုပ်သား ရှားပါးလာတာကြောင့် လူပွဲစားတွေနဲ့ ကျန်တဲ့အရပ်ဒေသက လုပ်သားတွေ ရှာခေါ်ကြတယ်။ ဘယ်မှာ အလုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်ကြတယ်။ ရတဲ့အခကြေးငွေကလည်း သိန်း ၂၀ နဲ့ ၂၅ သိန်းကြားဆိုတော့ မြိုးမြိုးမြက်မြက်ရတော့ သွားကြတာပေါ့။ တကယ်တမ်းလုပ်တော့ ပင်လယ်ပြင်မှာ ငါးဖမ်းရတာက ထင်သလောက် မလွယ်ဘူး။ နိုင်ငံတကာမှာလည်း ငါးဖမ်းတဲ့ အလုပ်က ခက်ခဲတာပဲလေ။ ဒါကြောင့် မြန်မာသင်္ဘောသားတွေ တရုတ်ငါး ဖမ်းသင်္ဘောမလုပ်ကြဖို့ သတိပေးတာတွေရှိ တာပေါ့။ ခုဖြစ်တာတွေကို မဖြစ်ဖို့ဆိုရင် ပင်လယ်ပြင်ကို လုပ်သားထွက်ခွာချိန်မှာ ဆိပ်ကမ်းမှာ လဝကကို အသွားအပြန်သတင်းပို့ တဲ့စနစ်တွေ လုပ်ရမယ်။ နောက်ပြီး လုပ်ငန်းခွင် မတရားစေခိုင်းတာတွေမဖြစ်ဖို့ တိုင်တမ်းတဲ့နေရာတွေ တရားဝင် ဖွင့်လှစ်ပေးရင် လျော့နည်းသွားနိုင်ပါတယ်"ဟု ဦးကျော် ထက်က ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ကျားဖောင်လုပ်သားတစ်ဦး နှိပ်စက်ခံရသော ရုပ်သံနှင့်ပတ်သက်၍ ပရဟိတလုပ် ငန်းဆောင်ရွက်နေသူတစ်ဦးကလည်း"ခုဖြစ် စဉ်ကိုကြည့်ပြီး ဒီလိုဖြစ်စဉ်ပေါင်း မြောက်မြားစွာ ကျားဖောင်တွေမှာ ဖြစ်နေမှာပဲလို့ တွေးမိပါတယ်။ ဒါကြောင့် ခုဖြစ်စဉ်မှာကတော့ မတရားခိုင်းစေ နှိပ်စက်ခံရသူကိုလည်း တွေ့နေရပြီ၊ သက်သေရုပ်သံဖိုင်တွေလည်းရှိ နေပြီဆိုတော့ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ထိထိရောက်ရောက် အရေးယူပြမှ ဒီလိုဖြစ်စဉ်တွေ လျော့နည်းသွားမှာ ဖြစ်သလို နောက်လုပ်ငန်းရှင်တွေ၊ အလုပ်သမားခေါင်းတွေ ခုလိုလုပ်ရပ်များထပ် မကျူးလွန်ရဲမှာ" ဟု သုံးသပ်ပြောကြားသည်။
ကျားဖောင်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်သားခေါ်ယူခြင်းကို ပွင့်လင်းမြင်သာ မှုရှိစေရေး၊ လုပ်ငန်းခွင်အတွင်း လုပ်သားများလိုက်နာရမည့် စည်းကမ်းများ၊ လုပ်ငန်းခွင်ဝင်ရောက်မှုနှင့် ထွက်ခွာမှုစာရင်းများ၊ လုပ်သားအာမခံမှု စနစ်များကို နိုင်ငံတော် အစိုးရအနေဖြင့် ကြပ်မတ်ပေးရန် လိုအပ်နေသည်။ ထူးမြတ်