နေပြည်တော်၊ ဇူလိုင် ၂
ရွေးကောက်ခံ အစိုးရတက်လာလျှင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ လျော့ကျ၍ စည်းလုံးညီညွတ်မှု ပိုရသွားမည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြော သည်။
"ရွေးကောက်ပွဲက တကယ်ကို လုပ်သင့်တဲ့အချိန် ရောက်နေပါပြီ။ ရွေးကောက်ပွဲဆိုတာ ပြည်သူကနေ အာဏာအပ်နှင်းတဲ့ပွဲ ဖြစ်တယ်။ အဲဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ မျှော်လင့်ရမှာကတော့ ပြည်သူရွေးကောက်တဲ့ အစိုးရဖြစ်လာအောင် ရွေးကောက်ပွဲကို ပါဝင်ကြဖို့ပေါ့။ ဒါက ပြည်သူလူထုရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲက လုပ်သင့်တဲ့ အချိန်ကိုရောက်နေပြီ။ ငြိမ်းချမ်းရေးကတော့ ရေရှည်ဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးသွားရင် ရွေးကောက်ခံအစိုးရ တက်လာတယ်။ အာဏာကြီးသုံးရပ် ခွဲေ၀ကျင့်သုံးတယ်။ ဒါတွေဖြစ်လာရင် တော်ရုံတန်ရုံ နိုင်ငံရေးအရ သဘောထားကွဲလွဲတဲ့သူတွေက သဘောထားကွဲလွဲတာတွေ လျော့ကျပြီး စည်းလုံးညီညွတ်မှုတွေ ပိုရသွားမယ်။ ပြီးရင် NCA ကို ဆက်သွားပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်သွားမယ်။ အဲဒါကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းပါ။ ပြီးရင် လွှတ်တော်တွေ ပေါ်လာမယ်။ နိုင်ငံရေးဘောင် ကျယ်လာမယ်။ ပြီးရင် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းတာတွေ ပိုရှိလာမယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှုအားနည်းရ ခြင်းဖြစ်သည်ဟု ဒေါက်တာသက်သက်ခိုင်က ပြောသည်။
"မြန်မာနိုင်ငံအနေနဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံကောင်းတွေအများ ကြီးရှိတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေထက် နောက်ကောက်ကျနေရခြင်း အကြောင်းအရင်းက အချင်းချင်း မသင့်မြတ်ဘဲနဲ့ လက်နက်ဆွဲကိုင်ပြီးတော့ တိုက်ခိုက်နေကြတာ၊ လက်နက်ကိုင်လမ်းစဉ်တွေ ရှိနေတဲ့အတွက်ကြောင့်မို့ ကြီးပွားသင့်သလောက် မကြီးပွားဘူး။ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘဲ ဖြစ်နေတာပါ။ အဲဒါကြောင့် ရွေးကောက်ပွဲက အရင်လုပ်ကို လုပ်သင့်ပါတယ်။ ပြီးရင် ငြိမ်းချမ်းရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူလရည်မှန်းထားသည့်အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပ၍ ပြည်သူက ရွေးကောက် တင်မြှောက်လိုက်သည့် အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က Peace Forum 2025 ဖွင့်ဖွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားထားသည်။ ကွန်းဈာန်