ရွေးကောက်ခံအစိုးရကို အာဏာလွှဲဖို့ တပ်မတော် ဆန္ဒရှိနေချိန်မှာ ရွေးကောက်ပွဲကို လက်ခံသင့်တယ်

နေပြည်တော်၊ ဇူလိုင် ၉
    လက်ရှိတရားဝင်အစိုးရတွင် အာဏာသုံးရပ်ရှိပြီး လုပ်ပိုင်ခွင့်များရှိသော်လည်း တိုင်းပြည်တာဝန်ကို ရွေးကောက်ခံအစိုးရအား ပြန်လည်လွှဲပြောင်းပေးချင်သည့် သဘောထားရှိခြင်းကြောင့် ရွေးကောက်ပွဲကို အလိုက်သင့် လက်ခံသင့်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်း ရေးမှူး(၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "အခုတပ်မတော်အနေနဲ့ သူလုပ်ချင်တယ်ဆိုရင် အာဏာသုံးရပ်က သူ့ဆီမှာရှိတယ်။ အကုန်လုပ် လို့ရတယ်။ နောက်တစ်ခု ရေရှည်ဆက်သွားချင်တယ်။ ရွေးကောက်ပွဲကို မလုပ်ဘဲ။ ၂၀၀၈ ကို အပြီးဖျက်သိမ်းမလား။ သူ့ဘာသာ ဆက်သွားလို့ရတဲ့ အနေအထားမှာရှိတယ်။ သူလုပ်လို့ရတယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံရေး အခြေအနေ၊ တိုင်းပြည် အခြေအနေကြည့်တဲ့အခါမှာ တပ်မတော်အနေနဲ့ အဲဒီလို ဆောင်ရွက်လိုက်ရင် လူထုအတွက်က ပေးဆပ်မှုတွေ အရမ်းများတယ်။ အသက်အိုးအိမ် စည်းစိမ်တွေ၊ တိုင်းပြည်အတွက် ထိခိုက်မှုတွေ အရမ်းများတဲ့အတွက် အဲဒီလမ်းကို သူ မရွေးဘူး။ ကျွန်တော်အဲဒီလို မြင်တယ်။ နောက်တစ်ခုက နစကအနေနဲ့ တိုင်းပြည်အာဏာကို လူထုဆီ ပြန်လွှဲချင်တဲ့ သဘောထား သူ့မှာရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို လုပ်မယ်။ အရပ်သားအစိုးရကို လွှဲပေးမယ်။ အဓိက တိုင်းပြည်ကာကွယ်ဖို့ လုပ်မယ်။ ဒါပေမဲ့ လောလော ဆယ်က ယုံကြည်မှုလေးတွေ အားနည်းနေသေးတာ တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားက တစ်ချိန်တုန်းက အနေအထားနဲ့ မတူဘူး။ အဲဒီလမ်းကို ဆက်ရွေးရင် တိုင်းပြည်ပို ဆိုးသွားမယ်။ လက်ရှိ တပ်မတော်ခေါင်း ဆောင်ကလည်း တိုင်းပြည်ဆိုးသွား မယ့်အခြေအနေမျိုးကို မလိုလားဘူးလို့ မြင်တယ်။ လာမယ့်ရွေးကောက်ပွဲက ကျွန်တော်တို့ လက်ခံပြီးမှ အလိုက်သင့်ပါသွားမယ်။ အရပ်သားအစိုးရမှာ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်က ပိုကောင်းသွားမယ်" ဟု ၎င်းကပြောသည်။ 
    ရွေးကောက်ပွဲ ပြုလုပ်ခြင်းအား ဖြင့် တိုင်းပြည်အတွက် ပိုမိုကောင်းမွန်သည့် အပြောင်းအလဲတစ်ခု ချက်ချင်းမဖော်ဆောင် နိုင်သော်လည်း လမ်းကြောင်းတစ်ခုအပေါ် ရောက်ရှိသွားနိုင်ကြောင်း စောခွန်ကျော်ဝင်းက သုံးသပ်ပြောဆိုသည်။ 
    "လာမယ့်လွှတ်တော်ထဲမှာက တိုင်းရင်းသားတွေဘက်ကရော၊ တပ်မတော် ဘက်ကရော အများစု ဒီမိုကရေစီ ဖက်ဒရယ်စနစ်နဲ့ သွားမယ်ဆိုတာ လက်ခံထားပြီးသား။ အဲဒီလမ်းကြောင်းပေါ်သွားတဲ့အခါကျတော့ ရွေးကောက်ပွဲနဲ့ အလိုက်သင့်သွားမယ်ဆိုရင်တော့ ချက်ချင်း အပြောင်းအ လဲကြီး မရရင်တောင် တိုင်းပြည်အတွက် ပိုကောင်းသွားမယ့် လမ်းကြောင်းပေါ် ရောက်သွားမယ်လို့ မြင်တယ်။ အရေးကြီးတာက လာမယ့် အစိုးရသစ်မှာ ခေါင်းဆောင် ဘယ်သူဖြစ်မလဲ။ အဲဒီပုဂ္ဂိုလ်က အရေးကြီးတယ်။ လူထုမဲပေးမယ့် ခေါင်းဆောင်ရဲ့ အရည်အချင်း၊ သူ့ရဲ့လုပ်ရပ် တိုင်းပြည်အပေါ် မှာထားတဲ့ သဘောထား၊ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေအပေါ်ထားတဲ့ သဘောထားတွေက တိုင်းပြည်အပြောင်းအ လဲဆိုတာ အဲဒီအပေါ်မှာ မူတည်တယ်"ဟု ၎င်းကဆိုသည်။ 
    လာမည့်ရွေးကောက်ပွဲအား ဆန့်ကျင်နေသူများ ရှိနေသော်လည်း နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲ ပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။ ကွန်းဈာန်

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46552

© 2022 - 2025 News. All Rights Reserved.