နေပြည်တော် ဇူလိုင် ၉
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်တစား မဲပေးမည့် လူထုထံ ရောက်အောင် သွားဖို့လိုပြီး မဲမပေးဘဲ ဆန့်ကျင်သူမှာ လူနည်းစုသာရှိကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ဧရာဝတီတိုင်းမှာ အောက်ခြေက လူထုနဲ့ပတ်သက်ရင် သွားလာကြတယ်။ သူ တို့ဖြစ်ချင်တာတွေ ပြောတယ်။ သူတို့လိုချင်တာလေးတွေ လုပ်ပေးနိုင်လားပေါ့။ ကျွန်မတို့ဘက်က ဖြည့်ဆည်းပေးနေတာ တွေရှိတယ်။ လုပ်ပေးနေတာတွေရှိတယ်။ အောင်မြင်တာ၊ မအောင်မြင်တာထား။ သူတို့ယုံ ကြည်တယ်။ မဲပေးရမှာက ပါတီအနေနဲ့ပဲ ပေးရမယ်။ လူပုဂ္ဂိုလ်မဟုတ်ဘူး။ ရှင်းပြထား ရသေးတယ်။ ကိုယ့်လူတွေ လျှောက်သွားပြီး ထိတွေ့ဆက်ဆံထားတဲ့ နေရာတွေကတော့ ယုံကြည်မှု ရှိတယ်။ တိုင်းရင်းသားတွေကလည်း အားကိုးချင်ကြတယ်။ ငါတို့တွေက အစိုးရတစ်ရပ်အနေနဲ့ဖြစ်ဖို့ သိပ်မရှိဘူး။ အဲဒီအထဲမှာ နေရာရလာခဲ့ရင်တော့ ပြည်သူ့ကောင်းကျိုးကို ပြန်တည်ဆောက်ဖို့ အဓိကထားပြီး လုပ်ရမယ်။ ဒါလေးတွေ ပြောဆိုပြီး ပြောတော့ ကျွန်မတို့ ဆင်းတဲ့နေရာတွေကတော့ ပြဿနာ သိပ်မရှိဘူး။ ယုံကြည်မှုရှိတယ်။ ပါတီဝင်တွေ ထပ်တိုးလာကြတယ်။ပညာတတ် လူတန်းစားကတော့ ဝေဖန်ပိုင်း ခြားတတ်တယ်။ အမြင်စောင်းပြီး မဲမပေးမယ့် လူတွေကလည်း ရှိသေးတယ်။ အဲဒါက တစ်ပိုင်း လူနည်းစုပါ။ ကျွန်မတို့ကတော့ မဲမပေးမယ့်လူကို လုံးဝမစဉ်းစားဘူး။ သူတို့ကတော့ အမြဲတမ်း ဆန့်ကျင်ဘက်ပဲ ဖြစ်နေမှာပဲ။ အောက် ခြေက လူထုဆီကိုတော့ များများသွားရလိမ့်မယ်။ ကျွန်မတို့ကလည်း သိပ်ဆင်းလို့ မရသေးဘူး။ သူတို့က လည်းခေါ်တယ်။ အားလုံးပါဝင်ကြိုးစားရမယ်။ အမတ်အလောင်းအလျာတွေကလည်း ကြိုးစားကြရမယ်။ လက်တွဲမလုပ်နိုင်သေးသည့်တိုင် အောင် သူတို့ဆီကိုသွားရင် ယုံကြည်တယ်။ ရောက်အောင်သွား ဖို့လိုတယ်။ ကျွန်မတို့ ရှစ်မြို့နယ်လောက်ရမယ်။ ဝမ်းပန်းတသာရှိ ကြတယ်။ သူတို့ယုံကြည်အောင် အဓိက တွေ့ဆုံဖို့လိုတယ်။ ရောက်အောင်သွားဖို့လိုတယ်။ ဒါက ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်"ဟု ၎င်းကပြောသည်။
ပြည်သူလူထု အနေဖြင့်လည်း လက်ရှိရင်ဆိုင်နေရသည့် အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် စွမ်းဆောင်ပေးနိုင်မည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပေးကြရန် လိုအပ်ကြောင်း နမ့်ခင်အေးဦးက ပြောသည်။
"အခုရွေးကောက်ပွဲလုပ်ပြီး ဖြစ်လာမယ့် အစိုးရကလည်း တာဝန်ကြီးတယ်။ လူထုရဲ့ပူးပေါင်း ကူညီမှုလည်း လိုတယ်။ တပ်မတော်ဘက်ကလည်း ပူးပေါင်းကူညီ ပါဝင်ပေးဖို့လိုတယ်။ ဟိုဘက်က လူတွေက ဘာတွေပြောလဲဆိုရင် ဒါဟာ နစကအစိုးရရဲ့ ထွက်ပေါက်လို့ ပြောကြတယ်။ ဒါက လူထုရဲ့ ထွက်ပေါက် ဒါမှ လူထုက အခုဖြစ်နေတဲ့ အကျပ်အတည်းကနေ ထွက်နိုင်မှာ။ ဒီလိုမှမဟုတ်ရင် နစက ကလည်း ဆက်လက် အုပ်ချုပ်နေမှာပဲ။ ရွေးကောက်ပွဲ မဖြစ်ရင်တော့ ဆက်ပြီး အုပ်ချုပ်နေရဦးမှာပဲလေ။ အဲဒီတော့ ဟိုအဖွဲ့တွေနဲ့လည်း ဆက်ပြီးတိုက်နေကြရမယ်။ ခံနေရမှာက လူထုပဲခံနေရမှာပဲ။ အဲဒီတော့ လူထုက ဒီရွေးကောက်ပွဲမှာ ကိုယ့်အမတ်တွေ ကိုယ်ရွေး။ အမတ်တွေ ဖြစ်လာမယ့် သူတွေကတော့ Target ဖြစ်နိုင်တာပေါ့။ သို့သော်လည်း အဲဒီလိုမှ မလှုပ်ရှား ရင်၊ မရုန်းကန်ရင် မရဘူးလေ"ဟု ၎င်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီအနေဖြင့် မူလရည်မှန်းထားသည့်အတိုင်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကျင်းပ၍ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။ ကွန်းဈာန်