ရွှေဝယ်ယူသူများအတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ အရည်အသွေးထောက်ခံချက် ထုတ်ပေးသွားရန် စီစဉ်နေ

ရန်ကုန်၊ ဇူလိုင် ၂၃
    ရွှေဝယ်ယူသူများ နစ်နာမှုမရှိစေရန်အတွက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်မှ အရည်အသွေးထောက်ခံချက် ထုတ်ပေးသွားရန် စီစဉ်နေသည်။
    X.ray ဖန်ချောင်းစက်ဖြင့် ဝယ်ယူထားသည့် ရွှေအရည်အသွေးများကို မကြာမီကာလအတွင်း စစ်ဆေးပေးသွားနိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။
    "ရွှေစပ်နှုန်းဟာ အပြင်စပ်ရာခိုင် နှုန်းအပြည့် ဖြစ်ရပါမယ်။ ဝယ်ယူစဉ်ဘောက် ချာမှာပါရှိတဲ့ ရွှေပါဝင်မှုနှုန်းနဲ့  ရွှေအရည်အသွေးအရ ပြည့်စုံမှု ရှိ၊ မရှိ စစ်ဆေးပေးမယ့် XRF machine X.ray ဖန်ချောင်း စက်နဲ့မကြာခင် စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌက ပြောပါသည်။
    အဆိုပါအစီအစဉ်ကို ရွှေဝယ်ယူသူများ နစ်နာမှုမရှိစေရေးအတွက် မကြာမီကာလအတွင်း စားသုံးသူကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
    ရွှေထည်မည်သည့်ပစ္စည်းကိုမဆို  ဘောက်ချာတွင် ပါဝင်သော ရွှေအမျိုးအစား၌ ရွှေအရည်အ သွေးစံချိန်စံညွှန်းအရ ပြည့်မီရမည်ဖြစ်‌ကြောင်း သိရသည်။
    ၁၅ ပဲရည်ရွှေဆိုပါက ၁၅ ပဲရည်၊ ၁၄ ပဲနှစ်ပြားဆိုပါက ၁၄ ပဲနှစ်ပြား၊ ဒုံးထည်ဆိုပါကလည်း ဒုံးထည် စသည့် ဘောက်ချာတွင်ပါသည့် သတ်မှတ်ရွှေအရည်အသွေး အတိုင်း ရှိရမည်ဖြစ်ကြောင်း သိရသည်။
    ယခုကဲ့သို့ စစ်ဆေးခြင်းများကို ရွှေဝယ်ယူသူများအနေဖြင့် သတ်မှတ်ကာလ စတင်ချိန်တွင် စတင်စစ်ဆေးခြင်းများ ပြုလုပ်သွားနိုင်မည်ဖြစ်ပြီး သတ်မှတ်ကာလ မတိုင်မီ ဝယ်ယူထားသည့် ရွှေထည်များကို စစ်ဆေးခြင်း ပြုလုပ်ပေးသွားမည် မဟုတ်ကြောင်း သိရသည်။
    ဇူလိုင်လကုန်ပိုင်းအတွင်း ရွှေအလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်ဖြစ်သော စနစ်သစ် Digital ချိန်ခွင်အသစ်တွေ အသုံးပြု၊ မပြုနှင့် ဘောက်ချာတွင်ပါရှိသည့် ရွှေအရည်အသွေး စံချိန်စံညွှန်း ပြည့်မီမှု ရှိ၊ မရှိ စသည်များကို ရွှေဆိုင်များ၌ စတင်ကွင်း ဆင်းစစ်ဆေးသွားရန်ရှိသည်။ (ဖြူ)

Total Views ~ 147

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53852

© 2022 - 2025 News. All Rights Reserved.